News @ M-Media

အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
M-Media

ဆန္ဒပြနေသည့် ဗင်နီဇွဲလားပြည်သူတစ်ဦး

– နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို သွားယူတဲ့ ပြည်သူတွေကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် မနေ့က အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး၊ သမ္မတ မာဒူရိုနဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေကလည်း ပိုမို မြင့်တက်လာပါတယ်။

ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် ကုလနဲ့ အနောက်နိုင်ငံတွေက အကူအညီတွေ ပေးပို့ထားပေမယ့် သမ္မတ မာဒူရိုက နယ်စပ်တွေကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးကားတွေ ၀င်ရောက်နိုင်ခြင်း မရှိပါဘူး။

မနေ့က နယ်စပ်မြို့ Santa Elena de Uairen မှာ ပြည်သူတစ်ချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘရာဇီးလ်ဖက်မှာရောက်နေတဲ့ အကူအညီတွေကို သွားယူဖို့ ကြိုးစားရာမှာ ဗင်နီဇွဲလား စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။

မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေငြာထားပြီး အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက နိုင်ငံအတွင်း သိန်းသန်းချီတဲ့ ပြည်သူတွေဟာ အကူအညီတွေ လိုအပ်တဲ့အတွက် ကိုလံဘီယာနဲ့ ဘရာဇီးလ်နယ်စပ်မှာ ရောက်နေတဲ့ စားနပ်ရိက္ခာကားတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ မာဒူရိုက ဒီအကူအညီပေးရေးဟာ သူ့ကိုဖြုတ်ချဖို့အတွက် အမေရိကန်ရဲ့ လှည့်ကွက်ဖြစ်တယ်လို့ ပြောထားတာပါ။

ဂွိုင်ဒိုက ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သူ့ကို သစ္စာခံဖို့လည်း တိုက်တွန်းထားပါတယ်။ နယ်စပ်မှာချထားတဲ့ စစ်သားတွေထဲက ၆၀ ကျော်လောက် ဘက်ပြောင်းလာကြတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ပြောကြားထားပြီး အများစုက အောက်ခြေစစ်သားတွေ ဖြစ်ပါတယ်။

အကူအညီတွေကို ၀င်ရောက်ခွင့်မပေးတဲ့အတွက် ဗင်နီဇွဲလားပြည်သူတွေက နယ်စပ်မြို့တွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ရှိနေပါတယ်။

သမ္မတမာဒီရိုက ကိုလံဘီယာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း စနေနေ့က ကြေငြာခဲ့ပြီး သံတမန်တွေ နိုင်ငံအတွင်းကနေ ချက်ခြင်းထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မနေ့ညပိုင်း ထောက်ခံသူတွေကိုပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတမာဒူရိုကို ဖြုတ်ချရေး နည်းလမ်းအားလုံးကို စဉ်စားထားကြောင်း တနင်္လာနေ့ ဘိုဂိုတာမှာ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ တွေ့ဆုံဖို့ရှိကြောင်း အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက ပြောကြားခဲ့ပါတယ်။

Ref: Aljazeera