News @ M-Media

Tag: Vietnam

  • စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    M-Media

    နိုင်ငံတော်လုံခြုံရေးကြောင့် ကန်တက္ကသိုလ်တစ်ခု တရုတ်နှင့် အဆက်အသွယ်ဖြတ်
    ———————–
    တရုတ်စစ်တပ်နဲ့ ပတ်သက်မှုရှိနိုင်တဲ့ Tianjin၊ Shenzhen တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန် နည်းပညာတက္ကသိုလ် Georgia Tech က ကြေငြာပါတယ်။ Georgia Tech ဟာ တရုတ်တက္ကသိုလ်တွေနဲ့ ကွန်ပျူတာချပ်စ် သုတေသနမှာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ အောက်လွှတ်တော်ကော်မတီက ဆုံးဖြတ်ကာ ဆက်ဆံရေး ရပ်ဆိုင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဗီယက်နမ်တိုင်ဖုန်း အပျက်အဆီးများမည်
    ————-
    တရုတ်တောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Yagi ဟာ ဒီကနေ့မှာတော့ ဗီယက်နမ်ဖက်ကို ၀င်ရောက်လာပါတယ်။ တစ်နာရီကို လေတိုက်နှုန်း ၁၄၉ ကီလိုမီတာရှိပြီး သစ်ပင်တွေ အမြစ်ကနေ ပြုတ်လဲတဲ့အထိ ပြင်းထန်ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီလို့ ဗီယက်နမ်က ထုတ်ပြန်ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်မှာ Yagi ကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    အမှိုက်ဗူဖောင်းများဖြင့် တောင်ကိုရီးယား တိုက်ခိုက်ခံနေရ
    —————-
    ပြီးခဲ့တဲ့ ၃ ရက်အတွင်း မြောက်ကိုရီးယားဟာ မြစ်ကြောင်းကနေတစ်ဆင့် အမှိုက်ဗူဖောင်း ၉၀၀ လောက် မျှောချခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ အမှိုက်တွေဟာ အများအားဖြင့် စက္ကူနဲ့ ပလက်စတစ်ပစ္စည်းတွေဖြစ်ပြီး လူထုအတွက် အန္တရာယ်မရှိပါဘူး။ မြောက်ကိုရီးယားကတော့ နယ်စပ်မှာ တောင်ကိုရီးယားဖက်က အသံချဲ့စက်နဲ့ ၀ါဒဖြန့်နေမှုကို လက်တုန့်ပြန်တာလို့ ထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    -ဗီယက်နမ်က အိမ်ခြံမြေလုပ်ငန်း သူဌေးမကြီး Truong My Lan ကို ကန်ဒေါ်လာ ၁၂ ဒဿမ ၄၆ ဘီလီယံ မသမာမှုနဲ့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ 

    Truong My Lan ဟာ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီ Van Thinh Phat Holdings Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ 

    ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဘဏ်လုပ်ငန်းဥပဒေ ချိုးဖောက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဟိုချီမင်းမြို့ တရားရုံးက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ 

    Truong My Lan ရဲ့ အမှုကို မတ်လ ၅ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး မျှော်မှန်းထားတာထက် မြန်မြန်ဆန်ဆန် ပြီးပြတ်ခဲ့တာပါ။ ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် Nguyen Phu Trong ကတိပြုထားတဲ့ ခြစားမှုတိုက်ဖျက်ရေးစီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

    ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုမို ရရှိဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရက အားထည့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

    ခြစားမှုနဲ့ ပတ်သက်ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေနဲ့ ထိပ်တန်းလုပ်ငန်းရှင်တစ်ချို့ကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလည်း ဗီယက်နမ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Reuters 

  • LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    LEGO ရဲ့ ဒေါ်လာ ၁ ဘီဘီယံတန် စက်ရုံ ဗီယက်နမ်မှာ စဆောက်

    နို၀င်ဘာ ၄၊ ၂၀၂၂

    M-Media 

    Khởi công xây dựng nhà máy LEGO 1,3 tỷ USD tại Bình Dương


    -ဒိန်းမတ်နိုင်ငံက နာမည်ကျော် ကလေးကစားစရာကုမ္ပဏီတစ်ခုဖြစ်တဲ့ LEGO ရဲ့ ကန်ဒေါ်လာ ၁ ဘီဘီယံ တန်ဖိုးရှိ စက်ရုံကို ဗီယက်နမ်နိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း Binh Duong ပြည်နယ်က စင်ကာပူနဲ့ ဖက်စက်တည်ဆောက်ထားတဲ့ စက်မှုဇုန်မှာ စက်ရုံတည်ရှိမှာပါ။ ဒီစက်ရုံဟာ LEGO ရဲ့ ကမ္ဘာတစ်၀ှမ်း ၆ ခုမြောက်စက်ရုံ ဖြစ်ပါတယ်။ အာရှမှာတော့ ဒုတိမြောက်ပါ။  

    မနေ့ကလုပ်တဲ့ စက်ရုံအုတ်မြစ်ချပွဲ အခမ်းအနားကို ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ 

    ဗီယက်နမ်အစိုးရရဲ့ ရေရှည်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိက၀တ်တွေ၊ နိုင်ငံတကာကုန်သွယ်ရေးမှာ ဗီယက်နမ်ရဲ့ ပုံရိပ်ကောင်းမွန်မှု၊ လိုအပ်တဲ့ လူစွမ်းအားအရင်းအမြစ် တည်ရှိမှု စတာတွေကြောင့် စက်ရုံတည်ဆောက်ဖို့ ဗီယက်နမ်ကို ရွေးချယ်ရတာလို့ LEGO လုပ်ငန်းစု စီအီးအို Niels B Christiansen က ပြောကြားခဲ့ပါတယ်။ 

    ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် ၁၅ နှစ်အတွင်း အလုပ်အကိုင် ၄၀၀၀ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    Ref:The Star

  • ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဇွန် ၂၉၊ ၂၀၂၂
    M-Media

    -ကိုဗစ်နောက်ပိုင်း ဗီယက်နမ်နိုင်ငံရဲ့ ၃ လပတ်စီးပွားရေး တိုးတက်မှုဟာ ၁၁ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

    အခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ဗီယက်နမ်ရဲ့ GDP ဟာ ၇.၇၂ အထိ မြင့်တက်ခဲ့ပြီး၊ ပို့ကုန်ကနေ ရရှိတဲ့ ၀င်ငွေကလည်း ၂၁ ရာခိုင်နှုန်း မြင့်တက်ကာ ကန်ဒေါ်လာ ၉၆.၈ ဘီလီယံ ရှိလာပါတယ်။

    ဗီယက်နမ်ဟာ အာရှမှာ ကုန်ထုတ်လုပ်မှု အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာပြီး ကိုဗစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာတောင် GDP ဟာ နှစ်စဥ် ၃ ရာခိုင်နှုန်း ပုံမှန် ရှိခဲ့ပါတယ်။

    အခုနှစ် နှစ်၀က် စီးပွားရေးတိုးတက်မှုဟာ ၆.၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်က ရှိခဲ့တဲ့ ၇ ရာခိုင်နှုန်းနဲ့ သိပ်မကွာတော့ဘူး။

    ဗီယက်နက် စာရင်းအင်း၀န်ကြီးဌာနက ငွေကြေးဖောင်းပွမှု၊ လောင်စာဆီစျေးတက်မှုနဲ့ သွင်းကုန်စျေးကြီးမြင့်မှုတို့ကို သတိထားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ကိုဗစ်ကာလ ၂ နှစ်တာပိတ်ထားပြီးတဲ့နောက် မတ်လအလယ်ပိုင်းမှာ ဗီယက်နမ်က နိုင်ငံကို ပြန်ဖွင့်ခဲ့ပြီး အာဏာပိုင်တွေကလည်း ၄ နှစ်အတွင် ဂျီဒီပီ ၆.၅ ရာခိုင်နှုန်း တိုးတက်လာဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

    Ref: CNA

  • ခရီးသွားမြို့တွင် ခွေးသား၊ ကြောင်သား ကင်းစင်ရမည်ဟု ဗီယက်နမ်ကတိပြု

    ခရီးသွားမြို့တွင် ခွေးသား၊ ကြောင်သား ကင်းစင်ရမည်ဟု ဗီယက်နမ်ကတိပြု

    ဒီဇင်ဘာ ၁၀၊ ၂၀၂၁
    M-Media

    ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ ကြောင်သားအရောင်းဆိုင်

    -ကုလသမဂ္ဂရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ခရီးသွားမြို့ Hoi An မှာ ခွေးသား၊ ကြောင်သား စားသုံးမှု ကင်းအောင် လုပ်​​ဆောင်သွားမယ်လို့ ဗီယက်နမ်က ကတိပြုပြောဆိုလိုက်ပါတယ်။

    ဗီယက်နမ်မှာ တစ်နှစ်ကို ခွေးအကောင်အရေ ၅ သန်းလောက် စားသုံးကြပြီး တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ခွေသားစားမှု ဒုတိယမြောက်အမြင့်ဆုံး တိုင်းပြည်ပါ။ ခွေးသားစားခြင်းဟာ ကံဆိုးမှုတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဗီယက်နမ်လူမျိုးတွေက ယုံကြည်ကြပါတယ်။

    ဆိပ်ကမ်းမြို့ Hoi An အာဏာပိုင်တွေက ခွေးသားနဲ့ ကြောင်သား ရောင်းချမှု၊ စားသုံးမှု ကင်းစင်​အောင် လုပ်ဆောင်မယ်လို့ နိုင်ငံတကာ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ Four Paws International နဲ့ ဒီကနေ့မှာ လက်မှတ်ရေးထိုး သဘောတူခဲ့ပါတယ်။

    “ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေး၊ ခွေးသား၊ ကြောင်သား ရောင်းချမှု တားဆီးရေးတွေကနေတစ်ဆင့် တိရစ္ဆာန်တွေ သာယာ၀ပြောရေး ကျွန်တော်တို့ ကူညီဆောင်ရွက်သွားမှာဖြစ်သလို ဒီမြို့ကို ခရီးသွားကဏ္ဍမှာ အဓိကနေရာတစ်ခု ဖြစ်လာရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယမြို့တော်ဝန် ငုယင်သီဟန်က ပြောပါတယ်။

    Four Paws International အဖွဲ့ တာဝန်ရှိသူ ဂျူလီဆန်းဒါက ဒီသဘောတူညီချက်ဟာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး၊ ဗီယက်နမ်က အခြားဒေသတွေလည်း အတုယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗီယက်နမ်မှာ ခွေးသား၊ ကြောင်သားစားသုံးမှုဟာ အရင်ကတည်းက ရှိလာတဲ့ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပါတယ်။ အခုနောက်ပိုင်း ကြောင်ကို အိမ်မွေးတိရစ္ဆာန်မွေးလာကြတဲ့အတွက် ကြောင်သားစားသုံးမှု လျော့သွားပေမယ့် မြို့တော်ဟနွိုင်းအပါအဝင် နိုင်ငံအနှံ့အပြားမှာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြဆဲ ဖြစ်ပါတယ်။

    Ref: Bangkok Post