News @ M-Media
Tag: West Hams
  • ၀က်စ်ဟမ်းနည်းပြသစ် ပထမဆုံးပွဲတွင် ဝေဖန်ခံရ
    ဇွန် ၃၊ ၂၀၁၅
    M-Media
    wh
    – ကွင်းဘေးရှိ နည်းပြထိုင်ခုံတွင် မထိုင်ဘဲ ပွဲကြည့်စဉ်မှ သွားရောက်ကြည့်ရှုခဲ့သည့် ၀က်စ်ဟမ်းအသင်းနည်းပြမှာ မိမိတို့အသင်းအား လေးစားမှုမရှိဘဲ စိတ်ကြီးဝင်သူဖြစ်သည်ဟု အန်ဒိုရာကလပ် Lusitans အသင်းနည်းပြ ဇာဗီ ရူရာက ပြောကြားခဲ့သည်။
    ယူရိုပါလိဂ် ပထမအဆင့် ခြေစစ်ပွဲ ပထမအကျော့အဖြစ် ယနေ့နံနက်က ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အိမ်ရှင်တို့က သက်တောင့်သက်သာ ကစားခဲ့ကာ ဆာခို၏ သွင်းဂိုး ၂ ဂိုး၊ ဂျိမ်းစ်တွမ်ကင်၏ သွင်းဂိုး ၁ ဂိုးဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
    ထိုပွဲမှာ နည်းပြ ဆာလ်ဗန် ဘီလစ်အနေဖြင့် ၀က်စ်ဟမ်းအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင် ကြီးကြပ်ခြင်း မပြုခဲ့ဘဲ အကယ်ဒမီမှ နည်းပြဖြစ်သူ တယ်ရီဝက်စ်လေအား တာဝန်ပေးကာ ၎င်းက ပွဲကြည့်စဉ်မှ ထိုင်ကြည့်ခဲ့သည်။
    ထို့ကြောင့် အန်ဒိုရာအသင်းငယ် Lusitans ၏ နည်းပြဖြစ်သူ ရူရာက ဒေါသထွက်ခဲ့ပြီး ဘီလစ်အား ဝေဖန်ခဲ့သည်။
    “အရန်ခုံမှာ မရှိတာဟာ ဆလာဗန် ဘီလစ် လေးစားမှုမရှိဘူးဆိုတာ ပြတာပါပဲ။ ကျွန်တော် စိတ်မကောင်းတော့ မဖြစ်ပါဘူး။ fair play ကို တီထွင်တဲ့နိုင်ငံမှာ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ သူက ကျွန်တော်တို့လိုအသင်းဟာ သူရှိဖို့ မလိုဘူးလို့ တွေးခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဆုဖလားတွေများကြီးများ ရခဲ့သလားဆိုပြီး ကျွန်တော် စဉ်းစားမိပါတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ ‘စပါယ်ရှယ်ဝမ်း’ လို့ ထင်ကောင်းထင်နေမှာပါ” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရူရာက ပြောကြားခဲ့သည်။
    ထို့ပြင် ၀က်စ်ဟမ်းကဲ့သို့ အသင်းမျိုးမှာ နောက်ထပ် ထိုကဲ့သို့ လုပ်မည်မဟုတ်ဟု အနည်းဆုံး မိမိ မျှော်လင့်မိကြောင်း၊ ဒုတိယအကျော့ အန်ဒိုရာတွင် ကစားမည့်ပွဲတွင် ဘီလစ်မှာ နည်းပြခုံတွင် ရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “နည်းပြတိုင်းက နည်းပြခုံမှာ မထိုင်ပါဘူး။ သူက (အိုင်ယာလန်) လေ့ကျင့်ရေးကမ့်ကနေ ခုမှ ပြန်ရောက်တာပါ။ ကျွန်တော်ကတော့ သူဟာ ပွဲကို လေးစားသမှုရှိတယ်၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေတယ်လို့ ထင်ပါတယ်။ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ သူဟာ အ၀တ်လဲခန်းထဲမှာ ရှိနေခဲ့ပါတယ်”
    Ref: Dailymail
  • လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး
    လန်ဒန်ရှိ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် လူတစ်ဦး ပြုတ်ကျသေဆုံး
    ဇွန် ၂၉၊ ၂၀၁၅
    M-Media
    london
    – ကမ္ဘာ့လား ရဘ်ဘီပြိုင်ပွဲ ကျင်းပရန်နှင့် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုရန် လန်ဒန်မြို့တွင် ဆောက်လုပ်နေသည့် အိုလံပစ်အားကစားကွင်းတွင် အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ထားလိုက်ပြီဟု သိရသည်။
    ပြုတ်ကျသေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း သေဆုံးကြောင်း အတည်ပြုခဲ့သည်။
    “ရဲတပ်ဖွဲ့ဝင်တွေကို တနင်္ဂနွေနေ့မနက် ၇ နာရီခွဲလောက်မှာ ကစားကွင်းက ဖုန်းခေါ်ခဲ့ပြီး လူတစ်ယောက် ကွင်းပေါ်ကနေ မြေကြီးပေါ်ပြုတ်ကျကာ သတိလစ်နေတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာနေရာကို ရောက်ရှိတဲ့အချိန်မှာ အဲဒီလူက မလှုပ်ရှားတော့ပါဘူး။ လန်ဒန်လူနာတင်ယာဉ်အဖွဲ့ ရောက်လာပြီး ၈ နာရီမထိုးခင်လောက်မှာ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်” ဟု လန်ဒန်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    အဆိုပါကွင်းအား ဆောက်လုပ်နေသော Balfour Beatty ကုမ္ပဏီကမူ အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုစစ်ဆးနေပြီး ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့အနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
    “ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ရပ်ထားပါတယ်။ သေဆုံးသွားသူရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ကြေကွဲရပါတယ်”
    အဆိုပါ အိုလံပစ်ဘောလုံးကွင်းမှာ စက်တင်ဘာနှင့် အောက်တိုဘာလတွင် ကမ္ဘာ့ဖလားရပ်ဘီပွဲ ၅ ပွဲကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
    Ref: Goal