ဇွန် ၃၊ ၂၀၁၅
M-Media
– ကွင်းဘေးရှိ နည်းပြထိုင်ခုံတွင် မထိုင်ဘဲ ပွဲကြည့်စဉ်မှ သွားရောက်ကြည့်ရှုခဲ့သည့် ၀က်စ်ဟမ်းအသင်းနည်းပြမှာ မိမိတို့အသင်းအား လေးစားမှုမရှိဘဲ စိတ်ကြီးဝင်သူဖြစ်သည်ဟု အန်ဒိုရာကလပ် Lusitans အသင်းနည်းပြ ဇာဗီ ရူရာက ပြောကြားခဲ့သည်။
ယူရိုပါလိဂ် ပထမအဆင့် ခြေစစ်ပွဲ ပထမအကျော့အဖြစ် ယနေ့နံနက်က ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အိမ်ရှင်တို့က သက်တောင့်သက်သာ ကစားခဲ့ကာ ဆာခို၏ သွင်းဂိုး ၂ ဂိုး၊ ဂျိမ်းစ်တွမ်ကင်၏ သွင်းဂိုး ၁ ဂိုးဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထိုပွဲမှာ နည်းပြ ဆာလ်ဗန် ဘီလစ်အနေဖြင့် ၀က်စ်ဟမ်းအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင် ကြီးကြပ်ခြင်း မပြုခဲ့ဘဲ အကယ်ဒမီမှ နည်းပြဖြစ်သူ တယ်ရီဝက်စ်လေအား တာဝန်ပေးကာ ၎င်းက ပွဲကြည့်စဉ်မှ ထိုင်ကြည့်ခဲ့သည်။
ထို့ကြောင့် အန်ဒိုရာအသင်းငယ် Lusitans ၏ နည်းပြဖြစ်သူ ရူရာက ဒေါသထွက်ခဲ့ပြီး ဘီလစ်အား ဝေဖန်ခဲ့သည်။
“အရန်ခုံမှာ မရှိတာဟာ ဆလာဗန် ဘီလစ် လေးစားမှုမရှိဘူးဆိုတာ ပြတာပါပဲ။ ကျွန်တော် စိတ်မကောင်းတော့ မဖြစ်ပါဘူး။ fair play ကို တီထွင်တဲ့နိုင်ငံမှာ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ သူက ကျွန်တော်တို့လိုအသင်းဟာ သူရှိဖို့ မလိုဘူးလို့ တွေးခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဆုဖလားတွေများကြီးများ ရခဲ့သလားဆိုပြီး ကျွန်တော် စဉ်းစားမိပါတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ ‘စပါယ်ရှယ်ဝမ်း’ လို့ ထင်ကောင်းထင်နေမှာပါ” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရူရာက ပြောကြားခဲ့သည်။
ထို့ပြင် ၀က်စ်ဟမ်းကဲ့သို့ အသင်းမျိုးမှာ နောက်ထပ် ထိုကဲ့သို့ လုပ်မည်မဟုတ်ဟု အနည်းဆုံး မိမိ မျှော်လင့်မိကြောင်း၊ ဒုတိယအကျော့ အန်ဒိုရာတွင် ကစားမည့်ပွဲတွင် ဘီလစ်မှာ နည်းပြခုံတွင် ရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဝက်စ်ဟမ်းအကယ်ဒမီနည်းပြ ၀က်စ်လေကမူ ထိုဝေဖန်မှုအတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။
“နည်းပြတိုင်းက နည်းပြခုံမှာ မထိုင်ပါဘူး။ သူက (အိုင်ယာလန်) လေ့ကျင့်ရေးကမ့်ကနေ ခုမှ ပြန်ရောက်တာပါ။ ကျွန်တော်ကတော့ သူဟာ ပွဲကို လေးစားသမှုရှိတယ်၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်နေတယ်လို့ ထင်ပါတယ်။ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ သူဟာ အ၀တ်လဲခန်းထဲမှာ ရှိနေခဲ့ပါတယ်”
Ref: Dailymail
Leave a Reply
You must be logged in to post a comment.