News @ M-Media

Tag: worldcup-2014

  • အိမ်ပြန်ခရီး ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်း အောင်ပွဲခံအပြီး ချန်ပီယံ ဖလား အနည်းငယ်ပဲ့သွား

    ဇူလိုင် ၂၁ ၊ ၂၀၁၄
    M-Media
    436968_heroa
    – ကမ္ဘာ့ဖလားရရှိခဲ့သည့် ဂျာမနီအသင်း အိမ်ပြန်ရောက်ပြီးနောက် အောင်ပွဲခံရာတွင် ကမ္ဘာ့ဖလားမှာ အနည်းငယ်ပဲ့သွားခဲ့သည့်ဟု ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီမှာ အာဂျင်တီးနားအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် သမိုင်းတစ်လျှောက် စတုတ္တအကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ အောင်ပွဲရရှိလာသည့် ဂျာမနီအသင်းအား ဂျာမန်ပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ဂျာမနီအသင်းမှာ ဘာလင်မြို့ကိုလှည့်ပတ် အောင်ပွဲခံကာတစ်နေရာအရောက်တွင် ကမ္ဘာ့ဖလားမှ အစိတ်အပိုင်းတစ်ခု ကွာကျခဲ့သည်။ သို့သော်လည်း မည်သူ့ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့သည်ဟု မသိရှိရပေ။

    “တစ်နေရာအရောက်မှာ ကမ္ဘာ့ဖလားက အပိုင်းအစလေးတစ်ခု ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒါကို ပြန်ကောင်းအောင်လုပ်ပေးနိုင်တဲ့ စပါယ်ရှယ်လစ်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဖလားကို ဘယ်သူပျက်ဆီးအောင်လုပ်တယ်ဆိုတာ တိတိကျကျသိရဖို့ စုံးစမ်းခဲ့ပါတယ်။ ဒါပေမယ့် အဖြေမထွက်ဘဲနဲ့ စုံစမ်းမှုက အဆုံးသတ်သွားခဲ့ပါတယ်” ဟု DFB  ဥက္ကဌ ၀ုလ်ဖ်ဂန် နီယာစ်ဘက်ခ်ျက ပြောကြားခဲ့သည်။

    ဂျာမနီမှရရှိသော ကမ္ဘာ့ဖလားမှာ အစစ်မဟုတ်ဘဲ ယူရို ၁၀ သန်းတန်သည့် ကမ္ဘာ့ဖလားအစစ်၏ ပုံတူသာဖြစ်သည်။ ယခင်ကမ္ဘာ့ဖလား Jules Rimet trophy မှာ သူခိုးများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဘရာဇီးလ်၌ အခိုးခံခဲ့ရပြီးနောက် အနိုင်ရရှိသူအား ကမ္ဘာ့ဖလားအစစ်ကို ဖီဖာမှ ပေးအပ်ခြင်းမပြုတော့ဘဲ ပုံတူကိုသာ ပေးအပ်လေ့ရှိသည်။

  • ကမ္ဘာ့ဖလားမှ ရရှိခဲ့သည့် ဆုကြေးအား ဘရာဇီးလ် ကလေးငယ်များ အတွက် အိုဇေးလ် လှူဒါန်း

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    433709_heroa
    – ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှ အလယ်တန်းကစာသမား မီဆု အိုဇေးလ်မှာ ပြိုင်ပွဲမှ ၎င်းရရှိခဲ့သည့် ဆုကြေးငွေ ယူရို ၃ သိန်းကို နားမကျန်းဖြစ်နေသူ ဘရာဇီးလ်ကလေးငယ် ၂၃ ဦးအား ခွဲစိတ်ကူသရန်အတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဂျာမနီအသင်း၏ အဓိက ကစာသမားဖြစ်သည့် အိုဇေးလ်မှာ ပြိုင်ပွဲမစခင်ကပင် ဘရာဇီးလ် ကလေးငယ် ၁၁ ဦးအတွက် လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး၊ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းသား ၂၃ ဦးနှင့် ကိုက်ညီစေရန်အတွက် နောက်ပိုင်းတွင် ၁၂ ဦး ထပ်မံဖြည့်စွက် ခဲ့ခြင်းဖြစ်သည်။

    အိုဇေးလ်ကမူ ထိုကဲ့သို့လှူဒါန်ခဲ့ခြင်းမှာ ဘရာဇီးလ်ပြည်သူများအား ကျေးဇူတင်သည့်သဘော ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားမတိုင်ခင်က နာမကျန်းတဲ့ကလေးငယ် ၁၁ ဦး ခွဲစိတ်ဖို့အတွက် ကျွန်တော်ထောက်ပံ့ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတာဟာ ကစားသမား ၁၁ ဦး ကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကြောင့်ဖြစ်တဲ့အတွက် ကျွန်တော် ထောက်ပံ့ပေးမယ့် ကလေးအရေအတွက်ကို ၂၃ ဦး တိုးမြှင့်လိုက်တာပါ။ ဒါဟာ ဘရာဇီးလ်ပြည်သူတွေရဲ့ ဖော်ရွေမှုအတွက် ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုပါပဲ” ဟု အိုဇေးလ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းသား တစ်ဦးချင်းဆီမှာ ဆုကြေးငွေ ယူရို ၃ သိန်းရရှိခဲ့ကြသည်။

  • ဆွာရက်ဇ်၏ ပြစ်ဒဏ်မှာ ပြင်းထန်သော်လည်း မှန်ကန်သည်ဟု ဘလတ္တာဆို

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media

    429735_heroa

    – ကမ္ဘာ့ဖလားအုပ်စုပွဲတွင် အီတလီနောက်ခံလူ ချီလီနီအား ကိုက်ခဲ့မှုကြောင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ဘောလုံးကစားခွင့် ၄ လ ပိတ်ပင်ခဲ့ခြင်းမှာ ပြင်းထန်သော်လည်း မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။

    “ဘောလုံးသမားတစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီပြစ်ဒဏ်ဟာ အရမ်းပြင်းထန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဖီဖာဥက္ကဌတစ်ဦးအနေနဲ့ဆိုရင်တော့ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံရပါမယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်းမှ ဘာစီလိုနာသို့ ယူရို ၉၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည့် ဆွာရက်ဇ်မှာ ဘောလုံးကစားခွင့်အပြင် ကွင်းအတွင်းသို့ဝင်ရောက်ခြင်း၊ လေ့ကျင့်ခန်းဆင်းခြင်းနှင့် ဘောလုံးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုအားလုံးကို ၄ လအတွင်း လုံးဝ ဆောင်ရွက်ခွင့်ရမည်မဟုတ်ချေ။

    ဘလတ္တာကမူ ဆွာရက်ဇ်အနေဖြင့် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ယခင်က ပြသခဲ့သည့် နည်းစနစ်ပိုင်းကျွမ်းကျင်မှု နှင့် ဘောလုံးစွမ်းရည်များကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • တိုက်စစ်မှူးများ အခွင့်အရေး အသုံး မချနိုင်ခဲ့၍ ကမ္ဘာ့ဖလား ချန်ပီယံဆု လွဲခဲ့ရဟု မက်ဆီပြော

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    435095_heroa
    – ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းမှာ တိုက်စစ်မှူးများ အဆုံးသတ်မသေချာခြင်းနှင့် ဆီးမီးဖိုင်နယ်ကစားပြီးနောက် နားချိန် တစ်ရက်လျော့ခြင်း စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။

    ထိုပွဲတွင် အာဂျင်တီးနားအသင်း၏ ကစားသမားများဖြစ်ကြသည့် ဟီဂူအင်၊ ပလာစီယိုနှင့် မက်ဆီတို့မှာ အကောင်းဆုံးအခွင့်အရေး တစ်ကြိမ်စီရရှိခဲ့ကြသော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရခဲ့ဘဲ ဂေါ့ဇီ၏ အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်းအား အရှုံးပေးခဲ့ရသည်။

    မက်ဆီကမူ မိမိတို့မှာ ထိုအခွင့်အရေးများကို အသုံးချနိုင်ခဲ့သင့်ပြီး ပိုကောင်းသည့် အခြေအနေနှင့် ထိုက်တန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်ခဲ့ပြီး ဒါကြောင့်လည်း ကျွန်တော်တို့ ၀မ်းနည်းရတာပါ။ တိုက်စစ်မှူးတွေကလည်း ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအတွက် ကမ္ဘာ့ဖလားကို မယူပေးနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ခံစားခဲ့ရပါတယ်” ဟု မက်ဆီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာမနီအသင်းမှာ ဆီးမီးဖိုင်နယ်အား ၁ ရက်စောကစားခဲ့ရပြီး နားချိန် ၂၄ နာရီပိုရခဲ့ခြင်းက အချိန်ပိုကစားရာတွင် သက်ရောက်မှုရှိခဲ့သည်ဟု မက်ဆီက ထပ်လောင်းပြောကြားခဲ့သည်။

  • ကမ္ဘာ့ဖလား ရခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဟု အနိုင်ဂိုးရှင် ဂေါ့ဇီဆို

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media
    435110_heroa
    – အချိန်ပိုတွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းကာ ဂျာမနီအသင်းအား ကမ္ဘာ့ဖလားရရှိစေရန် ကူညီပေးနိုင်ခဲ့ခြင်းမှာ မိမိ၏ အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့ခြင်းဟု ဂျာမနီ လူငယ်တိုက်စစ်မှူး ဂေါ့ဇီက ပြောကြားလိုက်သည်။

    အာဂျင်တီးနားနှင့်ကစားခဲ့သည့် ထိုပွဲတွင် ဂျာမနီအသင်းမှာ ပွဲချိန်အတွင်း ဂိုးရနိုင်သည့် အခွင့်အရေးတစ်ချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သောကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ကလိုဆေးအစား လူစားဝင်လာသော ဂေါ့ဇီက အချိန်ပို ဒုတိယပိုင်း ၁၁၃ မိနစ်တွင် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “မယုံနိုင်စရာ ခံစားမှုပါပဲ။ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ကျွုန်တော်တို့အတွက်တော့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာပါ။ အသင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပြီး ဘရာဇီးလ်မှာဖြစ်ခဲ့တဲ့ အရာအားလုံးအတွက် သိပ်ကိုပျော်ရွှင်မိပါတယ်” ဟု ဂေါ့ဇီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းရှိ ကစားသမားတိုင်းမှာ ဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်း၊ ကမ္ဘာ့ဖလားကို ရရှိခဲ့သည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း ဂေါ့ဇီက ထည့်သွင်းပြောကြားခဲ့သည်။ ဂေါ့ဇီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းအတွက် ၆ ပွဲကစားပေးကာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂျာမနီအသင်း၏ ယခုကမ္ဘာ့ဖလားမှာ ၄ ကြိမ်မြောက်ရရှိခဲ့သည့် ကမ္ဘာ့ဖလားလည်းဖြစ်သည်။