ဇူလိုင် ၂၁ ၊ ၂၀၁၄
M-Media
– ကမ္ဘာ့ဖလားရရှိခဲ့သည့် ဂျာမနီအသင်း အိမ်ပြန်ရောက်ပြီးနောက် အောင်ပွဲခံရာတွင် ကမ္ဘာ့ဖလားမှာ အနည်းငယ်ပဲ့သွားခဲ့သည့်ဟု ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB က ပြောကြားလိုက်သည်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီမှာ အာဂျင်တီးနားအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် သမိုင်းတစ်လျှောက် စတုတ္တအကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ အောင်ပွဲရရှိလာသည့် ဂျာမနီအသင်းအား ဂျာမန်ပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ဂျာမနီအသင်းမှာ ဘာလင်မြို့ကိုလှည့်ပတ် အောင်ပွဲခံကာတစ်နေရာအရောက်တွင် ကမ္ဘာ့ဖလားမှ အစိတ်အပိုင်းတစ်ခု ကွာကျခဲ့သည်။ သို့သော်လည်း မည်သူ့ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့သည်ဟု မသိရှိရပေ။
“တစ်နေရာအရောက်မှာ ကမ္ဘာ့ဖလားက အပိုင်းအစလေးတစ်ခု ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒါကို ပြန်ကောင်းအောင်လုပ်ပေးနိုင်တဲ့ စပါယ်ရှယ်လစ်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဖလားကို ဘယ်သူပျက်ဆီးအောင်လုပ်တယ်ဆိုတာ တိတိကျကျသိရဖို့ စုံးစမ်းခဲ့ပါတယ်။ ဒါပေမယ့် အဖြေမထွက်ဘဲနဲ့ စုံစမ်းမှုက အဆုံးသတ်သွားခဲ့ပါတယ်” ဟု DFB ဥက္ကဌ ၀ုလ်ဖ်ဂန် နီယာစ်ဘက်ခ်ျက ပြောကြားခဲ့သည်။
ဂျာမနီမှရရှိသော ကမ္ဘာ့ဖလားမှာ အစစ်မဟုတ်ဘဲ ယူရို ၁၀ သန်းတန်သည့် ကမ္ဘာ့ဖလားအစစ်၏ ပုံတူသာဖြစ်သည်။ ယခင်ကမ္ဘာ့ဖလား Jules Rimet trophy မှာ သူခိုးများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဘရာဇီးလ်၌ အခိုးခံခဲ့ရပြီးနောက် အနိုင်ရရှိသူအား ကမ္ဘာ့ဖလားအစစ်ကို ဖီဖာမှ ပေးအပ်ခြင်းမပြုတော့ဘဲ ပုံတူကိုသာ ပေးအပ်လေ့ရှိသည်။
Leave a Reply
You must be logged in to post a comment.