News @ M-Media

Tag: worldcup-2022

  • အာရပ်ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်နဲ့ ဂုဏ်ပြုခံရတဲ့ မက်ဆီ

    အာရပ်ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်နဲ့ ဂုဏ်ပြုခံရတဲ့ မက်ဆီ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၂

    M-Media

    -မနေ့က ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်နီးနားကို ဆုချီးမြှင့်ရာမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ မက်ဆီကို ၀တ်ရုံတစ်ခု ခြုံပေးခဲ့ပါတယ်။ 

    အဲဒီ၀တ်ရုံရှည်ကို ‘ဘစ်ရှ်သ်’ (Bisht) လို့ခေါ်ပြီး အာရပ်ရိုးရာ ၀တ်စားဆင်ယင်မှုတစ်ခုပါ။ 

    Bhist ကို ဘုရင်၊ အစိုးရအကြီးအကဲ၊ စော်ဘွား၊ အိမ်ရှေ့မင်းသား စသဖြင့် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက  ထူးခြားတဲ့အခမ်းအနားတွေမှာ ၀တ်ဆင်ကြတာပါ။

    အဖြူရောင်၊ အနက်ရောင် ပိတ်စရှည်တွေကို ရွှေနားကွပ်ထားတဲ့ Bhist ၀တ်ရုံဟာ လေးစားတန်ဖိုးထားမှု၊ ဂုဏ်ပြုမှု၊ ချီးကျူးထောပနာပြုမှု စတဲ့ အဓိပ္ပါယ်တွေကို ဖော်ကြူးပါတယ်။ 

    အာရပ်ရိုးရာအရ ဒီလို၀တ်ရုံမျိုး ချီးမြှင့်တာဟာ အမြင့်ဆုံးအဆင့် ဂုဏ်ပြုမှုလည်း ဖြစ်ပါတယ်။ 

    ကာတာ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဟာဆန် အလ်-သာ၀ါဒီက ဒီ၀တ်ရုံ၀တ်ပေးမှုအတွက် အခုလို မှတ်ချက်ပေးပါတယ်။ 

    “ဒီ၀တ်စုံကို ပွဲလမ်းဘသင်တွေမှာ ၀တ်ကြတယ်။ အောင်မြင်မှုကို ဖော်ကြူးတဲ့ အထိမ်းအမှတ်နဲ့လည်း ၀တ်ကြပါတယ်။ အခုလို ၀တ်ပေးတာဟာ မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတာပါ။ ကမ္ဘာ့ဖလားမှာ အာရပ်ယဥ်ကျေးမှုကို ချပြဖို့ အခွင့်အရေးရခဲ့တယ်။ ကာတာတစ်နိုင်ငံတည်းအတွက်မဟုတ်ဘဲ အာရပ်ကမ္ဘာရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်”

    Ref: Aljazeera

  • ပေါင် ၂ သောင်းကျော်ပေးပြီး ရစ်ချာလီဆန်ကို တက်တူးဖျက်ခိုင်းတဲ့ နေးမာ

    ပေါင် ၂ သောင်းကျော်ပေးပြီး ရစ်ချာလီဆန်ကို တက်တူးဖျက်ခိုင်းတဲ့ နေးမာ

    -ရစ်ချာလီဆန်ရဲ့ နောက်ကျောမှာ ထိုးထားတဲ့ သူ့ပုံတက်တူးကို ပြန်ဖျက်ဖို့အတွက် နေးမာဟာ ပေါင်း ၂၆၀၀၀ ပေးခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ 

    ရစ်ချာလီဆန်ဟာ ကျောကုန်းမှာ ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒို၊ နေးမာနဲ့ သူ့ရဲ့ပုံ ဆေးမင်ကြောင် ထိုးခဲ့ပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှင့်တင်ခဲ့ပါတယ်။

    နေးမာက သူ့ပုံပါ၀င်နေတဲ့အတွက် စိတ်ဆိုးခဲ့ပြီး ရစ်ချာလီဆန်ကို ပေါင် ၂၆၀၀၀ ပေးကာ ပြန်ဖျက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီရာမှာလည်း နေးမာက ရစ်ချာလီဆန်ကို ဘလော့ခဲ့ပါတယ်။ 

    နေးမာနဲ့ ရစ်ချာလီဆန်ဘက်က ဒီသတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ 

    Ref: Football London

  • ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားပါပြီ

    ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားပါပြီ

    ကမ္ဘာ့ဖလားကို ၀င်ကစားတဲ့ ၁၆ နှစ်တာကာလမှာ ကျွန်တော်ဟာ ကစားသမားကောင်းတွေနဲ့ တွဲကစားခွင့်ရခဲ့ပြီး၊ သန်းပေါင်းများစွာသော ပေါ်တူဂီပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်တော့်ဖက်က အစွမ်းကုန် ပေးဆပ်ခဲ့တယ်။ ကွင်းထဲမှာ ရေကုန်ရေခန်းကစားတယ်။ ရှိုထားတယ်ဆိုတာမရှိဘူး။ ကမ္ဘာ့ဖလားအိပ်မက်ကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီအိပ်မက်ဟာ အခုတော့ အဆုံးသတ်သွားပါပြီ။

    (ခရစ္စတီယာနို ရော်နယ်ဒို – ပေါ်တူဂီတိုက်စစ်မှူး) 

  • နိုင်ငံအသင်းအတွက် ကစားပေးဖို့ မသေချာတော့ပါဘူး

    နိုင်ငံအသင်းအတွက် ကစားပေးဖို့ မသေချာတော့ပါဘူး

    နိုင်ငံအသင်းအတွက် ကစားပေးဖို့ ကျွန်တော် တံခါးဖွင့်ထားဆဲပါ။ ဒါပေမယ့် ရာနှုန်းပြည့် မသေချာပါဘူး။ ကျွန်တော့်အတွက်၊ နိုင်ငံအသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ကျွန်တော် စဥ်းစားရပါတော့မယ်။ 

    (နေးမာ – ဘရာဇီးလ်တိုက်စစ်မှူး)

    ဘရာဇီးလ်အသင်းဟာ မနေ့ကခ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ၅ ကြိမ်မှာ ၄ ကြိမ်မြောက် ကွာတားဖိုင်နယ်က ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

  • ကာတာမှာ လုံခြုံအေးချမ်းမှုကို ခံစားနေရတဲ့ အနောက်တိုင်း အမျိုးသမီးများ

    ကာတာမှာ လုံခြုံအေးချမ်းမှုကို ခံစားနေရတဲ့ အနောက်တိုင်း အမျိုးသမီးများ

    ဒီဇင်ဘာ ၄၊ ၂၀၂၂

    M-Media 


    – လက်ရှိကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက် ၀ေဖန်ပြစ်တင်မှု အခံရဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

    အဲဒီ၀ေဖန်မှုတွေထဲက တစ်ခုကတော့ အမျိုးသမီး အခွင့်အရေးပါ။ ကာတာအပါအ၀င် ပင်လယ်ကွေ့က ရှေးရိုးစွဲ အာရပ်နိုင်ငံတွေဟာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချုပ်ချယ်တယ်ဆိုတဲ့ အမြင်တွေ အနောက်တိုင်းမှာ ပြန့်နှံ့နေပါတယ်။

    အမျိုးသမီးတွေ တစ်ယောက်တည်း အပြင်ထွက်လို့မရဘူး၊ အာရပ်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ မလုံခြုံဘူး၊ ဘာသာရေးစည်းကမ်းတွေနဲ့ အမျိုးသမီးကို ချုပ်ခြယ်ထားတယ် ဆိုတာမျိုးတွေပါ။ 

    ကမ္ဘာ့ဖလားကို သွားရောက်ကြည့်ရှုနေကြတဲ့ ကမ္ဘာတစ်၀ှမ်းက အမျိုးသမီးပရိတ်သတ်တွေက ဒီလို ကောလဟာလတွေဟာ အမှန်မဟုတ်ဘဲ၊ ကာတာဟာ အခြားနိုင်ငံတွေထက်စာရင် အမျိုးသမီးတွေအတွက် ပိုမိုလုံခြုံ စိတ်ချရတယ်လို့ ဖွင့်ဟလာပါတယ်။

    “အရှေ့အလယ်ပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ တကယ်လက်တွေ့အခြေအနေက အရမ်းကွာပါတယ်။ မြို့ထဲမှာ ညဥ့်နက်သန်းခေါင် လမ်းသွားရတာက အစပေါ့။ အမေရိကန်မှာဆို ဒါမျိုး သွားလို့လာလို့ အဆင်မပြေဘူး” လို့ အမေရိကန်ပရိတ်သတ် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး အန်ဒရီယာ အမ်က ပြောပါတယ်။ 

    အုပ်စုပွဲ တော်တော်များများနဲ့ ရှုံးထွက်ပွဲစဥ်တွေဟာ ကာတာစံတော်ချိန် ည ၁၀ နာရီမှာ ကစားတာကြောင့် ဘောလုံးပွဲပြီးတဲ့အချိန်မှာ ညဉ့်သန်းခေါင်ဖြစ်နေပါပြီ။ အမျိုးသမီးပရိတ်သတ်တွေအတွက် ကာတာမှာ ဒါက ပြဿနာမဟုတ်ပါဘူး။

    တောင်အာဖရိက ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဂျွိုင်း အန်ကူနာက ကာတာဟာ သူ့မိခင်နိုင်ငံထက်ပိုပြီး လုံခြုံတယ်လို့ မှတ်ချက်ပေးပါတယ်။

    “တောင်အာဖရိကမှာက ရာဇ၀တ်မှု တော်တော်များတယ်။ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အရမ်းများပါတယ်”

    တောင်အာဖရိကဟာ အမျိုးသမီး ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တစ်ခုပါ။ အခုနှစ် ဇူလိုင်ကနေ စက်တင်ဘာအထိ ၃ လအတွင်း တောင်အာဖရိကမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပါတယ်။ 

    တောင်အာဖရိကမှာ နေ၀င်တာနဲ့ အမျိုးသမီးတွေအတွက် မလုံခြုံတော့ဘူးလို့ အသက် ၃၉ နှစ်အရွယ် အန်ကူနာက ပြောပါတယ်။ 

    “မှောင်တာနဲ့ အမျိုးသမီးတွေဟာ အဖော်မပါဘဲ အပြင်ထွက်လို့ မရတော့ဘူး။ အရမ်း အန္တရာယ်များပါတယ်။ ဒီမှာဆို ကျွန်မနဲ့ ကျွန်မသမီး မနက် ၃ နာရီလောက်အထိ ပတ်နေတာ။ ဘယ်သူကမှ မနှောက်ယှက်ဘူး။ စူးစူး၀ါး၀ါး အကြည့်မျိုးနဲ့တောင် မကြည့်ကြပါဘူး”

    နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ အညွှန်းကိန်း Numbeo Crime Index အရ ကာတာဟာ ကမ္ဘာမှာ ဒုတိယမြောက် အလုံခြုံဆုံးတိုင်းပြည် ဖြစ်ပါတယ်။

    ကိုလံဘီယာကနေ အမျိုးသမီးနှစ်ယောက်နဲ့အတူ ကမ္ဘာ့ဖလားပွဲလာကြည့်တဲ့ အသက် ၃၃ နှစ်အရွယ် ဘရာဇီးလ်ပရိတ်သတ် တာတီယာနာ လိုပက်ဇ်က ကာတာမှာ အမျိုးသားတွေဟာ ယဥ်ကျေးဖော်ရွေကြတယ်လို့ ဆိုပါတယ်။ 

    “လူမြင်ကွင်းမှာ (အမျိုးသမီးတွေထက်) အမျိုးသားတွေကို ပိုမြင်ရတာတစ်ခုကတော့ ကိုလံဘီယာနဲ့စာရင် ထူးခြားတယ်။ ဒါပေမယ့် သူတို့အားလုံး အမျိုးသမီးတွေကို လေးစားသမှု ရှိကြပါတယ်”

    ကိုလံဘီယာမှာ ပစ္စည်းတွေ အလစ်သုတ်ခံရမှာ၊ ပျောက်မှာ စိုးရိမ်ရသလောက် ကာတာမှာ ဒါမျိုးသောကတွေ မရှိဘူးလို့ လိုပက်ဇ်က ဆိုပါတယ်။ 

    “ဒီမှာက လုမယ့်ယက်မယ့်ရန် မကြောက်ရတော့ လွယ်အိတ်လွယ်၊ ဖုန်းကို အိပ်ကပ်ထဲထည့်ပြီး လျှောက်သွားနေတာပဲ”

    အရင်ကတည်းက လုံခြုံ

    ———————-

    ကာတာမှာ နေထိုင်နေတဲ့ အမျိုးသမီးတွေကတော့ ကမ္ဘာ့ဖလားကျင်းပမှာမိုလို့ လုံခြုံရေးကို ပိုမိုဂရုစိုက်ထားတာမဟုတ်ဘဲ အရင်ကတည်းက ဒီအတိုင်းပဲလို ပြောပါတယ်။ 

    “ပုရိသဖြစ်မှ လုံခြုံတယ်ဆိုတာမျိုး ကာတာမှာ တစ်ခါမှ မခံစားရဖူးဘူး” လို့ အသက် ၃၂ နှစ်အရွယ် အီသီယိုးပီးယားအမျိုးသမီး ခတီဂျာ ဆူလိုင်မန်က ပြောပါတယ်။ 

    သူမဟာ ကာတာမှာနေထိုင်နေတာ ၁၀ နှစ်လောက် ရှိနေပါပြီ။ 

    ကမ္ဘာ့ဖလားကြောင့် လုံခြုံရေး၀န်ထမ်းတွေ ပိုချထားပေမယ့် သူမနေထိုင်လာတဲ့သက်တမ်းတစ်လျှောက် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ လုံခြုံရေးစိုးရိမ်ရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူးလို့ ခတီဂျာက ဆိုပါတယ်။ 

    “ကလေးတွေကို တက္ကဆီသမားနဲ့ထည့်ပြီး ကျောင်းပို့ရင်လည်း ပို့လိုက်တာပဲ။ ဘာမှ စိုးရိမ်စရာမရှိဘူး”

    ဒေသတွင်း အမျိုးသမီးများ

    ——————

    ပင်လယ်ကွေ့ဒေသတွင်းက အမျိုးသမီးတွေကလည်း ကာတာနိုင်ငံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မျှ၀ေကြပါတယ်။

    “ကာတာမှာ အမျိုးသမီးတွေအတွက် လုံခြုံတယ်၊ အဆင်ပြေတယ်။ ကမ္ဘာ့ဖလားပွဲကို လွတ်လွတ်လပ်လပ်နဲ့ ပါ၀င်ဆင်နွှဲလို့ ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မတို့ရဲ့ လှပတဲ့ အာရပ်ယဥ်ကျေးမှုကို ကမ္ဘာကြီးက တွေ့ရှိ ခံစားနေရပြီ။ ဒါတွေကို သူတို့ ကျင့်သုံးကြပြီး သူတို့နဲ့ နည်းနည်းပါးပါး ပါသွားရင်ကို ကျေနပ်စရာပါပဲ” လို့ ဆော်ဒီအာရေဗျကနေ ကမ္ဘာ့ဖလား လာရောက်ကြည့်ရှုတဲ့ အသက် ၂၉ နှစ်အရွယ် ဒါလီယာ အဘူရှူလာအီက ပြောပါတယ်။

    ကာတာနိုင်ငံကို ကမ္ဘာ့ဖလားပွဲ လာရောက်ကြည့်ရှုကြတဲ့ ပရိတ်သတ်တွေဟာ အခြားသော စိတ်၀င်စားဖွယ် နေရာတွေကိုလည်း သွားရောက်လည်ပတ်ကြပါသေးတယ်။ 

    ဘောလုံးကွင်းတွေအနီးမှာ အရက်၊ ဘီယာမရောင်းဖို့၊ မသောက်ဖို့ အာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့်လည်း လုံခြုံမှုကို ပိုမိုခံစားရစေတယ်လို့ အမျိုးသမီးတွေက ဖွင့်ဟပါတယ်။ 

    “ဘရာဇီးလ်မှာဆို ဘောလုံးပွဲကို တစ်ယောက်တည်းသွားကြည့်ဖို့၊ ညဘက်တွေမှာ အပြင်ထွက်လည်ဖို့၊ အပြင်မှာ ဖုန်းကို လွတ်လွတ်လပ်လပ် အသုံးပြုဖို့ဆိုတာတွေကို စဥ်းတောင် မစဥ်းစားရဲဘူး။ ကာတာမှာတော့ ၁၀၀ ရာခိုင်နှုန်း လုံခြုံတယ်လို့ ကျွန်မခံစားရတယ်။ အမျိုးသမီးတွေအတွက် အကောင်းဆုံးက ဘောလုံးပွဲကို လွတ်လွတ်လပ်လပ်၊ လုံခြုံမှုအပြည့်နဲ့ ကြည့်ရှုခံစားနိုင်တာပါ” လို့ ဘရာဇီးလ်က လာရောက်အာပေးတဲ့ ကာမီလာ ဖာရဲရာက ပြောပါတယ်။ 

    ကူ၀ိတ်ဘောလုံး ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဟာနုဖ် အဘ်ဒူလာက အရက်၊ ဘီယာရောင်းတာမျိုး ရှိလာရင် အာရပ်မိသားစုတွေ ညဖက်ထွက်ဖို့ အဆင်မပြေဘူးလို့ ပြောပါတယ်။

    “အရက်မပါဘဲ ဘောလုံးရသကို ခံစားနိုင်တယ်ဆိုတာ ကာတာက ကမ္ဘာကြီးကို ပြသခဲ့ပါပြီ။ အမျိုးသမီးတွေလည်း မူးပြီး ဆွဲလားရမ်းလားလုပ်မှာကို ကြောက်ရွံ့စရာမလိုဘဲ ဘောလုံးပွဲကို အားပေးနိုင်ပါပြီ”

    Ref: Aljazeera