News @ M-Media

Tag: WuhanVirus

  • ကိုဗစ်ိကိစ္စ ၀ေဖန်သည့် ဆိုရှယ်မီဒီယာအကောင့် တစ်ထောင်ကျော်ကို တရုတ်အစိုးရ ပိတ်သိမ်း

    ကိုဗစ်ိကိစ္စ ၀ေဖန်သည့် ဆိုရှယ်မီဒီယာအကောင့် တစ်ထောင်ကျော်ကို တရုတ်အစိုးရ ပိတ်သိမ်း

    ဇန်န၀ါရီ ၇၊ ၂၀၂၂

    M-Media

     

    -ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်မှု ညံ့ဖျင်းတာတွေကို ၀ေဖန်တဲ့ ဆိုရှယ်မီဒီယာအကောင့် တစ်ထောင်ကျော်လောက်ကို တရုတ်အစိုးရက ပိတ်လိုက်ပါတယ်။ 

    ဒါဟာ တရုတ်အစိုးရက လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ 

    တရုတ်နိုင်ငံမှာ နို၀င်ဘာလကစပြီး ကိုဗစ်အကြီးအကျယ် ကူးစက်နေတာပါ။ 

    လူတွေကို အတားအဆီးမရှိ ခရီးသွားခွင့်ပေးထားတာ၊ ကိုဗစ်ဖြစ်တဲ့သူတွေကို အစားအသောက်နဲ့ ဆေး၀ါးကုသမှု လုံလုံလောက်လောက်မပေးဘဲ နေအိမ်တွေမှာ သီတင်းပတ်ချီ ပိတ်လှောင်ထားတာ၊ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မပေးနိုင်တာ စတာတွေကို ပြည်သူတွေက ပြည်တွင်းဆိုရှယ်မီဒီယာ Sina Weibo မှာ ၀ေဖန် ရေးသားကြတာဖြစ်ပါတယ်။ 

    Sina Weibo ကုမ္ပဏီက ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ ကျန်းမာရေးလုပ်သားတွေကို တိုက်ခိုက်ရေးသားတဲ့ အကြောင်းအရာပေါင်း ၁၂၈၅၄ ခုကို ကိုယ်တွယ်ဖြေရှင်းခဲ့ပြီး အကောင့် ၁၁၂၀ ကို ပိတ်သိမ်းခဲ့တယ်လို့ ပြောပါတယ်။ 

    နောက်ပိုင်းမှာလည်း ဒီလို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

    ကိုဗစ်ကိစ္စ တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေကို မကျေနပ်တဲ့အတွက် ပြည်သူတွေဟာ ဒီဇင်ဘာလအတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ 

    Ref: Reuters

  • တရုတ်ကိုဗစ်လှိုင်းသစ်ကို ကမ္ဘာ့က ဘာ့ကြောင့် ကြောက်နေတာလဲ

    တရုတ်ကိုဗစ်လှိုင်းသစ်ကို ကမ္ဘာ့က ဘာ့ကြောင့် ကြောက်နေတာလဲ

    ဇန်န၀ါရီ ၃၊ ၂၀၂၂

    M-Media 


    -တရုတ်နိုင်ငံမှာ နို၀င်ဘာလကတည်းက ကိုဗစ်လှိုင်းသစ် ပြန်လည် ဖြစ်ပွားလာခဲ့ပြီး နိုင်ငံတကာကလည်း သတိထား စောင့်ကြည့်လာပါတယ်။ 

    ဒီဇင်ဘာနှောင်းပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံတစ်ချို့ဟာ ကိုဗစ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် တရုတ်ခရီးသွားတွေကို ပြည်၀င်ခွင့် ပိတ်ပင်တာတွေ လုပ်ဆောင်လာပါတယ်။ 

    ဘာ့ကြောင့် ကမ္ဘာကြီးက တရုတ်ကိုဗစ်လှိုင်းသစ်ကို ကြောက်နေတာလဲ?

    အချက်အလက်များ လျှို့၀ှက်ထားခြင်း

    တရုတ်အစိုးရဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိပါဘူး။ 

    ၂၀၁၉ ခုနှစ် နှောင်းပိုင်း ၀ူဟန်မြို့မှာ ကိုဗစ်စတင် ကူးစက်ခဲ့ပေမယ့် တရုတ်အစိုးရက ဒီသတင်းကို လျှို့၀ှက်ထားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်န၀ါရီလလောက်မှ ထုတ်ပြန်ခဲ့ပါတယ်။ 

    ဒီလို သတင်းတွေ ထိန်ချန်ထားတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ကိုဗစ် ကြိုတင်ကာကွယ်မှု အစီအစဥ်တွေ မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘဲ အကြီးအကျယ် ပြန့်နှံ့သွားခဲ့ပါတယ်။  

    အခု တစ်ကျော့ပြန် ကိုဗစ်လှိုင်းမှာလည်း အစပိုင်းမှာ တရုတ်အစိုးရက သတင်း တိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလရောက်မှ ကူးစက်မှုဟာ ခြေရာခံဖို့ ခက်ခဲတယ်လို့ ထုတ်ပြန်ပါတယ်။ 

    တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကူးစက်မှု၊ သေဆုံးမှု စာရင်းတွေကလည်း မြေပြင်အချက်အလက်တွေထက် အလွန်အမင်း နည်းနေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတွေ၊ မီးသင်္ဂြိုဟ်စက်တွေ ပြည့်နေတယ်လို့ သတင်းထွက်လာတဲ့အချိန် ကူးစက်၊ သေဆုံးမှု အချက်အလက်တွေကို ဒီဇင်ဘာအလယ်ပိုင်းကစပြီး တရုတ်အစိုးရက မထုတ်ပြန်တော့ပါဘူး။ 

    တရုတ်ခရီးသွားတွေကို ပြည်၀င်ခွင့်ကန့်သတ်တဲ့ နိုင်ငံတစ်၀ှမ်းက တရုတ်အစိုးရရဲ့ အချက်အလက်ထိန်ချန်မှုကြောင့် ဒီလို ကန့်သတ်တာတွေ လုပ်ဆောင်ရတာလို့ ထုတ်ပြန်ကြပါတယ်။ 

    အာဏာပိုင်များ၏ စကားမညီခြင်း 

    ကိုဗစ်လှိုင်းသစ်ဟာ ဘေးဂျင်းနဲ့ အခြားမြို့ကြီးတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီမြို့တွေက အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။ 

    ဒေသတွင်း အာဏာပိုင်တွေက ကူးစက်မှုအရေအတွက် အများအပြား ရှိတယ်လို့ ပြောပေမယ့် ဗဟိုအစိုးရ ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူ ၀မ်ကျန်းယိုက မြို့ကြီးတွေမှာ အကြီးအကျယ် ကူးစက်မှုအခြေအနေကို ကျော်လွန်သွားပြီလို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    ပေါက်ကြားလာတဲ့ တရုတ်အစိုးရရဲ့ လျှို့၀ှက် အချက်အလက်တွေအရ ဒီဇင်ဘာလ ပထမရက် ၂၀ အတွင်း နိုင်ငံတစ်၀ှမ်း ကူးစက်သူအရေအတွက်ဟာ သန်း ၂၅၀ လောက်ရှိတာကို တွေ့ရပါတယ်။

    နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တရုတ်နိုင်ငံမှာ ဧပြီလနှောင်းပိုင်းလောက်အထိ ကိုဗစ်ကူးစက်မှု အကြီးအကျယ် ဆက်ဖြစ်ဖို့ရှိနေပြီး အနည်းဆုံး လူ ၁.၇ သန်းလောက် သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။  

    ပုံပြောင်းပိုးအသစ်များ 

    ကူးစက်မှု အကြီးအကျယ် ဖြစ်လာတာနဲ့အတူ ပုံပြောင်းပိုးအသစ်တွေ ထွက်လာမယ့်အရေးကိုလည်း ကမ္ဘာကြီးက စိုးရိမ်နေပါတယ်။ 

    လက်ရှိ တရုတ်နိုင်ငံမှာ ကူးစက်နေတဲ့ ပုံပြောင်းပိုးတွေဟာ အိုမီခရွန် BA.5.2၊ BF.7 တွေဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီပိုးတွေ ကူးစက်ပြီးထားပြီး XBB နဲ့ BQ ပုံပြောင်းပိုးတွေအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ 

    တရုတ်နိုင်ငံမှာ XBB နဲ့ BQ မျိုးကွဲတွေ မဖြစ်သေးပါဘူး။ ဒီပိုးတွေ ကူးစက်လာရင် ကိုဗစ်လှိုင်း ပိုမိုဆိုးရွားသွားဖို့ ရှိနေပြီး နောက်ထပ် ပုံပြောင်းပိုးအသစ်တွေ ပေါ်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ 

    Ref: NDTV

  • တရုတ်ခရီးသွားများအား ကန့်သတ်မှု ကမ္ဘာကြီးက တိုးမြှင့်လုပ်ဆောင်လာ

    တရုတ်ခရီးသွားများအား ကန့်သတ်မှု ကမ္ဘာကြီးက တိုးမြှင့်လုပ်ဆောင်လာ

    ဇန်န၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -ကိုဗစ်အကြီးအကျယ် ကူးစက်နေတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို ပြည်၀င်ခွင့် တင်းကြပ်တဲ့ နိုင်ငံပေါင်းဟာ ကမ္ဘာတစ်၀ှမ်းမှာ ဒါဇင်နဲ့ချီ ရှိလာပါတယ်။ 

    တရုတ်နိုင်ငံတစ်၀ှမ်းမှာ နို၀င်ဘာလကတည်းကစတင်ပြီး ကိုဗစ် ပြန်လည် ကူးစက်ပြန့်နှံ့နေတာဖြစ်ပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်ကြပ်နေသလို မီးသင်္ဂြိုဟ်စက်တွေမှာလည်း တန်းစီနေရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ 

    တရုတ်အစိုးရက နိုင်ငံသားတွေ ပြည်ပခရီးသွားခွင့်ကို ဖြေလျော့လိုက်ပြီး ဇန်န၀ါရီနှောင်းပိုင်း တရုတ်နှစ်ကူးမှာ တရုတ်ခရီးသွားတွေ အစုလိုက်အပြုံလိုက် ထွက်လာဖို့ ရှိတဲ့အချိန် နိုင်ငံတကာကတော့ ကန့်သတ်မှုတွေ လုပ်ဆောင်ပါတယ်။ 

    ယူကေ၊ အမေရိကန်၊ ပြင်သစ် အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားတို့ အပါအ၀င် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်လောက်က တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုက ခရီးသွားတွေ လာရောက်ရင် ကိုဗစ်ကင်းရှင်းကြောင်းလက်မှတ် ပြသမှ ပြည်၀င်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    သြစတေးလျနဲ့ ကနေဒါအစိုးရတို့က တရုတ်အစိုးရဟာ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ မထုတ်ပြန်တဲ့အတွက် ကိုဗစ်ထိန်းချုပ်ဖို့ အခက်တွေ့ရတယ်လို့ ပြောပါတယ်။ 

    မော်ရိုကိုနိုင်ငံကတော့ တရုတ်ခရီးသွားအားလုံးကို ပြည်၀င်ခွင့်ပိတ်ပင်ကြောင်း မနေ့က ကြေငြာခဲ့ပါတယ်။ 

    ကိုဗစ်ကူးစက်မှု၊ ပုံပြောင်းပိုးအသစ်အကြောင်းတွေကို တရုတ်က တိတိကျကျ မထုတ်ပြန်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုတင်ကာကွယ်တားဆီးမှုလုပ်ငန်းစဥ်တွေ လိုအပ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၂

    M-Media


    -တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ် ပြန်ဖြစ်နေတဲ့အတွက် နိုင်ငံတစ်ချို့က တရုတ်ခရီးသွားတွေကို ကိုဗစ်ကန့်သတ်ချက် တင်းကျပ်ဖို့ စီစဥ်လာကြပါတယ်။ 

    အိန္ဒိယနဲ့ ဂျပန်တို့က တရုတ်ခရီးသွားတွေ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြနိုင်မှ ၀င်ခွင့်ပေးတော့မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင် ခရီးသွားလာရေး၀န်ကြီး ဂျာမီ ဘာတစ္စတာက  တရုတ်ခရီးသွားတွေအတွက် ဒီလိုကန့်သတ်ချက်တွေထုတ်ဖို့ စဥ်းစားနေတယ်လို့ ပြောပါတယ်။ 

    တရုတ်အစိုးရက နိုင်ငံထဲကထွက်မယ့် ခရီးသွားတွေအတွက် ကိုဗစ်စည်းမျဥ်း ဖြေလျော့မှု ပြုလုပ်ထားပြီး လာမယ့်နှစ်ဆန်း တရုတ်နှစ်ကူး ကာလတွေမှာ တရုတ်ခရီးသွားတွေ အာရှနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ ရှိနေတာပါ။ 

    နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံသားတွေဟာ နိုင်ငံပြင်ပကိုထွက်ဖို့ စီစဥ်နေကြတာလည်း ဖြစ်ပါတယ်။ 

    အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကလာမယ့်သူတွေအတွက် ကိုဗစ်စည်းမျဥ်း ပြန်လည်တင်းကြပ်ဖို့ စီစဥ်နေပြီး အခြားကမ္ဘာ့နိုင်ငံတွေလည်း ဒီလိုစည်းမျဥ်းတွေ ပြန်ထုတ်ဖို့ စဥ်စားနေကြပါတယ်။  

    Ref: BBC

  • ၀ူဟန်နှင့် တရုတ်မြို့တစ်ချို့ကို လော့ဒေါင်းပြန်ချ

    ၀ူဟန်နှင့် တရုတ်မြို့တစ်ချို့ကို လော့ဒေါင်းပြန်ချ

    အောက်တိုဘာ ၂၉၊ ၂၀၂၂

    M-Media

    -ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ရာ ၀ူဟန်အပါအ၀င် မြို့အချို့ကို တရုတ်က လော့ဒေါင်းပြန်ချလိုက်ပါတယ်။ 

    တစ်ရက်ကို ကိုဗစ်ကူးစက်မှု တစ်ထောင်ကျော် ၃ ရက်ဆက်တိုက် တွေ့ရပြီးနောက်ပိုင်း တရုတ်အာဏာပိုင်တွေက အခုလို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာ ဖြစ်ပါတယ်။   

    ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်ရာမြို့ဖြစ်တဲ့ ကျန်ကျိုးမြို့လည်း လော့ဒေါင်းစာရင်းမှာ ပါ၀င်လာပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်ထိန်းချုပ်ရေး စည်းမျဥ်းစည်းကမ်းတွေကို လျှော့ချမှာမဟုတ်ဘဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်လို့ အခုလအတွင်း ပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်း ကိုဗစ်လော့ဒေါင်း ချထားတဲ့ မြို့ ၂၈ မြို့ရှိပြီး စုစုပေါင်း လူဦးရေ ၂၀၇ သန်းလောက်ရှိပါတယ်။ 

    Ref: BBC