News @ M-Media

Tag: yamaetin

  • ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားရွေှ့ပြောင်းရန် အတွက် သင်္ချိုင်းကော်မတီအား အာဏာပိုင်မှ ခေါ်ယူတွေ့ဆုံ

    ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားရွေှ့ပြောင်းရန် အတွက် သင်္ချိုင်းကော်မတီအား အာဏာပိုင်မှ ခေါ်ယူတွေ့ဆုံ

    ဇူလိုင် ၃၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    ရမည်းသင်း ။ ။ ရမည်းသင်းမြို့ရှိ မွတ်စလင်မ်သုဿာန် (ကဘာရ်စတာန်)အား ရွှေ့ပြောင်းရန်အတွက် အိုလမာ(သာသနာ့ပညာရှင်များအဖွဲ့)နှင့် သင်္ချိုင်းကော်မတီအား ရမည်းသင်းမြို့နယ် စည်ပင်သာယာမှ မနေ့က မနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ ရမည်းသင်းမြို့သို့ ဆက်သွယ်ခဲ့ရာ – “ဟိန္ဒူရယ်၊ ဗုဒ္ဓရယ်၊ တရုတ်ရယ်က အရင်တုန်းကတည်းက ပေါင်းပြီး သဂြိုဟ်ကြတာ။ လွန်ခဲ့တဲ့ ၂၃-ရက်နေ့ကတော့ သူတို့က ရွှေ့သွားပြီ။ မီးသဂြိုဟ်စက်ရော။ မြို့ရဲ့ အနောက်ဘက် ၅-မိုင်လောက်ဝေးတယ်။ မနေ့ကတော့ စည်ပင်ကခေါ်ပြောတယ်။ မွတ်စလင်မ်သင်္ချိုင်းကို ရွှေ့ဖို့ပြောတယ်။ ဇွတ်တော့ မတိုက်တွန်းဘူး။ စည်ပင်ဥပဒေ အရ ရွှေ့ရမယ်လို့ပြောတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ရှိနေတယ်။ ကျွန်တော်တို့က လက်မခံနိုင်ဘူးဆိုတာတော့ ပြောပြခဲ့တယ်။ မွတ်စလင်မ်သင်္ချိုင်းက နေရာ အကျယ်ကြီးကျန်သေးတယ်။ ကျွန်တော်တို့တွေက မြေမြှုပ်သဂြိုဟ်တာမှာ အုတ်ဂူနဲ့မဟုတ်တော့ နေရာအများကြီး ဆန့်တယ်။ ပြီးတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေက သုဿာန်ကို အလေးအမြတ်ထားကြတယ်။ အခုလို နေရာရွှေ့ခိုင်းတာက မဖြစ်သင့်ပါဘူး။ လွှတ်တော်နဲ့ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း ဒီအကြောင်းအရာ ထပ်တင်မှာပါ။

    ဒီသုဿာန်က လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်ကတည်းက ရှိနေတာပါ။ ပတ်ဝန်းကျင်မှာလည်း မွတ်စလင်မ်တွေများတယ်။ နောက်တစ်ခုက သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ်၊ အုတ်တံတိုင်းနဲ့ ဘာအနှောက်အယှက်မှမဖြစ်ပါဘူး။ လက်ရှိ ရှိတာက ဗမက အနောက်ရပ်ကွက်မှာ အခုရွေှ့ခိုင်းတဲ့နေရာက မြို့ အနောက်ဘက်မှာ မြေမြှုပ် သဂြိုဟ်လို့ အဆင်ပြေတဲ့နေရာမဟုတ်ပါဘူး။ လယ်မြေတွေဖြစ်ပြီး မြို့နဲ့လည်း ဝေးတယ်။ သုဿာန်ကို တန်ဖိုးထားကြတဲ့ ကျွန်တော်တို့တွေ အတွက် သုဿာန်ဆိုတာ အဲဒါ ရွှေ့ပြောင်းလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရွေှ့ဖို့အတွက် ကျွန်တော်တို့ လက် မခံတာပါ”လို့ ရမည်းသင်းမြို့ခံမှ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

  • ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်းမြို့ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင်သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ခေါ်ပြော

    ဧပြီ ၃၊ ၂၀၁၃
    M-Media
    သတင်း – ထွန်းတောက်

    Kan Gyi, Ma Naw Hari Street, Yamethin, Mandalay Region

    ရမည်းသင်း ။ ။ ချိတ်ပိတ်ခံထားရသည့် ရမည်းသင်းမြို့ရှိ ကံကြီးဗလီအား ဖျက်ပေးရန် ခရိုင် သာသနာရေး ဦးစီးမှူးမှ ဗလီဂေါပကအား ယမန်နေ့(၂-၄-၂၀၁၃) နေ့လည် (၂)နာရီအချိန်တွင် ခရိုင် သာသနာရေးမှူး ရုံးခန်း၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

    ရမည်းသင်းမြို့ ကံကြီးဗလီဂေါပက အဖွဲ့အား ရမည်းသင်းခရိုင် သာသနာရေးဦးစီးမှူး ဦးစိန်ညွန့်မှ ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ ကံကြီးဗလီအား မွတ်စလင်မ်များမှ ဖျက်ပေးရန်၊ မဖျက်ပေးပါက အာဏာပိုင်အဖွဲ့မှ ဖျက်မည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များ ကိုယ်တိုင် ဖျက်လျှင် လုံခြုံရေး အပြည့်ပေးမည်ဖြစ်ကြောင်း၊ မွတ်စလင်မ်များမှ ဖျက်လျှင် ဗလီ၏ မည်သည့် အပျက်အစီး တစ်စုံတစ်ရာကိုမှ ယူဆောင်ရန် ခွင့်မပြုကြောင်း၊ အာဏာပိုင်မှ ဖျက်လျှင်လည်း မည်သည့် မွတ်စလင်မ်မှ လာရောက်ကြည့်ရှုခွင့် မပြုပဲ လာကြည့်သည့် မွတ်စလင်မ်အားလည်း ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ၂၀၀၇-ခုနှစ်ကတည်းက အမိန့်ကျပြီးပြီဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာကိုမှ ပြမည် မဟုတ်ကြောင်း၊ အကယ်၍ မဖျက်ပေးပါက ရပ်ကွက်နေ မွတ်စလင်မ်များ စိတ်မချမ်းသာရဘူး၊ လုံခြုံမှု စိတ်မချရဘူးဟု ပြောဆိုခဲ့ကြောင်း၊ ဗလီဂေါပကအနေနဲ့ လာမယ့် ၅-၄-၂၀၁၃ (သောကြာနေ့)နောက်ဆုံးထားပြီး ခရိုင် သာသနာရေးမှူးသို့ အကြောင်းပြန်ပေးရန် ခေါ်ယူ ပြောကြားခဲ့ကြောင်း သိရသည်။

    “အခုလို မိတ္ထီလာမှာ ဆူပူရမ်းကားတဲ့ အမှုဖြစ်နေတဲ့ အချိန် ကျွန်တော်တို့ ရမည်းသင်းရဲ့ ၅-မိုင်အကွာက ရွာတန်းမှာလည်း ဗလီ ၁-လုံး၊ မွတ်စလင်မ်အိမ်ခြေ ၄၅-လုံး၊ ဗုဒ္ဓဘာသာ ၃-လုံးဖျက်ခံရတယ်၊ ဈေးဆိုင်ခန်းတွေ ဖျက်ခံရတယ်။ ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေကာလမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ဒီလို အမိန့်ပေးပြီးတော့ ကျွန်တော်တို့အတွက်ကို ဘယ်လို အကာအကွယ်မှ မပေးနိုင်ပဲ၊ တဘက်သတ် လုပ်ခိုင်းတယ်ဆိုတာ သဘာဝမကျဘူး။ ကျွန်တော်တို့အနေနဲ့ တရား ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော် သမ္မတဆီထိ စာတင်သွားပါမယ်။ ကျွန်တော်တို့ လုပ်နိုင်သလောက်ကိုတော့ တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်သွားမှာပါ”လို့ ဗလီဂေါပကမှ ပြန်လည်ခေါ်ယူဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ရမည်းသင်းမြို့ခံ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ညက ရမည်းသင်းမြို့မှာ ဦးဝီရသူမှ မွတ်စလင်မ်မုန်းတီးရေးနှင့် ဗလီတွေအားလုံးဟာ တရားမ၀င်ဆောက် လုပ်ထားတာဖြစ်ကြောင်းနဲ့ ပိတ်ဆို့ဟန့်တားမှုတွေ လုပ်ရမယ်လို့ တရားဟောကြားခဲ့ပြီးနောက် နောက်တစ်ရက် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက်မှာပဲ ဦးဝီရသူဦးဆောင်ပြီး ဘုရား ဂေါပကအဖွဲ့ရယ် NLD ပါတီဝင်တချို့ရယ်က ရွှေစည်းခုံဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ ချိတ်ပိတ် သော့ခတ်ထားတဲ့ ကံကြီးဗလီကို သော့ဖျက်ပြီး ၀င်ကြည့်ပါတယ်။ ပြီးတော့ ရွှေစည်းခုံဝင်းထဲမှာ ဗလီရှိနေတာဟာ မြို့နယ်အုပ်ချုပ်ရေးရဲ့ လိုအပ်ချက်ကြောင့်လို့ပြောပြီး ဘာသာရေး အကြမ်းဖက်သွေးထိုး လှုံ့ဆော်မှု စကားတွေပြောခဲ့တာရှိခဲ့ပါတယ်။ ယခုကဲ့သို့ ဗလီကို ဖျက်ခိုင်းသည်မှာ ယင်းသွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်နေမည်လားဟု သံသယဖြစ်ဖွယ် တွေ့ရှိရပါတယ်။

    ကံကြီးဗလီဟာ နှစ်ပေါင်းများစွာထဲက ရှိခဲ့တဲ့ ဗလီဖြစ်ကြောင်း၊၊ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ရှိတာမဟုတ်ဘဲ ဘုရားနဲ့ ကပ်ရပ်မှာတည်ရှိတာ ဖြစ်ကြောင်း၊ ဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ မွတ်စလင်မ်အိမ် (၄၄)အိမ်ကိုလည်း ၁၉၉၄-ခုနှစ်ကတည်းကိုလ်ချုပ်ခင်ညွန့် တူမ မနွယ်နီအောင်ရဲ့ ခင်ပွန်း ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂) တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်းက ဖယ်ခိုင်းခဲ့ကြောင်း၊ အဆိုပါ ဘုရားနဲ့ကပ်ရပ်က မွတ်စလင်မ်အိမ်တွေက ကျူးကျော်အိမ်တွေ မဟုတ်ဘဲ  ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ကြောင်း၊ အဲဒီအချိန် မွတ်စလင်မ် အိမ်များကို  ဖယ်ခိုင်းခဲ့တဲ့အချိန်က ကံကြီးဗလီကိုတော့ ကျူးကျော်လို မသတ်မှတ်ခဲ့ကြောင်း၊၊ ဗလီမှာ ဟိုးအရင်က အုတ်တံတိုင်းရှိခဲ့ပြီး ၂၀၀၆-ခုနှစ်မှာ ခြံစည်းရိုးကို ၀ိုင်းပြီး ဖျက်ကြတဲ့အကြောင်း တိုင်ကြားခဲ့တဲ့ ဗလီဂေါပက ဥက္ကဌ ဦးမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဦးခင်မောင်တို့ကို ထောင် ၆-လ ချခံလိုက်ရကြောင်း၊  ဗလီအုတ် တံတိုင်းက တောင်ဘက်နဲ့ အနောက်ဘက်က ဖျက်ခံလိုက်ရတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်မှာတော့ ရှိသေးကြောင်းနှင့် ၂၀၀၇-ခုနှစ်မှာတော့ တိုင်းမှူးရဲ့ နှုတ်မိန့်ဆိုပြီး မ.ယ.က က ဗလီကို ပိတ်ခဲ့တာ အခုထိ ဖွင့်ခွင့် မရတော့ကြောင်းကို မတ်လ ၁ ရက်နေ့က M-Media မှ ဆက်သွယ်မေးမြန်းစဉ် မြိုခံ မှ ပြောပြခဲ့ပါသည်။

    ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်း ကံကြီးဗလီကို ဦးဝီရသူ သော့ဖျက်ပြီး ဝင်ကြည့် သတင်းဖတ်လိုလျင်

  • ဗုဒ္ဓ ဘာသာထဲက စုန်းပြူး တွေကို ၀ိုင်းဝန်း ထိန်းသိမ်း ဖော်ထုတ် ပေးဖို မီးရှို့ခံရသည့် ရမည်းသင်းမြို့ ရွာတန်းကျေးရွာသို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် သွားရောက်ကြည့်ရှု့စဉ်ပြောကြား

    မတ်လ ၂၄၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး

    ရမည်းသင်းမြို့နယ် ရွှေဒါးရွာတွင် စက်ရုံတစ်ရုံ လုယက် မီးရှို့  ဖျက်ဆီးခံရ

    ရမည်းသင်း မြို့နယ် ၊၇မိုင်ခွဲခန့် အကွာ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးရှိ ရွှေဒါးရွာတွင် မတ်လ ၂၃ရက်နေ့ည (၇)နာရီက အစ္စလာမ် ဘာသာဝင်ပိုင်ဆိုင်သော အမဲသား ဆီသွပ်ဗူး စက်ရုံ လုယက်၊ဖျက်ဆီးခံခဲ့ရကြောင်း ရမည်းသင်းမြို့နေ ပြည်သူတစ်ဦး၏ ယနေ့ နေလယ် ၁း၀၀နာရီက ပေးပို့ချက် အရ သတင်းရရှိသည်။

    အဆိုပါ အစ္စလာမ် ဘာသာဝင်ပိုင်ဆိုင်သော အမဲသား ဆီသွပ်ဗူး စက်ရုံထဲသို့ အစွန်းရောက်  အကြမ်းဖက် သမားများမှ ၀င်ရောက်၍ ပစ္စည်းများအား လုယက် ခဲ့ကြပြီး ယင်းအဆောက်အဦးအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  ရမည်းသင်းမြို့နေ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “အဲဒီ ရွှေဒါးရွာမှာ မွတ်စလင် ဆိုလို့ အခု အမဲသားစည်သွပ်ဗူး စက်ရုံ ပိုင်ရှင်တွေပဲ ရှိပါတယ်။မနေ့ညက ၇နာရီထဲက လောင်တာ ဒီနေ့ မနက်ပိုင်းထိ မငြိမ်းသေးဘူးလို့ သိရတယ်။စပြီး ရုတ်ရုတ် သဲသဲ ဖြစ်ကတည်းက အဲဒီမှာ မနေရဲလို့ အခြားနေရာတွေမှာ တိမ်းရှောင်နေခဲ့လို့ လူတွေတော့ ဘာမှမဖြစ်သွားပါဘူး။”
    khinaungmyint
    “ဒီနေ့ မနက် ၈နာရီက ကျွန်တော်တို့ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ဥက္ကဌ ၊ လက်ရှိပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် ရောက်လာပါတယ်။၁၂း၀၀နာရီက မြို့ရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေ၊ကြံ့ဖွံ့ပါတီတွေကို ခေါ်ယူပြီး လွှတ်တော် ဥက္ကဌက ကျွန်တော်တို့ ဗုဒ္ဓ ဘာသာက မီးရို့ပြီး သာသနာဖြန့်တဲ့ ဘာသာမဟုတ်ကြောင်း၊ဗုဒ္ဓ ဘာသာထဲက စုန်းပြူး တွေကို ၀ိုင်းဝန်း ထိန်းသိမ်း ဖော်ထုတ် ပေးဖို့၊တစ်ဘာသာ နဲ့တစ်ဘာသာ ချစ်ခင် ရင်းနှီးမူကို ပျက်ပြားစေမယ့် စာတွေရေးသား ဖြန့်ချီတာတွေ မလုပ်ဖို့၊မရေးသားဖို့ ပြောပါတယ်။ကြံ့ဖွံ့ပါတီဝင်တွေရော၊ ဘာသာပေါင်းစုံကရော ၀ိုင်းဝန်းထိန်းဖို့၊ ကျွန်တော့် မဲဆန္ဒနယ်မှာ မဖြစ်ပွားအောင် တာဝန်ယူ ထိန်းသိမ်း ကာကွယ်မှာ ဖြစ်ကြောင်း ပြောပါတယ်”

    ယင်းနောက်  ရွာတန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မီးလောင်ပြာကျ သွားတဲ့နေရာကို အခု ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် သွားရောက် ကြည့်ရူ့နေကြောင်း M-Media သို့ပြောပြခဲ့သည်။

    အဆိုပါ အမဲသား ဆီသွပ်ဗူး စက်ရုံပိုင်ရှင် ဦးလေးဟိန်းထွန်း (ခ) နီကွင်း ကို M-Media မှ ဆက်သွယ်မေးမြန်ရာ “ကျွန်တော့် စက်ရုံက ချိတ်ပိတ်ထားတဲ့စက်ရုံပါ အဲဒါကို ကျူးကျော် ၀င်ရောက်ပြီး လုယက် မီးရှို့ ဖျက်ဆီးကြတာပါ၊ စက်ရုံ အဆောက်အဦးတင် တန်ဖိုးကြီးပါတယ်၊ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးကတော့ သိန်း၃၀၀ကျော် ၄၀၀နီးပါးပါ၊ စက်ရုံကို စောင့်တဲ့ ဗုဒ္ဓဘာသာဝင် ခြံစောင့်သမားကိုပါ အသက်အန္တရာယ်ပြုလို့ သူ မနည်းလွတ်အောင် ထွက်ပြေးခဲ့ရတယ်၊ သူကတော့ သူပါသူ ပြေးရင်း ခလုပ်တိုက်မိလို့ လဲကျသွားတဲ့ ဒဏ်ရာကလွဲလို့ တစ်ခြားဘာမှ မဖြစ်သွားပါဘူး၊ ကျွန်တော့် စက်ရုံအရှေ့မှာ မွတ်စလင် တဲ ၂တဲရှိပါသေးတယ်၊ ကွမ်းခြံ စိုက်ပျိုးရေးလုပ်ကြတာပါ အဲဒီတဲနှင့် ကွမ်းခြံကိုလည်း ၀င်ရောက်ဖျက်ဆီးသွားပါတယ်၊ ကျွန်တော့်စက်ရုံ မီးလောင်တုန်းက ရမည်းသင်းခရိုင် ဥက္ကဌ ၊ အုပ်ချုပ်ရေးမှုး တို့ဆီကို အကူအညီပေးဖို့ ဖုန်းဆက်ပြောပါတယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ ရွာတန်းမှာလဲ မီးလောင်နေလို့ ကာကွယ်မပေးနိုင်လို့ ကျွန်တော့်ကိုလည်း အဲဒီကိုမသွားဖို့ ပြန်ပြောပါတယ်” ဟု ပြောသည်။

  • ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်း ကံကြီးဗလီကို ဦးဝီရသူ သော့ဖျက်ပြီး ဝင်ကြည့်

    မတ် ၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    ရမည်းသင်းတွင် ဘုန်းကြိး ဦးဝီရသူ မွတ်စလင်ဆန်ကျင်ရေး တရားဟော၊ ချိတ်ပိတ်ခံထားရသော ကံကြီးဗလီကို သော့ဖျက် ဝင်ရောက်

    ရမည်းသင်း ။ ။ ယခုရက်ပိုင်းအတွင်း ရမည်းသင်းမြို့တွင် မွတ်စလင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေကြောင်း ကြားသိရသည့် အတွက် ရမည်းသင်းမြို့ခံများထံ ဆက်သွယ် စုံစမ်းခဲ့ပါသည်။

    “ရမည်းသင်းမှာ ဟိုးတစ်လောက ဘောလုံးပွဲကိစ္စနဲ့ ပတ်သက်ပြီးပြဿနာဖြစ်ခဲ့ပြီးတဲ့နောက် ဘာမှ မဖြစ်တော့ပဲနေခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅-ရက်ည ၈-နာရီမှာ ရမည်းသင်းမြို့ ဗမက အရှေ့ရပ်ကွက် မင်းကျောင်းစာသင်ကျောင်းရှေ့မှာ တရားပွဲလုပ်တယ်။ အဲဒီမှာ ဘုန်းကြီး ဦးဝီရသူ တရားဟောတယ်။ သူဟောသွားတာတွေက မွတ်စလင်မ်မုန်းတီးရေး တရားတွေပဲ။ အဲဒီထဲမှာ ဗလီတွေအားလုံးဟာ တရားမ၀င် ဆောက်လုပ်ထားတာဖြစ်တယ်။ ပိတ်ဆို့ ဟန့်တားမှုတွေ လုပ်ရမယ်လို့လည်း ထည့်ဟောတယ်။ အဲဒါက ဖေဖော်ဝါရီ ၂၅-ရက်ညမှာဟောတာ။

    နောက် မနက် ၂၆-ရက်နေ့ မနက်မှာကျတော့ ဦးဝီရသူ ဦးဆောင်ပြီး ဘုရားဂေါပကအဖွဲ့ရယ် NLD ပါတီဝင်တချို့ရယ်က ရွှေစည်းခုံဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ သော့ခတ်ထားတဲ့ ကံကြီးဗလီကို သော့ဖျက်ပြီး ၀င်ကြည့်ပါတယ်။ ပြီးတော့ ရွှေစည်းခုံဗလီဝင်းထဲမှာ ဗလီရှိနေတာဟာ မြို့နယ်အုပ်ချုပ်ရေးရဲ့ လိုအပ်ချက်ကြောင့်လို့ပြောပြီး ဘာသာရေးအကြမ်းဖက်သွေးထိုး လှုံ့ဆော်မှု စကားတွေပြောပါတယ်။ ၂၆-ရက်နေ့ညပိုင်းမှာလည်း စာပေဟောပြောပွဲလုပ်ပါတယ်။ ဓမ္မစက္ကအဖွဲ့က ဦးမောင်မောင်၊ ဒေါ်ပေါရွှေ၊ ဦးဘုန်း(ဓာတု)နဲ့ ကဗျာဆရာ ညီမင်းညိုတို့ ဟောပြောကြတယ်။ အဲဒီ ဟောပြောပွဲမှာ ကဗျာဆရာညီမင်းညိုကတော့ စာပေရနံ့ သက်သက်ကိုပဲ ဟောပြောသွားတယ်။ ကျန်တဲ့ (၃)ယောက်ကတော့ ဘာသာရေး၊ လူမျိုးရေး မုန်းတီးရေး လှုံ့ဆော်မှုတွေ ဟောသွားတယ်။  ဦးဘုန်း(ဓာတု)ကလည်း ဗမာပြည်ကနေ မွတ်စလင်မ်တွေကို ၀ိုင်းကျဉ်ရမယ်။ ကြာရင် မြန်မာပြည်ဟာ အင်ဒိုနီးရှား၊ မလေးရှားလိုဖြစ်သွားမယ်၊ မြန်မာနိုင်ငံက မွတ်စလင်မ်တွေ တာလီဗန်ပုံစံမျိုး ထိပြောတယ်။ ဒေါ်ပေါရွှေကလည်း မွတ်စလင်မ်တွေဟာ မနေ့တနေ့ကမှ ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်ဆိုတာ ပြောသွားတယ်။ ဒါတွေဟာ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုပါပဲ။

    ၂၇-ရက်နေ့မှာတော့ GTI ကျောင်းသားတွေက မွတ်စလင်မ် ဆန့်ကျင်ရေးနဲ့ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်စာတွေ လိုက်ဝေပါတယ်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီစာ ရရှိခဲ့ပါတယ်။ အဲဒီ မွတ်စလင်မ်ဆန့်ကျင်ရေးစာတွေကို ကျွန်တော်ပို့ပေးပါ့မယ်။ ဒီလို ဘာသာရေး လူမျိုးရေး အကြမ်းဖက်မုန်းတီးရေးလှုံ့ဆော်မှုတွေအတွက် သာသနာရေးဦးစီးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မွတ်စလင်မ်လူငယ်တွေက တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက အထက်ကို တင်ပြထားတယ်လို့ပြောတယ်။

    Kan Gyee Masjid
    ဆိုရှယ်မီဒီယာမှာ လိမ်လည်ဝါဒဖြန့်နေသည့် ကံကြီးဗလီမှာ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ တည်ရှိခြင်းမဟုတ်ဘဲ ဘုရားနှင့် ဗလီရဲ့ကြား ခြံစည်းရိုးကို တရားမဝင်ဖြိုဖျက်ပြီး လိမ်ညာ ဝါဒဖြန့်နေတာဖြစ်ကြောင်း သိရသည်။

    ပြီးတော့ ကံကြီးဗလီနဲ့ ပတ်သက်ပြီး အားလုံးသိအောင်ပြောချင်တယ်။ ဦးထွန်းဝင်းကို မေးရင် သူ အားလုံးပြောပြနိုင်ပါတယ်”လို့ ရမည်းသင်းမြို့ခံ ဦးအောင်အောင်က M-Media ကို ပြောပြလာပါတယ်။ ဦးထွန်းဝင်းကို M-Media မှ ဆက်သွယ်ပြီး ကံကြီးဗလီ အကြောင်းမေးမြန်းခဲ့ရာ “ကံကြီးဗလီက လွန်ခဲ့တဲ့ နှစ် ၅၀၀ ကတည်းက ရှိခဲ့တာပါ။ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ရှိတာမဟုတ်ပါဘူး။ ဘုရားနဲ့ ကပ်ရပ်မှာရှိတာပါ။ ဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ မွတ်စလင်မ်အိမ် (၄၄)အိမ်ကိုလည်း ၁၉၉၄-ခုနှစ်ကတည်းက ဖယ်ခိုင်းခဲ့တယ်။ အဲဒီတုန်းက ဖယ်ခိုင်းတာက ဗိုလ်ချုပ်ခင်ညွန့် တူမ မနွယ်နီအောင်ရဲ့ ခင်ပွန်း ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂)တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်းက ဖယ်ခိုင်းခဲ့တာ။ သူက ရမည်းသင်းသားပါ။ အဲလို ဘုရားနဲ့ကပ်ရပ်က မွတ်စလင်မ်အိမ်တွေက ကျူးကျော်အိမ်တွေမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေပါ။ အဲလို ဖယ်ခိုင်းခဲ့ပေမယ့် ကံကြီးဗလီကိုတော့ ကျူးကျော်လို မသတ်မှတ်ခဲ့ဘူး။ ဗလီမှာ ဟိုးအရင်က အုတ်တံတိုင်းရှိခဲ့ပါတယ်။

    ၂၀၀၆-ခုနှစ်မှာ ခြံစည်းကို ၀ိုင်းပြီးဖျက်ကြတယ်။ အဲလိုဖျက်တာကို တိုင်ကြားခဲ့တဲ့ ဗလီဂေါပက ဥက္ကဌ ဦးမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဦးခင်မောင်တို့ကို ထောင် ၆-လ ချခံလိုက်ရတယ်။ အခုတော့ ဥက္ကဌ ဦးမြင့်ထွန်းလည်း မရှိတော့ပါဘူး။ သေသွားပြီ။ ဗလီအုတ် တံတိုင်းက တောင်ဘက်နဲ့ အနောက်ဘက်က ဖျက်ခံလိုက်ရတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်မှာတော့ ရှိသေးတယ်။

    ၂၀၀၇-ခုနှစ်မှာတော့ တိုင်းမှူးရဲ့ နှုတ်မိန့်ဆိုပြီး မ.ယ.က က ဗလီကို ပိတ်ခဲ့တာ အခုထိ ဖွင့်ခွင့်မရတော့ဘူး။ ဗလီကို ဖျက်သိမ်းမိန့်ကျထားတယ်ဆိုတာ မဟုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပိတ်ထားခဲ့တာပဲ ရှိတာပါ။ ဗလီအုတ်တံတိုင်း ရှိတုန်းက မှတ်တမ်းဓါတ်ပုံတွေကို ကျွန်တော် ပို့ပေးပါ့မယ်”လို့ M-Media ကို ပြောပြလာပါတယ်။

  • ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    ဇာနည်

    ရမည်းသင်း၊။      ။နိုဝင်ဘာလာ ၇-ရက်နေ့ မနက်အစောကြီး ၂း၁၅-နာရီအချိန်ခန့်တွင် ရမည်းသင်းမြို့ပေါ်ရှိ မွတ်စလင်မ်ပိုင်လ္ဘက်ရည်ဆိုင်များတွင် ၀င်ရောက်စော်ကား ရမ်းကားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ရမည်းသင်းမြို့ ရွှေစည်းခုံ ရပ်ကွက်ရှိ ရွှေဇီးပင် လ္ဘက်ရည်ဆိုင် နှင့် လက်ဆည်ကန်ရပ်ရှိ မီးအိမ်ရှင် လ္ဘက်ရည်ဆိုင်တို့ရှိ မီးချောင်းများကို ရိုက်ခွဲသွားကြောင်းသိရသည်။ ၀င်ရောက် ရမ်းကားသူများမှာ

    • ချစ်စမ်းမောင်
    • ကယားမောင်
    •  အငယ်ကောင် နှင့်
    • စောထွန်းအောင် တို့ဖြစ်ပြီး၊

    ထိုဖြစ်စဉ်အား ရဲစခန်းကို အကြောင်းကြားလိုက်သောကြောင့် သူတို့အား ရဲစခန်းမှဖမ်းဆီးထားပြီး တရားစွဲဆို သွားမည်ဖြစ်ကြောင်းသိရသည်။

    ရမည်းသင်းမြို့တွင် ပြီးခဲ့သည့် အောင်တိုဘာ လလယ်က ဘောလုံးပွဲတပွဲတွင်ဖြစ်ပွားသော ရန်ပွဲကို အကြောင်းပြုပြိး မွတ်စလင်အိမ်အချို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။