News @ M-Media

Tag: yamaetin

  • “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်

    “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်

    နိုဝင်ဘာ၊ ၃ ရက်၊ ၂၀၁၂
    M-Media
    သတင်း – မောင်ပုည


    အတွဲ ၄ အမှတ်စဉ် ၁၅ ၂၀၁၂ နိုဝင်ဘာ ၁ ရက် နေ့ထုတ် စာမျက်နှာ ၄ တွင် လွန်ခဲ့သည့် ၂ ပါတ် အရင် ဗီးနပ်စ် ဂျာနယ်တွင် ပြည်ခိုင်ဖြိုးပါတီက စီစဉ်သည့် ဘောလုံးပွဲကြောင့် ရမည်းသင်းတွင် အကြမ်းဖက်မှု့ဖြစ် သတင်းဖော်ပြမှုတွင် ရမည်းသင်း ဗမက ရပ်ကွက် တွင် ဘင်္ဂါလီများနေထိုင်ဟု ရမည်းသင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်လွင် မပြောဆိုဘဲ ၄င်းတို့ဂျာနယ်မှ ပေါဆမှုဖြင့် မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည် ဟု အယ်ဒီတာမှ တောင်းပန်စာထည့်ခဲ့သည့် တွေ့ရှိရပါသည်။

    အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်ခဲ့ကြောင်း M-Media မှာ အောက်တိုဘာ ၁၈ ရက်နေ့သတင်းတွင် ဖော်ပြခဲ့ပြိးဖြစ်ပါသည်။

    ဗီးနပ်စ်ဂျာနယ်တွင်  အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

    တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုရန် သတင်းများထွက်ပေါ်ပြီး ၂ ပတ်ခန့်အကြာ ယခုကဲ့သို့ ဗီးနပ်စ်ဂျာနယ်မှ တရားဝင် တောင်းပန်စာ ထည့်လာခြင်းဖြစ်သည်။

  • ရမည်းသင်းမြို့ခံ တိုင်းရင်းသား မွတ်စလင်မ်များမှ ဗီးနပ်စ်ဂျာနယ်အား တရားစွဲမည်

    ရမည်းသင်းမြို့ခံ တိုင်းရင်းသား မွတ်စလင်မ်များမှ ဗီးနပ်စ်ဂျာနယ်အား တရားစွဲမည်

    အောက်တိုဘာ ၁၈၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

    ဗီးနပ်စ်ဂျာနယ်တွင်  အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

    တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုမည်ဖြစ်သည့်အတွက် လုပ်သင့်သည်များကို လုပ်ဆောင်နေပြီဖြစ် သိရပါတယ်။

    ယခုလို မမှန်မကန်လုပ်သည့်ကိစ္စရပ်များအားလည်း ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးကော်မတီသို့လည်း စာပို့၍ တိုင်ကြားသွားမည်ဟု သိရပါသည်။

    ရမည်းသင်းမှာ ဖြစ်ခဲ့ကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်း ဒုရဲမှူးဦးထွန်းနိုင်ကိုယ်တိုင် တက်ရောက်ရှင်းလင်းခဲ့တဲ့ တွေ့ဆုံပွဲမှာ ဘုန်းကြီးရိုက်ခံရတဲ့ သတင်း၊ ရန်ပွဲတွင် ဓါးထိုးခံရသည့်မှာ မွတ်စလင်မ်များကြောင့် မဟုတ်ကြောင်း၊ ယင်းအဖြစ်အပျက်ကြောင့် သေဆုံးခဲ့သူ လုံးဝမရှိကြောင်း နှင့် အွန်လိုင်းမှာ ပြန့်နှံ့နေသည့် ဘုန်းကြီးကျောင်း ဖျက်ဆီးခံရသည့် သတင်းများမှာ သတင်းမှားများဖြစ်ကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့ပြိးဖြစ်ပါတယ်။

  • ရမည်းသင်းကိစ္စ ဗီးနပ်စ်ဂျာနယ် သွေးထိုးလှုံ့ဆော်ဖော်ပြ

    ရမည်းသင်းကိစ္စ ဗီးနပ်စ်ဂျာနယ် သွေးထိုးလှုံ့ဆော်ဖော်ပြ

    အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
    M-Media
    သတင်း၊ ဇာဏီ

    ရမည်းသင်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနဲ့စပ်လျဉ်းပြီး ယနေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဒုရဲအုပ်ကျော်နိုင်လွင် ပြောကြားမှုများနှင့် ပတ်သက်ပြီး ရမည်းသင်းမြို့ခံ မွတ်စလင်မ်များမှ ဗီးနပ်ဂျာနယ်သို့ ဆက်သွယ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    “ဗီးနပ်စ်ဂျာနယ်မှာ ဗုဒ္ဓဘာသာ ၂-ယောက် ဓါးထိုးခံရတယ်။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောတယ်လို့ ရေးထားတယ်လေ။ ရမည်းသင်းမှာ ဟိုး ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ဘိုးဘေးဘီဘင်တွေ အဆက်ဆက် နေလာခဲ့ကြတဲ့ မြန်မာမွတ်စင်မ်တွေပဲ ရှိတယ်။ ဘယ်က ဘင်္ဂါလီ၊ ရိုဟင်ဂျာမှ မရှိဘူး။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ပြောတဲ့ ဒုရဲအုပ်ကျော်နိုင်လွင်ဆိုတာ ပျော်ဘွယ်ဇာတိ။ လွန်ခဲ့တဲ့ ၄-၅ လ တုန်းက သူပဲ တရားခံတစ်ယောက်ကို ရိုက်စစ်ရင်း သူ့ကြောင့် အဲဒီတရားခံသေသွားဖူးတယ်။ အဲဒါနဲ့ သူပြောင်းသွားလိုက်ရသေးတယ်။ အခုပြန်ရောက်လာတာ။ ပြီးတော့ ရမည်းသင်းမြို့က အခြေအနေမှန်တွေကို တိုင်းရဲမှူးကိုယ်တိုင်လည်း ရှင်းလင်းပြောပြထားပြီးသားပဲလေ။ အဲလို မဟုတ်မမှန်ပါဘူးဆိုတဲ့ သတင်းကို ဒီဂျာနယ်က အခုဖော်ပြတယ်။ အဲဒါနဲ့ ဗီးနပ်စ်ဂျာနယ်က အယ်ဒီတာ ဆက်နိုင်ဇော်ကို ဖုန်းဆက်ပြီးပြောတဲ့ အခါကျတော့ သူတို့ ပြင်ဆင်ချက် ပြန်ထည့်ပေးပါ့မယ်လို့ပြောတယ်။”လို့ ရမည်းသင်းမြို့မှ ဘကြီးအောင်က M-Media ကို ပြောပြလာပါတယ်။

    “အခုခေတ်မှာ ဂျာနယ်တွေ အပြိုင်အဆိုင်ထုတ်ရင်း ဂျာနယ်စောင်ရေတိုးဖို့ပဲ လုပ်နေကြတယ်။ မဟုတ်မမှန်သတင်းရေးသားဖို့ကိုလည်း ၀န်မလေးကြဘူး။ အဆိုးဆုံးကတော့ စာနယ်ဇင်းကျင့်ဝတ်ဆိုတာကို မစောင့်ထိန်းကြဘူး။ တွေ့မြင်နေရသလောက် မီဒီယာတွေက ဘာသာရေး ပဋိပက္ခတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးနေတယ်။”လို့ ရမည်းသင်းမြို့ခံ မွတ်စလင်မ်တစ်ဦးမှ သုံးသပ်ပြောပြလာပါတယ်။

  • ရမည်းသင်းတွင် ဓါးထိုးခံရသူမှ မွတ်စလင်များ မလုပ်ကြောင်း ပြောသော်လည်း မွတ်စလင် ၇ ဦးအား ဖမ်းထားစဲ

    ရမည်းသင်းတွင် ဓါးထိုးခံရသူမှ မွတ်စလင်များ မလုပ်ကြောင်း ပြောသော်လည်း မွတ်စလင် ၇ ဦးအား ဖမ်းထားစဲ

    အောက်တိုဘာ၊ ၁၅၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ရမည်းသင်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနဲ့စပ်လျဉ်းပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်မှ ဦးဆောင်ပြီး ရမည်းသင်းမြို့ရှိ မွတ်စလင်မ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

    ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဆက်သွယ်စုံစမ်းရာ “ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ခရိုင်ရဲမှူးတို့ပါဝင်ပြီး ရမည်းသင်းမြို့ရှိ ဗလီများရဲ့ ကိုယ်စားလှယ်များ၊ အာရဗီတက္ကသိုလ်မှ ကိုယ်စားလှယ်များကို ခေါ်ယူပြီး အစည်းအဝေးတစ်ခုကို ဒီနေ့မနက် ၁၀-နာရီမှာ ရမည်းသင်းမြို့ ဆောက်လုပ်ရေးဧည့် ရိပ်သာမှာ ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးတာတွေက ရမည်းသင်းမြို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ တည်ငြိမ်အောင် သူတို့ဘက်က ဆောင်ရွက်ထားတာတွေကို တင်ပြပါတယ်။ ပြီးတော့ မွတ်စလင်မ်တွေဘက်က အခြေအနေတွေကိုလည်း တင်ပြဆွေးနွေးခွင့်ပေးတယ်။ မွတ်စလင်မ်တွေဘက်က တင်ပြတာက အင်တာနက်၊ Facebook စာမျက်နှာတွေမှာ မဟုတ်မမှန်သတင်းတွေ ထွက်ပေါ်တာတွေကို ထိန်းသိမ်းပေးကြဖို့ ဆွေးနွေးပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မွတ်စလင်မ်တွေကို မေတ္တာရပ်ခံပါတယ်။ တည်ငြိမ်အောင် ထိန်းသိမ်းနေပြီဖြစ်တဲ့အတွက် မွတ်စလင်မ်များဘက်မှ သည်းခံကြဖို့ ဖျောင်းဖျပါတယ်။ ဟိုးအရင်ကတော့ ဘာပဲပြောပြော ခြိမ်းခြောက်တဲ့ ပုံစံနဲ့ပြောတတ်ပေမယ့် အခု အစည်းအဝေးမှာတော့ မေတ္တာရပ်ခံတဲ့ပုံစံနဲ့ ပြောလာပါတယ်။”လို့ ရမည်းသင်းမြို့ခံ တစ်ဦးမှ ပြောပြလာပါတယ်။

    “ဟိုနေ့ကဖမ်းထားတဲ့ မွတ်စလင်မ် မီးသတ်ရဲဘော် ၆-ယောက်ရယ်၊ ရာအိမ်မှူးရယ်ကို မီးသတ်ဝတ်စုံတွေဝတ်လျက်ပဲ ဓါးထိုးခံရတယ်ဆိုတဲ့ ၂-ယောက်ရှိတဲ့ ဆေးရုံပေါ်ကိုခေါ်သွားပြီး တရားခံတွေလားဆိုတာကို မေးမြန်းပါတယ်။ ဓါးထိုးခံရတယ်ဆိုတဲ့သူနှစ်ဦးလုံးမှ သူတို့အား ဓါးနှင့်ထိုးသူမှာ အဲဒီ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးဆိုသူတို့ မဟုတ်ကြောင်းပြောပါတယ်။ ဒါပေမယ့် အဲဒီသူ ၇-ယောက်လုံးကို ရမံယူပြီး အချုပ်နဲ့ ၁-လ ထပ်ထားပါတယ်။ အဲဒီ ၇-ယောက်လုံးရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အခု အချိန်ထိတော့ အဲဒီ ၇-ယောက်လုံးကို ညှဉ်းပန်း နှိပ်စက်တာ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ညှဉ်းပန်း နှိပ်စက်ပြီး တရားခံအဖြစ် အတင်းအဓမ္မ ၀န်ခံခိုင်းတာမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်နေကြတယ်။ ဘုန်းကြီးကျောင်းတ၀ိုက် နေအိမ်တွေကနေ ပြောင်းရွေ့သွားသူတွေလည်း အခုထိတော့ ပြန်မလာကြသေးပါဘူး။ အခု ညနေအထိတော့ ရမည်းသင်းမြို့ပေါ်မှာ အေးဆေး တည်ငြိမ်စွာရှိနေပါတယ်”လို့ ရမည်းသင်းမြို့ခံများမှ ရမည်းသင်းမြို့၏အခြေအနေများကို M-Media သို့ပြောကြားလာပါတယ်။

  • ရမည်းသင်းမှာ ဘုန်းကြီး ရိုက်ခံရတဲ့ သတင်း အမှားဖြစ်ကြောင်း မန္တလေးတိုင်း ဒုရဲမှုးပြော

    ရမည်းသင်းမှာ ဘုန်းကြီး ရိုက်ခံရတဲ့ သတင်း အမှားဖြစ်ကြောင်း မန္တလေးတိုင်း ဒုရဲမှုးပြော

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ရမည်းသင်းမြို့တွင် မနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒုရဲမှူးကိုယ်တိုင် ရမည်းသင်းမြို့သို့ ရောက်ရှိလာပြီး ရမည်းသင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံမှုပြုလုပ်ပြီး ဖြစ်ပေါ်နေသော ပြဿနာရပ်များ အေးချမ်း တည်ငြိမ်စေရန် လိုအပ်သော အရေးယူမှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ယင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ ရမည်းသင်းကို မန္တလေးတိုင်း ဒုရဲမှူးကိုယ်တိုင် ရောက်ရှိလာပြီး ရမည်းသင်းမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို မွတ်စလင်မ်တွေဘက်မှ အချို့လည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။

    အဲဒီအစည်းအဝေးမှာ ရဲမှူးက ရပ်ကွက်တာဝန်ရှိသူ အားလုံးကို မေးပါတယ်။ ဖြစ်စဉ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ ပြောတဲ့အခါ ရွှေပြည်သူ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ကိုသက်ဦးက ပြောပြတယ်။ ဒီမနက်မှာပဲ လူတစ်ချို့က အဓိကရုဏ်းဖြစ်အောင်လုပ်ဖို့ လူစုနေတယ်လို့ သတင်းကြားလို့ အဲဒီကဘုန်းကြီးကျောင်းကို ရောက်သွားတော့ ဘုန်းကြီးကျောင်း ပုရ၀ုဏ်မှာပဲ လူ ၁၀၀ လောက်စုဝေး၀ိုင်းဖွဲ့ပြီး အရက်တွေသောက်နေကြတာကို တွေ့ရတယ်လို့ပြောတယ်။ ပြီးတော့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပြတာက အခုဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဖြစ်လာအောင် အဓိက လှုံ့ဆော်တာကတော့ ‘ထူး’ဘောလုံးအသင်းထောင်ထားတဲ့ ဦးဇော်လွင်ဦးရဲ့သားက အဓိကလှုံ့ဆော်တာဖြစ်တယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ခရိုင်အုပ်ချုပ်ရေးကနေပါ လိုအပ်သလို အရေးယူဖို့လုပ်ပါလို့ ပြောခဲ့တယ်။ အဲဒါက မန္တလေးတိုင်း ဒုရဲမှူးထွန်းနိုင် နဲ့ အစည်းအဝေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တင်ပြသွားတာတွေပါ။ ပြီးတော့ ရွှေကူရပ်ကွက်၊ ပြင်တပ် ရပ်ကွက်နဲ့ သင်ပန်းကုန်းရွာက လူတွေက ပြဿနာတွေဖြစ်အောင် ပိုလုပ်ဆောင်နေတယ်လို့ သိရတဲ့အတွက် အဲဒီက အုပ်ချုပ်ရေးမှူးတွေကိုလည်း ရဲမှူးကပဲ ပြင်းထန်စွာသတိပေးသွားပါတယ်။

    ပြီးတော့ ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းရိုက်တယ်ဆိုတဲ့သတင်းတွေဟာလည်း သတင်းမှားဖြစ်တယ် ဆိုတာကိုလည်း အဲဒီမှာပဲပြောပြပြီး အားလုံးကိုပြောပြဖို့လည်း သတိပေးပါတယ်။ ဒီအစည်းအဝေးပြီးတဲ့နောက်ပိုင်း ဗမက အရှေ့ရပ်ကွက်၊ ကျောင်းတိုက်စုရပ်ကွက် တွေမှာ လုံခြုံရေးတွေ ပိုမိုတိုးချထားတာတွေ့ရတယ်။ ဒါပေမယ့် စံလွတ်ဘုန်းကြီးကျောင်းနဲ့ အနီးတ၀ိုက်က မွတ်စလင်မ်အိမ်ထောင်စု ၃၀-လောက်ကတော့ အဲဒီကနေရာကနေ ရွှေ့ပြောင်းသွားကြတယ်။

    ဒီနေ့ညကို မီးရှို့မယ်ဆိုတော့ ကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း ဘေးလွတ်ရာကို ခေါ်သွားကြတယ်။ တချို့လည်း တပ်ကုန်း၊ မိတ္တီလာနဲ့ ပျော်ဘွယ်ဘက်ကို သွားလိုက်ကြတယ်။ ဒီနေ့ညနေ ၅-နာရီလောက်မှာတော့ ရမည်းသင်းမြို့ထဲမှာ ကားနဲ့ပတ်ပြီး သတိပေးနှိုးဆော်နေပါတယ်။ ပုဒ်မ ၁၄၄ ထုတ်တာမဟုတ်ပေမယ့်။ လူစုလူဝေးနဲ့နေရင် ဖမ်းမယ်၊ ၅-ယောက်ထက်ပိုရင်ဖမ်းမယ်၊ လက်ထဲမှာ ထုတ်-ဓါး ကိုင်ဆောင်ထားတာတွေ့ရင် ဖမ်းမယ်လို့ ကားနဲ့ လှည့်အော်နေပါတယ်။ အခုကိစ္စတွေဖြစ်တဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက မန္တလေးတိုင်း လွှတ်တော်အမတ် ဦးကျော်မြင့်ကလည်း အခုဖြစ်နေတဲ့ကိစ္စတွေ တည်ငြိမ်အောင် ဆောင်ရွက်နေတာလည်းတွေ့ရပါတယ်။

    ပြီးတော့ NLD အမတ်တွေဖြစ်တဲ့ ဦးဇေယျာသော်၊ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်၊ မန္တလေးတိုင်း NLD က ဒေါ်ဝင်းမြမြတို့ကိုလည်း ဒီအကြောင်းအရာတွေ အားလုံးကို အသိပေးတင်ပြထားပါတယ်။ သူတို့တွေလည်း တတ်နိုင်သလောက် ကူညီနေပါတယ်။ အခုလို ၀ိုင်းဝန်းလုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့ညနေပိုင်းမှာတော့ ရမည်းသင်းမှာ ဘာပြဿနာမှ ထပ်မဖြစ်တော့ပါဘူး။ အခုညပိုင်း ၈-နာရီကျော်ကျော် လောက်မှာတောင် လမ်းပေါ်လူ သိပ်မရှိတော့ပါဘူး”လို့ ရမည်းသင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။