News @ M-Media

Blog

  • အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဖြစ်သည်ဟု တူရကီသမ္မတပြော

    အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဖြစ်သည်ဟု တူရကီသမ္မတပြော

    ဧပြီ ၂၊ ၂၀၁၈
    M-Media

    မိန့်ခွန်းပြောနေသည့် အာဒိုဂန်

    – အစ္စရေးနိုင်ငံဟာ အကြမ်းဖက်တိုင်းပြည်တစ်ခု ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားမှာ တူရကီရဲ့ စစ်ရေးဆောင်ရွက်မှုအတွက် ဝေဖန်တာကို ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ဂါဇာမှာ ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် တူရကီရဲ့ ဆုံးမသြ၀ါဒတွေကို လက်ခံမှာမဟုတ်ဘဲ၊ အာဒိုဂန်ဟာ ကာ့ဒ်ရွာသားတွေကို ဗုံးကြဲသူဖြစ်တယ်လို့ နေတန်ယာဟုက စနေနေ့မှာ ဝေဖန်ခဲ့တာပါ။

    “ကျွန်တော်တို့စစ်သားတွေဟာ အက်ဖ်ရင်က ပြည်သူတွေကို ဖိနှိပ်နေတယ်လို့ သူက ပြောတယ်။ နေတန်ယာဟု – ခင်ဗျား သိပ်ပြီး နုံချာသလို၊ သနားဖို့လည်းကောင်းတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေနဲ့ ဖြစ်နေတာပါ။ ဒါပေမယ့် ခင်ဗျားက အဲလိုမဟုတ်ဘူး။ ခင်ဗျားတို့တိုင်းပြည်က အကြမ်းဖက်တိုင်းပြည် ဖြစ်နေတာကိုး” လို့ နိုင်ငံတောင်ပိုင်း အဒါနာပြည်နယ်က အာဏာရ AK ပါတီရဲ့ ကွန်ဂရက်မှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    နေတန်ယာဟုဟာ ပါလက်စတိုင်းကို ‘ကျူးကျော်သိမ်းပိုက်သူ’ ဖြစ်တယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။

    “ခင်ဗျားဟာ အကြမ်းဖက်သမားတစ်ယောက်ပါ။ အဖိနှိပ်ခံ ပါလက်စတိုင်းတွေပေါ်မှာ ခင်ဗျား ဘာလုပ်ခဲ့သလဲဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ကျုပ်တို့ဟာ ဘယ်လို့ ကျူးကျော်သိမ်းပိုက်မှုမျိုးမှ မလုပ်ဘူး”

    ပါလက်စတိုင်းပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခံရမှုကို အမှတ်ရတဲ့ Land Day ချီတက်ဆန္ဒပြမှုကို သောကြာနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းတွေက ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများက ရှုတ်ချခဲ့ပြီး အာဒိုဂန်ကလည်း အစ္စရေးအအစိုးရရဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုလို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

    တူရကီစစ်တပ်ဟာ ဆီးရီးယားက အတိုက်အခံတပ်ဖွဲ့ FSA နဲ့ပေါင်းပြီး ကာ့ဒ်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားက အက်ဖ်ရင်ဒေသကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်ငြိမ်းချမ်းရေး တိုက်တွန်းသည့်အနေဖြင့် အာဖဂန်ပြည်သူများ အစာငတ်ခံဆန္ဒပြ

    တိုင်းပြည်ငြိမ်းချမ်းရေး တိုက်တွန်းသည့်အနေဖြင့် အာဖဂန်ပြည်သူများ အစာငတ်ခံဆန္ဒပြ

    ဧပြီ ၁၊ ၂၀၁၈
    M-Media

    အစာငတ်ခံ ဆန္ဒပြခဲ့သည့် မြင်ကွင်းတစ်ခု

    – တိုင်းပြည်ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းဖို့ တိုက်တွန်းတဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြတဲ့ အာဖဂန်ပြည်သူတွေကို အာဖဂန် အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ (အိုလမာ) က ဖြောင်းဖြခဲ့ပြီး တာလီဘန်နဲ့ အာဖဂန်းအစိုးရအကြား သဘောတူညီချက်တစ်ခု ရရှိအောင် ကူညီပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    မတ်လ ၂၃ ရက်နေ့က တာလီဘန်ရဲ့ ကားဗုံးခွဲမှုကြောင့် လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတောင်ပိုင်း ပြည်နယ်မြို့တော် လက်ရှ်ကာရ်ဂါမှာ ပြည်သူတွေဟာ ကြာသာပတေးနေ့ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးရရှိဖို့ တွန်းအားပေးမှုတစ်ခု ဖြစ်ပါတယ်။

    အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ တဲထိုးကာ အစာငတ်ခံခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာ အိုလမာအဖွဲ့က ကြားဝင်စေ့စပ်ပေးမှုကြောင့် ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်သပိတ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    အဲဒီလို အစာငတ်ခံ ဆန္ဒပြမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးလောက် ကျန်းမာရေးချို့ယွင်းကာ ဆေးရုံတင်ခဲ့ရပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း တိုက်ခိုက်မှုတွေကြောင့် အာဖဂန်မှာ သေဆုံးသူအရေအတွက်ဟာ တစ်သောင်းကျော်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမြင့်ဆုံး သေကြေဒဏ်ရာရမှုကိုလည်း မနှစ်က ကြုံတွေ့ခဲ့ရပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်အိမ်အကူအား သတ်ခဲ့သည့် လင်မယားကို ကူဝိတ်က သေဒဏ်ချ

    ဖိလစ်ပိုင်အိမ်အကူအား သတ်ခဲ့သည့် လင်မယားကို ကူဝိတ်က သေဒဏ်ချ

    ဧပြီ ၁၊ ၂၀၁၈
    M-Media

    သတ်ဖြတ်ခံခဲ့ရသည့် ဖိလစ်ပိုင်အိမ်အကူ ဂျိုအာနာ ဒီမာဖီလစ်

    – ဖိလစ်ပိုင်အိမ်အကူလုပ်သားကို သတ်ဖြတ်ကာ ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အိမ်ရှင်လင်မယားနှစ်ယောက်ကို ကူဝိတ်တရားရုံးက ဒီကနေ့မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။

    လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ပျောက်နေတဲ့ အိမ်အကူ ဂျိုအာနာ ဒီမာဖီလစ်ရဲ့ အလောင်းကို ဖေဖော်ဝါရီ ၆ ရက်နေ့ ကူဝိတ်စီးတီးက တိုက်ခန်းတစ်ခုအတွင်းမှာရှိတဲ့ ရေခဲသေတ္တာထဲမှာ တွေ့ရှိခဲ့တာပါ။

    ဒီကိစ္စကြောင့် ဖိလစ်ပိုင်အိမ်အကူတွေ နိုင်ငံရပ်ခြားမှာ လူမသိ၊ သူမသိ ဒုက္ခသုက္ခတွေ ခံစားနေရမှုကို ပွင့်ထွက်လာစေခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကူဝိတ်နိုင်ငံဆီ အလုပ်သမားစေလွှတ်မှုကို ပိတ်ပင်ခဲ့ပါတယ်။

    ဂျိုအာနာကို သတ်ခဲ့တဲ့ အိမ်ရှင်လင်မယားနှစ်ယောက်ဟာ ဆီးရီးယားကို ရောက်ရှိနေပြီး ဆီးရီးယားအစိုးရက လက်ဘနွန်နိုင်ငံသား နဒါရ် အက်ဆမ် အာဆက်ဖ်ကို ဖေဖော်ဝါရီလအတွင်းမှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ သူ့ရဲ့ဇနီး ဆီးရီးယားနိုင်ငံသူ မိုနာကတော့ ဒမတ်စတ်မှာ ထိန်းသိမ်းခံထားရပါတယ်။

    ကူဝိတ်တရားရုံးက ဒီကနေ့ပြုလုပ်တဲ့ ပထမဆုံး မျက်ကွယ်ကြားနာမှုမှာပဲ ဂျိုအာနာကို သတ်ဖြတ်မှု၊ အလောင်းဖျောက်မှုတွေနဲ့ အိမ်ရှင်လင်မယားနှစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူတွေ ညှင်းပမ်းခံရတဲ့သတင်းဟာ မကြာခဏဆိုသလို ထွက်ပေါ်ခဲ့ပြီး ဂျိုအာနာသေဆုံးမှုသတင်း ထွက်လာပြီးတဲ့နောက် အိမ်အကူတွေရဲ့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေး သဘောတူစာချုပ်တစ်ခုကို ဖိလစ်ပိုင်နဲ့ ကူဝိတ်တို့ ချုပ်ဆိုခဲ့ကြပါတယ်။

    ကူဝိတ်မှာ ဖိလစ်ပိုင်အလုပ်သမား ၂၅၀၀၀၀ ကျော်လောက် ရှိနေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားပြီး အများစုက အိမ်အကူအဖြစ် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ယူအေအီး၊ ဆော်ဒီနဲ့ ကာတာတို့မှာလည်း ဖိလစ်ပိုင်အိမ်အကူလုပ်သားတွေ အများအပြား ရှိနေပါတယ်။

    Ref: Reuters

  • ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကိုလာမည်

    ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကိုလာမည်

    ဧပြီ ၁၊ ၂၀၁၈
    M-Media

    အူရ်ဆူလာ မူလာ

    – ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးဖြစ်ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းဆွေးနွေးရေးမှူး အူရ်ဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

    ခရီးစဉ်အတွင်း မူလာဟာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးနည်းလမ်းတွေ တိုးတက်စေဖို့အတွက် သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

    ကွင်းဆင်းကြည့်ရှုမှုအပြင် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အစိုးရတာဝန်ရှိသူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ထိခိုက်ခံစားရတဲ့ ပြည်သူလူထုတွေနဲ့လည်း သူမက တွေဆုံဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံခရီစဉ်ပြီးရင် မူလာဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ကာ အာဆီယံ-ကုလ နှစ်ပတ်လည် ဒေသတွင်း အစည်းအဝေးကို တက်ရောက်မှာဖြစ်သလို့ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

    Ref: ReliefWeb

  • ပါလက်စတိုင်းများအား သတ်ဖြတ်ခဲ့သည့် စစ်သားများကို အစ္စရေးဝန်ကြီးချုပ်ချီးကျူး၊ ကမ္ဘာက ရှုတ်ချ

    ပါလက်စတိုင်းများအား သတ်ဖြတ်ခဲ့သည့် စစ်သားများကို အစ္စရေးဝန်ကြီးချုပ်ချီးကျူး၊ ကမ္ဘာက ရှုတ်ချ

    ဧပြီ ၁၊ ၂၀၁၈
    M-Media

    ဆန္ဒပြသူများအား အစ္စရေးက ပစ်ခတ်မှုမြင်ကွင်း

    – ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းအရပ်သား ၁၇ ဦးကို ပစ်သတ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ချီးကျူးလိုက်ပြီး ကမ္ဘာတစ်ဝှမ်းက အစ္စရေးတပ်ဖွဲ့အပေါ် ရှုတ်ချမှုတွေ ပြုလုပ်နေတဲ့အချိန် ဒီချီးကျူးမှု ပေါ်ထွက်လာခဲ့တာပါ။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းလယ်ယာတွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ချိန် ဒါကို ဆန့်ကျင်တဲ့ လက်နက်မဲ့ ပါလက်စတိုင်း ၆ ယောက် အစ္စရေးရဲ့ ပစ်သတ်ခံရမှုကို အမှတ်ရတဲ့အနေနဲ့ Land Day ချီတက်ပွဲကို သောကြာနေ့က ဂါဇာကမ်းမြှောင်မှာ ပြုလုပ်ရာမှာ လူ ၁၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ နေတန်ယာဟုက တိုင်းပြည်ရဲ့ နယ်စပ်ကို စောင့်ရှောက်တဲ့၊ အစ္စရေးနိုင်ငံသားတွေ (passover) ပွဲတော်ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်အောင် ဆောင်ရွက်ပေးတဲ့ တပ်ဖွဲ့တွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့စစ်သားတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”

    ဂါဇာက ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ ချီတက်ဆန္ဒပြမှုကို အစ္စရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုအတွက် ကမ္ဘာ့နိုင်ငံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချခဲ့ကြပါတယ်။

    ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူ အရေအတွက်ဟာ ၁၅၀၀ ကျော်လောက်ရှိခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    မနေ့က ဆက်လက်ဆန္ဒပြမှုအတွင်း ၄၉ ဦး ထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။

    နိုင်ငံတကာက ဆန့်ကျင်

    အစ္စရေးရဲ့ ဒီလုပ်ရပ်ကို တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချခဲ့ပါတယ်။

    “အစ္စရေးအစိုးရရဲ့ ဒီလို လူမဆန်တဲ့ တိုက်ခိုက်မှုကို ကျွန်တော့်အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ မနေ့က အစ္စတန်ဘူလ်မှာပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူကေအတိုက်အခံ လေဘာပါတီအကြီးအကဲ ဂျယ်ရမီ ကော်ရ်ဘန်ကလည်း အစ္စရေးစစ်တပ်ရဲ့ အင်အားသုံးဆောင်ရွက်မှုဟာ စက်ဆုပ်စရာကိစ္စဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု လျင်လျင်မြန်မြန်ရရှိဖို့အတွက် ယူကေအစိုးရဟာ အသံ ထုတ်ကိုထုတ်ရပါလိမ့်မယ်” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဂျော်ဒန်အစိုးရက အစ္စရေးရဲ့လုပ်ရပ်ဟာ ပါလက်စတိုင်းတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ချိုးဖောက်ကာ အလွန်အကျွံ အင်အားသုံးတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာအစိုးရက သောကြာနေ့မှာ အစ္စရေးကို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး၊ ကူဝိတ်ကလည်း လုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က အစ္စရေးရဲ့လုပ်ရပ်ကို ရှုတ်ချတဲ့ ကြေငြာချက် ထုတ်ပြန်မှုကို ကန့်ကွက်ခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရစ်က အဲဒီကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး၊ ကုလဟာ ငြိမ်းချမ်းရေး ပြန်လည်ရှင်သန်လာဆို့အတွက် အဆင်သင့်ရှိနေတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

    Ref: Aljazeera