ဧပြီ ၂၊ ၂၀၁၈
M-Media

– အစ္စရေးနိုင်ငံဟာ အကြမ်းဖက်တိုင်းပြည်တစ်ခု ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားမှာ တူရကီရဲ့ စစ်ရေးဆောင်ရွက်မှုအတွက် ဝေဖန်တာကို ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဂါဇာမှာ ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် တူရကီရဲ့ ဆုံးမသြ၀ါဒတွေကို လက်ခံမှာမဟုတ်ဘဲ၊ အာဒိုဂန်ဟာ ကာ့ဒ်ရွာသားတွေကို ဗုံးကြဲသူဖြစ်တယ်လို့ နေတန်ယာဟုက စနေနေ့မှာ ဝေဖန်ခဲ့တာပါ။
“ကျွန်တော်တို့စစ်သားတွေဟာ အက်ဖ်ရင်က ပြည်သူတွေကို ဖိနှိပ်နေတယ်လို့ သူက ပြောတယ်။ နေတန်ယာဟု – ခင်ဗျား သိပ်ပြီး နုံချာသလို၊ သနားဖို့လည်းကောင်းတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေနဲ့ ဖြစ်နေတာပါ။ ဒါပေမယ့် ခင်ဗျားက အဲလိုမဟုတ်ဘူး။ ခင်ဗျားတို့တိုင်းပြည်က အကြမ်းဖက်တိုင်းပြည် ဖြစ်နေတာကိုး” လို့ နိုင်ငံတောင်ပိုင်း အဒါနာပြည်နယ်က အာဏာရ AK ပါတီရဲ့ ကွန်ဂရက်မှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
နေတန်ယာဟုဟာ ပါလက်စတိုင်းကို ‘ကျူးကျော်သိမ်းပိုက်သူ’ ဖြစ်တယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။
“ခင်ဗျားဟာ အကြမ်းဖက်သမားတစ်ယောက်ပါ။ အဖိနှိပ်ခံ ပါလက်စတိုင်းတွေပေါ်မှာ ခင်ဗျား ဘာလုပ်ခဲ့သလဲဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ကျုပ်တို့ဟာ ဘယ်လို့ ကျူးကျော်သိမ်းပိုက်မှုမျိုးမှ မလုပ်ဘူး”
ပါလက်စတိုင်းပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခံရမှုကို အမှတ်ရတဲ့ Land Day ချီတက်ဆန္ဒပြမှုကို သောကြာနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းတွေက ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
ဒီအဖြစ်အပျက်အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများက ရှုတ်ချခဲ့ပြီး အာဒိုဂန်ကလည်း အစ္စရေးအအစိုးရရဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုလို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
တူရကီစစ်တပ်ဟာ ဆီးရီးယားက အတိုက်အခံတပ်ဖွဲ့ FSA နဲ့ပေါင်းပြီး ကာ့ဒ်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားက အက်ဖ်ရင်ဒေသကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။
Ref: Aljazeera