News @ M-Media

Blog

  • ပြင်သစ်ကုန်တိုက်ကို သေနတ်သမားတစ်ဦးက ၀င်စီး၊ ၂ ဦးသေဆုံး

    ပြင်သစ်ကုန်တိုက်ကို သေနတ်သမားတစ်ဦးက ၀င်စီး၊ ၂ ဦးသေဆုံး

    မတ် ၂၃၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း ထရီဘက်စ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် သေနတ်သမားတစ်ဦးက စီးနင်းကာ ဓားစာခံများအား ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်သမားအား အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ပြင်သစ်အာဏာပိုင်များက သေနတ်သမားမှာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြခဲ့သည်။

    ပြင်သစ်ဝန်ကြီးချုပ် အက်ဒ၀ပ် ဖိလစ်က အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် မှတ်ယူသည်ဟု ထုတ်ပြန်ခဲ့သည်။

    Sciences Po မှ နိုင်ငံရေး သုံးသပ်သူ ဂျူလီယံ သာရွန်က သေနတ်သမားမှာ ပြင်သစ်ထောက်လှမ်းရေးဌာန၏ စာရင်းတွင် ရှိနေသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြင်သစ် ပြည်တွင်းလုံခြုံရေးဌာန DGSI က ဒီလူကို သူတို့သိတယ်လို့ ပြောပါတယ်။ ဒီလူက IS အဖွဲ့ဝင်လို့ပြောပေမယ့် IS က ဒီကိစ္စအတွက် တာဝန်မယူသေးပါဘူး။ ဆီးရီးယားက သူ့ညီအစ်ကိုတွေကို ကာကွယ်ဖို့လုပ်တယ်လို့ သေနတ်သမားကပြောတယ်။ ဘာတာကလန်တိုက်ခိုက်မှုမှာ ပါဝင်သူ ဆာလာ အဘ်ဒဲလ်ဆလမ်ကို လွှတ်ပေးဖို့လည်း သူက ပြောပါတယ်”

    Ref: Aljazeera

  • အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    မတ် ၂၃၊ ၂၀၁၈
    M-Media

    တိုက်ခိုက်မှုဒဏ် ခံရသည့် ကလေးငယ်တစ်ဦး

    – မြို့တော်ဒမတ်စကတ်အနီး အရှေ့ဂူတာဒေသတွင် ဆီးရီးယားအစိုးရက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အာရ်ဘင်းမြို့တွင်ဖြစ်ပြီး အရပ်သားများ ပုံးအောင်းနေသည့် မြေအောက်ခန်းတစ်ခုသို့ အာဆတ်အစိုးရတပ်များက ယမန်နေ့တွင် မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    မြေပြင်သတင်းရင်းမြစ်များနှင့် White Helmets အဖွဲ့က သေဆုံးသူများမှာ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေပြီး ဆေးကုသမှု ခံယူနေရသည်။

    ယခုလအစောပိုင်းကလည်း ဆီးရီးယားအစိုးရတပ်မှာ အာရ်ဘင်းမြို့တွင် ကလိုရင်းဓာတ်ငွေ့များ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု White Helmets အဖွဲ့က ပြောကြားခဲ့သည်။ သူပုန်များ ထိန်းချုပ်ထားသည့် အဆိုပါ အရှေ့ဂူတာဒေသတွင် အာဆတ်အစိုးရတပ်မှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ခဲ့သည်။

    အရှေ့ဂူတာကို ၂၀၁၃ ခုနှစ်ကတည်းက လက်နက်ကိုင်သူပုန်များက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတပ်များ တိုက်ခိုက်မှုကြောင့် ထိုဒေသတွင် သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၅၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။

    Ref: Aljazeera

  • ဆိုလ်းမြို့တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်များ ထပ်မံတည်ဆောက်မည်

    ဆိုလ်းမြို့တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်များ ထပ်မံတည်ဆောက်မည်

    မတ် ၂၃၊ ၂၀၁၈
    M-Media

    ဆိုလ်းမြို့ရှိ ဂျာမေဗလီဝတ်ကျောင်းတော်

    – မွတ်စလင်နိုင်ငံတွေက လာရောက်တဲ့ ခရီးသည်တွေ များလာတာကြောင့် ဆိုလ်းမြို့မှာ ၀တ်ပြုခန်းတွေ ပိုမို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုလ်းမြို့အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး မေလအတွင်း အဆင်သင့်ဖြစ်မယ်လို့ ဆိုပါတယ်။

    ကမ္ဘာလှည့်ခရီးသွားတွေ လူကြိုက်များတဲ့ နေရာတွေမှာ ၀တ်ပြုဆောင် ၃ ခု ဆောက်လုပ်ဖို့အတွက် ၀မ် သန်း ၂၀၀ သုံးစွဲဖို့ ဆိုးလ်အစိုးရက စီစဉ်ထားပြီး အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေကို ပိုမိုစွဲဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ကိုရီးယား ခရီးသွားလာရေးအဖွဲ့ KTO က ၂၀၁၆ ခုနှစ်အတွင်း အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ခရီးသွား စုစုပေါင်း ၉၈၅၈၅၈ ဦး ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ၂၀၁၄ ခုနှစ်ကနေစလို့ ကိုရီးယားကိုလာရောက်တဲ့ မွတ်စလင်ခရီးသွားအရေအတွက် မြင့်တက်လာတာဖြစ်ပါတယ်။

    ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာရေးဆိုင်ရာ ၀တ်ပြုရာနေရာဟာ ၇၈ ခုသာရှိပြီး များသောအားဖြင့် ဗလီဝတ်ကျောင်းတော်တွေ၊ တက္ကသိုလ်နဲ့ ဆေးရုံက ၀တ်ပြုခန်းတွေ ဖြစ်ပါတယ်။

    ဆိုးလ်မြို့မှာ မွတ်စလင်တွေအတွက် ၀တ်ပြုရာနေရာ ၁၄ ခုသာရှိပြီး ဗလီဝတ်ကျောင်းတော်တွေကို ဖယ်လိုက်ရင် ကမ္ဘာလှည့်ခရီးသွားတွေ အသုံးပြုနိုင်မယ့် ၀တ်ပြုဆောင်က ၃ ခု၊ တက္ကသိုလ်ဝတ်ပြုဆောင် ၄ ခုနဲ့ ဆေးရုံဝတ်ပြုဆောင် ၆ ခုသာ ရှိပါတယ်။

    ဆိုးလ်အစိုးရဟာ နိုင်ငံအတွင်းက မွတ်စလင်တွေ၊ အစ္စလာမ့်ဓမ္မပညာရှင်တွေထံကနေ အကြံအဉာဏ်ရယူခဲ့ပြီး မြို့ထဲမှာရှိနေတဲ့ ခရီးသွားသတင်းအချက်အလက်စင်တာမှာ ၀တ်ပြုခန်းတွေ ဖန်တီးပေးဖို့ စီစဉ်ထားပြီး အမျိုးသား၊ အမျိုးသမီးတွေအတွက် သီးသန့်ခန်းတွေ သတ်မှတ်ပေးထားမှာဖြစ်သလို ကုရ်အာန်ကျမ်းစာတွေကိုလည်း ထားပေးမှာ ဖြစ်ပါတယ်။

    Ref: Korea Times

  • နွားကိစ္စဖြင့် မွတ်စလင်တစ်ဦးအား သတ်ဖြတ်မှုအတွက် လူ ၁၁ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    နွားကိစ္စဖြင့် မွတ်စလင်တစ်ဦးအား သတ်ဖြတ်မှုအတွက် လူ ၁၁ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    မတ် ၂၃၊ ၂၀၁၈
    M-Media

    – အမဲသားပို့ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် မွတ်စလင်တစ်ဦးအား ရိုက်နှက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သူ ၁၁ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး “နွားစောင့်ရှောက်ရေး” နှင့်ပတ်သက်၍ ပထမဆုံး ပြစ်ဒဏ်ချမှတ်မှု ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ဇွန်လတွင် နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်လန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်မှာ ဟိန္ဒူဘာသာက အထွဋ်အမြတ်ထားသည့် နွားကာကွယ်စောင့်ရှောက်ရေးနှင့် ဆက်စပ်သော တိုက်ခိုက်မှုများမှ တစ်ခုလည်းဖြစ်သည်။

    ပြစ်မှုထင်ရှားသူများတွင် ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ အာဏာရပါတီမှ အလုပ်သမားတစ်ဦး ပါဝင်သည်။

    သတ်ဖြတ်မှုတွင် ပါဝင်သူများကို လူသတ်မှု၊ အဓိကရုဏ်းဖန်တီးမှု၊ အခြား ရာဇ၀တ်မှုများဖြင့် တရားစွဲဆိုကာ ဂျာ့ခ်လန်းပြည်နယ်ရှိ ရမ်ဂါခရိုင် တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

    “တရားရုံးက မြန်မြန်ဆန်ဆန်ပဲ စစ်ဆေးပြီး မနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါဟာ နွားစောင့်ရှောက်တဲ့ကိစ္စမှာ ကျူးလွန်သူတွေကို ပထမဆုံး တရားစွဲဆို အပြစ်ပေးမှုဖြစ်ပါတယ်” ဟု ရမ်ဂါခရိုင်မှ အကြီးတန်း ရဲတပ်ဖွဲ့ဝင် ရာဂျစ်ကူးမားက ပြောကြားခဲ့သည်။

    သတ်ဖြတ်မှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း တရားရုံးက ၁၁ ဦးကိုသာ ပြစ်ဒဏ်ချခဲ့ပြီး ၁၂ ဦးမြောက်မှာ အသက်မပြည့်သေးသည့်အတွက် ဆိုင်းငံ့ထားခဲ့သည်ဟု ကူးမားက ထည့်သွင်းပြောဆိုခဲ့သည်။

    ကျွဲနွားများပေါ်ကာ ရောင်းချမှုနှင့်ပတ်သက်၍ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း ပိုမို တွေ့လာခဲ့ရသည်။ ဂျာခ့်လန်းအပါအ၀င် တစ်ချို့ပြည်နယ်များတွင် နွားများအား သတ်ဖြတ်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

    မွတ်စလင်များနှင့် ဟိန္ဒူဇာတ်နိမ့်များမှာ နွားများအား ပေါ်ခြင်းနှင့် စားသုံးခြင်းတို့အတွက် ဟိန္ဒူဇာတ်မြင့်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပြီး အချို့အမှုများမှာ တရားရုံးတွင် ကြားနားဆဲအခြေအနေတွင် ရှိနေသည်။

    Ref: Alarabiya

  • တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    တရုတ်ပစ္စည်းများအပေါ် အမေရိကန်က အခွန်ကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်

    မတ် ၂၃၊ ၂၁၈
    M-Media

    – တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်း ကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုးအတွက် အခွန်ကောက်ခံမယ့် အမိန့်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာဖို့ လမ်းစ ဖြစ်ပါတယ်။

    ထရမ့်က ဒီဆောင်ရွက်မှုဟာ အမေရိကန်ရဲ့ နည်းပညာတွေကို တရုတ်က ခိုးယူမှု၊ အမေရိကန်ကုမ္ပဏီတွေကို ဖိအားပေးကာ လက်ပြောင်းရယူမှုတွေအတွက် ပြစ်ဒဏ်ခတ်တာဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုတွေရဲ့ အများအပြားရဲ့ ‘ပထမဆုံး’ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “လက်ရှိ ကျွန်တော်တို့ဟာ အသိပညာပိုင်းဆိုင်ရာ ခိုးယူခံရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်”

    အခွန်ကောက်ခံမယ့် ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ၁၅ ရက်အတွင်း ထုတ်ပြန်ဖို့အတွက် ထရမ့်ဟာ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ (USTR) ကို ညွှန်ကြားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ USTR ဟာ ကန်ဒေါ်လာ ၄၈ ဘီလီယံဖိုးရှိမယ့် ကုန်ပစ္စည်းပေါင်း ၁၃၀၀၀ လောက်ကို စာရင်းပြုစုထားပြီး ဖြစ်ပါတယ်။

    ကန့်သတ်ရမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စာရင်းတွေကိုလည်း ထရမ့်က ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်ထံကနေ တောင်းထားပါတယ်။

    အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးကွာဟမှု ဒေါ်လာ ၃၇၅ ဘီလီယံရှိတာကို ထောက်ပြပြီး ထရမ့်က အမေရိကန်တွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးကွာဟချက်ပါပဲ။ ထိန်းလို့မရပါဘူး”

    တရုတ်က မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေအားလုံး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီး စီးပွားရေးအင်အားကြီးနိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera