News @ M-Media

Blog

  • အစ္စလာမ်သာသနာ အပိုင်စီးခံနေရသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အစ္စလာမ်သာသနာ အပိုင်စီးခံနေရသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၂၄၊ ၂၀၁၈
    M-Media

    – အစ္စလာမ်သာသနာဟာ ယုတ္တိတန်ပြီး အလယ်အလတ်ကျတဲ့ သာသနာအဖြစ် မိမိအနေနဲ့ယုံကြည်ပြီး လူတွေက ဒီသာသနာကို အပိုင်စီးထားကြတာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ကို အလတ်အပတ်ရောက်ရှိနေတဲ့ ဘင် ဆလ်မန်ဟာ ၀ါရှန်တန်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    “အစ္စလာမ်ဟာ ယုတ္တိယုတ္တာရှိတယ်၊ ရိုးရှင်းပါတယ်။ လူတွေက ဒီသာသနာကို အပိုင်စီးဖို့ ကြိုးစားနေကြတာပါ” လို့ ပညာရှင်တွေနဲ့ ဆွေးနွေးစဉ်မှာ မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာသာရေးဆိုင်ရာကိစ္စတွေမှာ မဟာမိတ်တွေ ပိုရှိလာတာကြောင့် ဒီကိစ္စကို ဖြေရှင်းရေးမှာ ဘင် ဆလ်မန်က အကောင်းမြင်နေပါတယ်။

    ကားမောင်းခွင့်ပေးတာအပါအ၀င် ဆော်ဒီအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ဒီလို ကန့်သတ်မှုတွေဟာ အစ္စလာမ်သာသာနာနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာ ရှေးရိုးစွဲတွေ လက်ခံလာအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

    အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ဆော်ဒီက လုပ်ဆောင်နေတာတွေကို ကမ္ဘာကြီးသိအောင် ကြေငြာသွားမယ်လို့လည်း မင်းသားက ပြောပါတယ်။

    အင်တာဗျူးမှာ အရှေ့အလယ်ပိုင်း စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့လည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ပြဿနာတွေသာ ဖြေရှင်းပြီးသွားရင် အရှေ့အလယ်ပိုင်းဟာ နောက်ထပ် ဥရောပတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

    Ref: Alarabiya

  • ဆော်ဒီကို အမေရိကန်က ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စစ်လက်နက်ပစ္စည်းများ ရောင်းချမည်

    ဆော်ဒီကို အမေရိကန်က ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စစ်လက်နက်ပစ္စည်းများ ရောင်းချမည်

    မတ် ၂၃၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျကို ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးလောက် လက်နက်ရောင်းချဖို့ အဆိုပြုမှုကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

    ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေထဲမှာ ဒုံးကျည်ဒဏ်ခံ TOW တင့်ကား သန်း ၆၇၀ ဖိုး၊ ရဟတ်ယာဉ် ထိန်းသိမ်းမှုအတွက် ကန်ဒေါ်လာ သန်း ၁၆၀ တန် ကန်ထရိုက်၊ စစ်ဖက်ယာဉ်တွေအတွက် အပိုပစ္စည်း သန်း ၃၀၀ ဖိုးတွေ ပါဝင်တယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မိတ်ဖက်နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်ပေးတဲ့ ဒီရောင်းချမှုဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်”

    ဒီရောင်းချမှုအတွက် အောက်လွှတ်တော်ကို အသိပေးထားပြီးဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အမေရိကန်ကို ၃ ပတ်ကြာ ရောက်ရှိနေတဲ့အချိန်မှာ ဒီကြေငြာချက် ထွက်ပေါ်လာတာပါ။

    ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ဘင် ဆလ်မန်ကို လက်ခံတွေ့ဆုံခဲ့ပြီး ဆော်ဒီအနေနဲ့ အလုပ်အကိုင်တွေ၊ စစ်လက်နက်ဝယ်ယူမှုတွေကနေတစ်ဆင့် ကြွယ်ဝမှုကို မျှဝေပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီက ပါဝင်နေမှုကြောင့် လက်နက်ရောင်းချမှုတွေကို ရပ်တန့်ဖို့ ဒါမှမဟုတ် ကန့်သတ်ဖို့အတွက် အမေရိကန်လွှတ်တော်အမတ်တွေ၊ တက်ကြွက်လှုပ်ရှားသူတွေက ထရမ့်အစိုးရက တောင်းဆိုတာမျိုးတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ပြင်သစ်ကုန်တိုက်ကို သေနတ်သမားတစ်ဦးက ၀င်စီး၊ ၂ ဦးသေဆုံး

    ပြင်သစ်ကုန်တိုက်ကို သေနတ်သမားတစ်ဦးက ၀င်စီး၊ ၂ ဦးသေဆုံး

    မတ် ၂၃၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း ထရီဘက်စ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် သေနတ်သမားတစ်ဦးက စီးနင်းကာ ဓားစာခံများအား ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်သမားအား အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ပြင်သစ်အာဏာပိုင်များက သေနတ်သမားမှာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြခဲ့သည်။

    ပြင်သစ်ဝန်ကြီးချုပ် အက်ဒ၀ပ် ဖိလစ်က အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် မှတ်ယူသည်ဟု ထုတ်ပြန်ခဲ့သည်။

    Sciences Po မှ နိုင်ငံရေး သုံးသပ်သူ ဂျူလီယံ သာရွန်က သေနတ်သမားမှာ ပြင်သစ်ထောက်လှမ်းရေးဌာန၏ စာရင်းတွင် ရှိနေသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြင်သစ် ပြည်တွင်းလုံခြုံရေးဌာန DGSI က ဒီလူကို သူတို့သိတယ်လို့ ပြောပါတယ်။ ဒီလူက IS အဖွဲ့ဝင်လို့ပြောပေမယ့် IS က ဒီကိစ္စအတွက် တာဝန်မယူသေးပါဘူး။ ဆီးရီးယားက သူ့ညီအစ်ကိုတွေကို ကာကွယ်ဖို့လုပ်တယ်လို့ သေနတ်သမားကပြောတယ်။ ဘာတာကလန်တိုက်ခိုက်မှုမှာ ပါဝင်သူ ဆာလာ အဘ်ဒဲလ်ဆလမ်ကို လွှတ်ပေးဖို့လည်း သူက ပြောပါတယ်”

    Ref: Aljazeera

  • အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    မတ် ၂၃၊ ၂၀၁၈
    M-Media

    တိုက်ခိုက်မှုဒဏ် ခံရသည့် ကလေးငယ်တစ်ဦး

    – မြို့တော်ဒမတ်စကတ်အနီး အရှေ့ဂူတာဒေသတွင် ဆီးရီးယားအစိုးရက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အာရ်ဘင်းမြို့တွင်ဖြစ်ပြီး အရပ်သားများ ပုံးအောင်းနေသည့် မြေအောက်ခန်းတစ်ခုသို့ အာဆတ်အစိုးရတပ်များက ယမန်နေ့တွင် မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    မြေပြင်သတင်းရင်းမြစ်များနှင့် White Helmets အဖွဲ့က သေဆုံးသူများမှာ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေပြီး ဆေးကုသမှု ခံယူနေရသည်။

    ယခုလအစောပိုင်းကလည်း ဆီးရီးယားအစိုးရတပ်မှာ အာရ်ဘင်းမြို့တွင် ကလိုရင်းဓာတ်ငွေ့များ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု White Helmets အဖွဲ့က ပြောကြားခဲ့သည်။ သူပုန်များ ထိန်းချုပ်ထားသည့် အဆိုပါ အရှေ့ဂူတာဒေသတွင် အာဆတ်အစိုးရတပ်မှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ခဲ့သည်။

    အရှေ့ဂူတာကို ၂၀၁၃ ခုနှစ်ကတည်းက လက်နက်ကိုင်သူပုန်များက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတပ်များ တိုက်ခိုက်မှုကြောင့် ထိုဒေသတွင် သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၅၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။

    Ref: Aljazeera

  • ဆိုလ်းမြို့တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်များ ထပ်မံတည်ဆောက်မည်

    ဆိုလ်းမြို့တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်များ ထပ်မံတည်ဆောက်မည်

    မတ် ၂၃၊ ၂၀၁၈
    M-Media

    ဆိုလ်းမြို့ရှိ ဂျာမေဗလီဝတ်ကျောင်းတော်

    – မွတ်စလင်နိုင်ငံတွေက လာရောက်တဲ့ ခရီးသည်တွေ များလာတာကြောင့် ဆိုလ်းမြို့မှာ ၀တ်ပြုခန်းတွေ ပိုမို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုလ်းမြို့အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး မေလအတွင်း အဆင်သင့်ဖြစ်မယ်လို့ ဆိုပါတယ်။

    ကမ္ဘာလှည့်ခရီးသွားတွေ လူကြိုက်များတဲ့ နေရာတွေမှာ ၀တ်ပြုဆောင် ၃ ခု ဆောက်လုပ်ဖို့အတွက် ၀မ် သန်း ၂၀၀ သုံးစွဲဖို့ ဆိုးလ်အစိုးရက စီစဉ်ထားပြီး အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေကို ပိုမိုစွဲဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ကိုရီးယား ခရီးသွားလာရေးအဖွဲ့ KTO က ၂၀၁၆ ခုနှစ်အတွင်း အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ခရီးသွား စုစုပေါင်း ၉၈၅၈၅၈ ဦး ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ၂၀၁၄ ခုနှစ်ကနေစလို့ ကိုရီးယားကိုလာရောက်တဲ့ မွတ်စလင်ခရီးသွားအရေအတွက် မြင့်တက်လာတာဖြစ်ပါတယ်။

    ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာရေးဆိုင်ရာ ၀တ်ပြုရာနေရာဟာ ၇၈ ခုသာရှိပြီး များသောအားဖြင့် ဗလီဝတ်ကျောင်းတော်တွေ၊ တက္ကသိုလ်နဲ့ ဆေးရုံက ၀တ်ပြုခန်းတွေ ဖြစ်ပါတယ်။

    ဆိုးလ်မြို့မှာ မွတ်စလင်တွေအတွက် ၀တ်ပြုရာနေရာ ၁၄ ခုသာရှိပြီး ဗလီဝတ်ကျောင်းတော်တွေကို ဖယ်လိုက်ရင် ကမ္ဘာလှည့်ခရီးသွားတွေ အသုံးပြုနိုင်မယ့် ၀တ်ပြုဆောင်က ၃ ခု၊ တက္ကသိုလ်ဝတ်ပြုဆောင် ၄ ခုနဲ့ ဆေးရုံဝတ်ပြုဆောင် ၆ ခုသာ ရှိပါတယ်။

    ဆိုးလ်အစိုးရဟာ နိုင်ငံအတွင်းက မွတ်စလင်တွေ၊ အစ္စလာမ့်ဓမ္မပညာရှင်တွေထံကနေ အကြံအဉာဏ်ရယူခဲ့ပြီး မြို့ထဲမှာရှိနေတဲ့ ခရီးသွားသတင်းအချက်အလက်စင်တာမှာ ၀တ်ပြုခန်းတွေ ဖန်တီးပေးဖို့ စီစဉ်ထားပြီး အမျိုးသား၊ အမျိုးသမီးတွေအတွက် သီးသန့်ခန်းတွေ သတ်မှတ်ပေးထားမှာဖြစ်သလို ကုရ်အာန်ကျမ်းစာတွေကိုလည်း ထားပေးမှာ ဖြစ်ပါတယ်။

    Ref: Korea Times