News @ M-Media
Blog
  • လူမလိုသည့် ရဲတပ်ဖွဲ့စီမံကိန်း ဒူဘိုင်းစတင်
    လူမလိုသည့် ရဲတပ်ဖွဲ့စီမံကိန်း ဒူဘိုင်းစတင်
    မတ် ၁၃၊ ၂၀၁၈
    M-Media
    – ဒူဘိုင်းရဲတပ်ဖွဲ့ ကမ္ဘာ့ အစွမ်းထက်ဆုံး နည်းပညာတွေကိုသုံးပြီး ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုကို စတင်နေတယ်လို့ ဒူဘိုင်းအနာဂတ်ဖောင်ဒေးရှင်း DFF က မနေ့မှာ ကြေငြာလိုက်ပါတယ်။
    ‘ရဲသားမရှိသော ရဲတပ်ဖွဲ့’ လို့ နာမည်ပေးထားပြီး ဒူဘိုင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ၁၀ စုနှစ်တစ်ခု ခုန်ကျော်ရေး အစီစဉ် Dubai 10X ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    အဆင့်မြင့်နည်းပညာတွေကိုသုံးပြီး ရဲလုပ်ငန်းစဉ်ဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ အဆင့် ၃ ဆင့် ပါဝင်မှာဖြစ်ပြီး ပထမအဆင့်က နိုင်ငံတစ်ဝှမ်း အိမ်တိုင်း၊ ခြံတိုင်းမှာ ကင်မရာတွေ တပ်ဆင်တာ၊ crowdsourcing စနစ်၊ အဆင့်မြင့်နည်းပညာများ ဖြန့်ကျက် ချထားတာတွေနဲ့ ပြည်သူ့လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်မှု ဖြစ်ပါတယ်။
    ဒုတိယအဆင့် ဆောင်ရွက်မှုက surveillance blimp လို့ခေါ်တဲ့ လေကြောင်းအခြေပြု သတိပေးစနစ် တပ်ဆင်အသုံးပြုတာဖြစ်ပြီး နိုင်ငံရဲ့ ဝေဟင်ပိုင်နက်နဲ့ မြေပြင်က ကိစ္စတွေကိုပါ ထောက်လှမ်း စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
    တတိယအဆင့်ကတော့ ရဲစခန်းတွေ တိုးချဲ့စရာမလိုမယ့် Station on Patrol စနစ် အကောင်အထည်ဖော်ရေးဖြစ်ပြီး အရေးပေါ်အခြေအနေတွေကို အမြန်ဆုံးတုန့်ပြန်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    ဒူဘိုင်းရဲချုပ် အဘ်ဒူလာ အလ်-မာရီက ဒီလို နည်းပညာသစ်တွေဟာ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအဆင့်ကို မြင့်မားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီစီမံကိန်းတွေနဲ့ ကျွန်တော်တို့ဟာ လူမလိုတဲ့ ရဲလုပ်ငန်းစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေး အဆင့်အတန်းမြင့်စေဖို့၊ စိန်ခေါ်မှုတွေကို အမြန်ဆုံး တုန့်ပြန်နိုင်ဖို့၊ ကျွန်တော်တို့နိုင်ငံသားတွေ၊ ကျွန်တော်တို့တိုင်းပြည်မှာ နေထိုင်တဲ့သူတွေ ပျော်ရွှင်ချမ်းမြေ့စေဖို့အတွက် ပြည်သူလူထုနဲ့ပူးပေါင်းကာ ဒီစီမံကိန်းတွေကို ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်”
    ရာဇ၀တ်ကောင်တွေကို အတည်ပြုရတာ၊ ဖမ်းဆီးရတာတွေမှာ ပုံမှန်ရဲလုပ်ငန်းစဉ်တွေက အချိန်ကြာမြင့်ကြောင်း၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောင်ရွက်မယ့် အခုစီမံကိန်းက လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့ မြန်ဆန်စေမှာ ဖြစ်ကြောင်းလည်း ရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Alarabiya
  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
    မတ် ၁၃၊ ၂၀၁၈
    M-Media
    – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်လိုက်ပြီး စီအိုင်အေအကြီးအကဲ မိုက် ပွမ်ပီယိုကို အစားထိုးခန့်အပ်ခဲ့သည်ဟု သိရသည်။
    “စီအိုင်အေဒါရိုက်တာ မိုက် ပွမ်ပီယိုအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာမှာဖြစ်ပါတယ်။ သူဟာ ထူးခြားကောင်းမွန်အောင် ဆောင်ရွက်မှာပါ။ ရက်စ်တီလာဆန်ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေး ဇူးတင်ပါတယ်” ဟု ထရမ့်က ယနေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။
    အာဖရိကသို့ သွားရောက်နေသည့် တီလာဆန်မှာ ခရီးစဉ်ကို ပယ်ဖျက်ကာ ယမန်နေ့က ၀ါရှန်တန်ဒီစီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုစဉ်ကတည်းက တီလာဆန်၏ အနာဂတ်နှင့်ပတ်သက်၍ ခန့်မှန်းပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။
    ထရမ့်က တီလာဆန်၏ ၁၄ လတာ ကာလအတွင်း ကြီးမားသည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနှင့် ၎င်း၏မိသားစုအတွက် ဆုမွန်ကောင်းတောင်းပါကြောင်း ထည့်သွင်းရေးသားခဲ့သည်။
    ထရမ့်၏ ယခုဆောင်ရွက်မှုမှာ အာဏာရပြီးကတည်းက အစိုးရအတွင်း တုန်လှုပ်ဖွယ်အကောင်းဆုံးလည်း ဖြစ်သည်။
    အီရန်နှင့် နျူသဘောတူညီချက်ကိစ္စ၊ ကာတာအား ဆော်ဒီဦးဆောင်သည့်အဖွဲ့က အဆက်အသွယ်ဖြတ်တောက်မှု၊ မြောက်ကိုရီးယားပြဿနာတို့ အပါအ၀င် နိုင်ငံခြားရေးရာ ကိစ္စအများအပြား၌ ထရမ့်နှင့် တီလာဆန်တို့အကြား သဘောထားကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။
    ထရမ့်မှာ တီလာဆန်အား ရာထူးမှ ထုတ်ပယ်ရန်ရှိသည်ဟု ပြီးခဲ့သည့် အောက်တိုဘာလကတည်းက သတင်းထွက်ပေါ်ခဲ့သည်။
    Ref: Aljazeera
  • ဂါဇာတွင် ပါလက်စတိုင်းဝန်ကြီးချုပ်ယာဉ်တန်း ဗုံးခွဲခံရ
    ဂါဇာတွင် ပါလက်စတိုင်းဝန်ကြီးချုပ်ယာဉ်တန်း ဗုံးခွဲခံရ
    မတ် ၁၃၊ ၂၀၁၈
    M-Media
    – ဂါဇာကမ်းမြှောင်သို့ ရောက်ရှိလာသည့် ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာဟ်၏ ယာဉ်တန်းမှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ဂါဇာမြောက်ပိုင်း အစ္စရေးနှင့်ကပ်နေသည့် ဘီအစ်ဟာနွန်စစ်ဆေးရေးဂိတ်မှ ၎င်းတို့ယာဉ်တန်း ဖြတ်သန်းသွားပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    အဆိုပါယာဉ်တန်းတွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထောက်လှမ်းရေးအကြီးအကဲ မာဂျစ် ဖာရက်ဂ်ျလည်း လိုက်ပါလာခဲ့သည်။
    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်၏ ဖာတာပါတီက ထိုလုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုဟု သုံးနှုန်းခဲ့ပြီး ဟားမက်စ်အဖွဲ့က လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့သည်။
    “ဒီတိုက်ခိုက်မှုဟာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို သင်းသတ်ဖို့ ကြိုးစားမှုပါ။ မတည်မငြိမ်ဖြစ်အောင်၊ ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေဖြစ်အောင် ရည်ရွယ်တဲ့ အန္တရာယ်ကြီးတဲ့ လုပ်ရပ်ပါပဲ” ဟု ဖာတာအဖွဲ့၏ သတင်းအချက်အလက်ဌာန အကြီးအကဲ မူနီရ် အလ်-ဂျာဂူဘ်က ပြောကြားခဲ့သည်။
    ထို့ပြင် ဟားမက်စ်အနေဖြင့် ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
    ဂါဇာကမ်းမြှောင် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယဒ် အလ်-ဘူဇွမ်က ထိုစွပ်စွဲချက်မှာ နိုင်ငံရေးအရောင်ပါနေသည်ဟု တုန့်ပြန်ခဲ့ပြီး တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်း၏ အဓိက နိုင်ငံရေးပါတီနှစ်ခုဖြစ်သော ဟားမက်စ်နှင့် ဖာတာတို့မှာ ဆယ်စုနှစ်တစ်ခုကြာ သဘောထားမတိုက်ဆိုင်မှု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရင်ကြားစေ့ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
    သို့သော်လည်း သဘောတူညီချက်များကို အကောင်အထည်ဖော်ရေးတွင် အတားအဆီး အဟန့်အတားများစွာ ရှိနေသည်။
    ဂါဇာကမ်းမြှောင်မှာ အစ္စရေး၏ ကျူးကျော်ပိတ်ဆို့မှုကို ၁၀ နှစ်ကျော် ခံစားနေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲအများ ကြုံတွေ့နေရသည့် ဒေသဖြစ်သည်။
    Ref: Aljazeera
  • မြန်မာနိုင်ငံတွင် Facebook က အမုန်းစကားဖြန့်ဖြူးရာနေရာ ဖြစ်နေသည်ဟု ကုလတာဝန်ရှိသူများပြော
    မြန်မာနိုင်ငံတွင် Facebook က အမုန်းစကားဖြန့်ဖြူးရာနေရာ ဖြစ်နေသည်ဟု ကုလတာဝန်ရှိသူများပြော
    မတ် ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံမှာ အမုန်းစကားတွေ ပြန့်နှံ့ရာမှာ Facebook က အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
    “လုပ်မယ်ဆိုရင် လူထုထဲမှာ မကျေမချင်းမှုတွေ၊ မှားယွင်းတဲ့ သဘေထားအမြင်တွေနဲ့ ပဋိပက္ခတွေကို အဆင့်တစ်ခုအထိ ဖြစ်လာအောင် ဆိုရှယ်မီဒီယာက တော်တော်လေး အထောက်အကူဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် အမုန်းစကားဟာ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက ဆိုရှယ်မီဒီယာဟာ Facebook ဖြစ်ပြီး Facebook ဟာ ဆိုရှယ်မီဒီယာပါပဲ” လို့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ မာဇူကီ ဒါရုစ်မန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်းဟီးလီကလည်း Facebook ဟာ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ ပုဂ္ဂလိကဘ၀တွမှာ တော်တော်အရေးပါပြီး အစိုးရဟာ သတင်းအချက်အလက်တွေ လူထုဆီရောက်ဖို့ Facebook ကို အသုံးပြုတယ်လို့ ပြောကြားခဲ့ပါတယ်။
    “မြန်မာနိုင်ငံမှာ အားလုံးကို Facebook ကနေ လုပ်တာပါ။ ပြည်သူလူထုကို သတင်းပေးဖို့အတွက် သုံးကြတယ်။ ဒါပေမယ့် အစွန်းထွက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေဟာ ကိုယ်ပိုင် Facebook အကောင့်တွေရှိပြီး အကြမ်းဖက်မှုတွေဖြစ်အောင်၊ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေအပေါ် အမုန်းတရားတွေ ဖြစ်လာအောင် တကယ့်ကို လှုံ့ဆော်နေကြတာပါ။ Facebook ဟာ သူတို့ရည်ရွယ်ထားသလိုမဟုတ်ဘဲ မကောင်းဆိုးဝါးပုံစံ ဖြစ်လာတဲ့အတွက် ကျွန်မ စိုးရိမ်မိပါတယ်”
    ကုလတာဝန်ရှိသူတွေရဲ့ အခုမှတ်ချက်အတွက် Facebook ဖက်က တရားဝင် တုန့်ပြန်တာမျိုး မလုပ်သေးပါဘူး။
    မြန်မာနိုင်ငံအတွင်းမှာ အမုန်းစကားတွေကို ဖယ်ရှားရေး၊ အမုန်းစကား ဖြန့်ဖြူးသူတွေကို ပိတ်ပင်ရေး ဆောင်ရွက်နေတယ်လို့ Facebook ဟာ ယခင်က ပြောကြားထားဖူးပါတယ်။
    ဗုဒ္ဓစ်ဘင်လာဒင်လို့ အမည်ရတဲ့ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့ အကောင့်ကို Facebook က ဇန်န၀ါရီလမှာ ဖယ်ရှားခဲ့ပါတယ်။
    Ref : The Guardian
  • ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတတို့ အိမ်ဖြူတော်တွင် တွေ့မည်
    ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတတို့ အိမ်ဖြူတော်တွင် တွေ့မည်
    မတ် ၁၃၊ ၂၀၁၈
    M-Media
    ၂၀၁၇ ခုနှစ် မတ်လတွင် ထရမ့်နှင့် မိုဟာမက် ဘင် ဆလ်မန်တို့ တွေ့ဆုံခဲ့စဉ်
    – နိုင်ငံအတွင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ဦေးဆာင်ပြုလုပ်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ မတ်လ ၂၀ ရက်နေ့တွင် သမ္မတထရမ့်နှင့် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    မင်းသားမှာ အိမ်ရှေ့မင်းသား ရာထူးကို ရရှိခဲ့ပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နှင့် ယူကေသို့ သွားရောက်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကာ သဘောတူစာချုပ်များလည်း လက်မှတ်ရေးထိုးခဲ့သည်။
    “အမေရိကန်နဲ့ ဆော်ဒီအကြား ဆက်ဆံရေး ခိုင်မာစေမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် သမ္မတက မျှော်လင့်နေပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်းဒါးစ်က ပြောကြားခဲ့သည်။
    မိုဟာမက် ဘင် ဆလ်မန်နှင့် ထရမ့်တို့မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးမည်ဟု မျှော်လင့်ထားသည်။
    Ref: Alarabiya