News @ M-Media

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ

မတ် ၁၃၊ ၂၀၁၈
M-Media

– အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်လိုက်ပြီး စီအိုင်အေအကြီးအကဲ မိုက် ပွမ်ပီယိုကို အစားထိုးခန့်အပ်ခဲ့သည်ဟု သိရသည်။

“စီအိုင်အေဒါရိုက်တာ မိုက် ပွမ်ပီယိုအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာမှာဖြစ်ပါတယ်။ သူဟာ ထူးခြားကောင်းမွန်အောင် ဆောင်ရွက်မှာပါ။ ရက်စ်တီလာဆန်ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေး ဇူးတင်ပါတယ်” ဟု ထရမ့်က ယနေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

ဝါရှင်တန်ပို့စ်သတင်းစာက ထရမ့်မှာ သောကြာနေ့ နှောင်းပိုင်းကတည်းက ရက်စ်တီလာဆန်အား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

အာဖရိကသို့ သွားရောက်နေသည့် တီလာဆန်မှာ ခရီးစဉ်ကို ပယ်ဖျက်ကာ ယမန်နေ့က ၀ါရှန်တန်ဒီစီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုစဉ်ကတည်းက တီလာဆန်၏ အနာဂတ်နှင့်ပတ်သက်၍ ခန့်မှန်းပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

ထရမ့်က တီလာဆန်၏ ၁၄ လတာ ကာလအတွင်း ကြီးမားသည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနှင့် ၎င်း၏မိသားစုအတွက် ဆုမွန်ကောင်းတောင်းပါကြောင်း ထည့်သွင်းရေးသားခဲ့သည်။

ထရမ့်၏ ယခုဆောင်ရွက်မှုမှာ အာဏာရပြီးကတည်းက အစိုးရအတွင်း တုန်လှုပ်ဖွယ်အကောင်းဆုံးလည်း ဖြစ်သည်။

အီရန်နှင့် နျူသဘောတူညီချက်ကိစ္စ၊ ကာတာအား ဆော်ဒီဦးဆောင်သည့်အဖွဲ့က အဆက်အသွယ်ဖြတ်တောက်မှု၊ မြောက်ကိုရီးယားပြဿနာတို့ အပါအ၀င် နိုင်ငံခြားရေးရာ ကိစ္စအများအပြား၌ ထရမ့်နှင့် တီလာဆန်တို့အကြား သဘောထားကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။

ထရမ့်မှာ တီလာဆန်အား ရာထူးမှ ထုတ်ပယ်ရန်ရှိသည်ဟု ပြီးခဲ့သည့် အောက်တိုဘာလကတည်းက သတင်းထွက်ပေါ်ခဲ့သည်။

Ref: Aljazeera