News @ M-Media

Blog

  • ပညာနည်းသူများကို အလ်ကိုင်းဒါးက အဓိကထား စုဆောင်းခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းတွင် တွေ့ရှိ

    ပညာနည်းသူများကို အလ်ကိုင်းဒါးက အဓိကထား စုဆောင်းခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းတွင် တွေ့ရှိ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media

    – အိုစမာဘင်လာဒင် ဦးဆောင်တဲ့ အလ်ကိုင်းဒါအဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်း လူသစ်စုဆောင်းရာမှာ အသိပညာနည်းတဲ့ သာမန်မွတ်စလင်တွေကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ အလ်ကိုင်းဒါးအဖွဲ့ရဲ့ လျှို့ဝှက် ညွှန်ကြားချက်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ၂၀၁၁ ခုနှစ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်း အဘော့တာဘဒ်မြို့မှာ အိုစမာဘင်လာဒင်ကို အမေရိကန်က သုတ်သင်မှုအတွင်း သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုမှာ တွေ့ခဲ့ရတာပါ။

    အဖွဲ့ရဲ့ လစ်ဗျားတပ်မှူး အဘူ ယဟ်ယာ အလ်-လီဘီက ထုတ်ပြန်တဲ့စာမှာ ကမ္ဘာတစ်ဝှမ်း လူသစ်စုဆောင်းတဲ့အခါ ‘အသိပညာနည်းတဲ့’ ‘သာမန်လူတွေ’ ကို ပစ်မှတ်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

    ပါကစ္စတန်က ၀ါဇီရစ္စတန်မြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း အေမန် အလ်-ဇာဝါဟာရီ သေဆုံးသွားပြီးတဲ့နောက် အဘူ ယဟ်ယာဟာ အလ်ကိုင်းဒါးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ဖြစ်လာပါတယ်။

    ၂၀၁၀ ခုနှစ် မတ် ၂၉ ရက် နေ့စွဲနဲ့ အဘူ ယဟ်ယာ ရေးသားထားတဲ့ ဒီစာဟာ သူတို့ကိုထောက်ခံတဲ့ မီဒီယာတွေကနေတစ်ဆင့် အလ်ကိုင်းဒါးအဖွဲ့ဝင်တွေအကြား သိရှိစေရေးအတွက် ရည်ရွယ်ပြီး အများပြည်သူကို ထုတ်ပြန်ဖို့မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

    “ခင်ဗျားတို့ရဲ့ ပြောကြားမှုတွေ၊ စာရွက်စာတမ်းတွေကို သာမန်မွတ်စလင်တွေဆီရောက်အောင် အာရုံစိုက်ပါ။ ‘သိသူတတ်သူ’ လို့ ခေါ်သူတွေနဲ့ သူတို့ကို မဆွေးနွေးခိုင်းပါနဲ့။ သူတို့တွေဟာ ဂျီဟတ်အတွက် အကျိုးရှိဆုံးသူတွေဖြစ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ စင်ကြယ်ပြီး အကောင်းတွေနဲ့ ပြည့်နေသူတွေဖြစ်တယ်။ ဒုစရိုက်မှု တွေမှာ နစ်နေပေမယ့် သူတို့တွေရဲ့ အတွေးအခေါ်တွေဟာ အဆိပ်ခတ် မခံရသေးဘဲ၊ အသိဉာဏ်မဲ့မှုတွေလည်း မရှိပါဘူး” လို့ အဘူ ယဟ်ယာက ရေးသားထားပါတယ်။

    သာမန်လူအများစုဟာ သိပ္ပံအကြောင်းတရားတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်မှုတွေကို နားမလည်ကြောင်း၊ စိတ်ခံစားမှုကိုလိုက်ကာ တုန့်ပြန်ကြကြောင်း သူက အဲဒီစာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

    ဘင်လာဒင်ရဲ့ နေအိမ်ကို စီးနင်းမှုအတွင်း အလ်ကိုင်းဒါးရဲ့ နိုင်ငံတကာ ကွန်ယက်တွေကို စီမံခန့်ခွဲမှု အကြောင်းအရာတွေ၊ ရန်ပုံငွေရှာဖွေမှု စာရွက်စာတမ်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    Ref: Alarabiya

  • ဘင်္ဂလားဒေ့ရှ်ရောက် နိုဘယ်ဆုရှင် ၃ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေတိုက်တွန်းသလဲ

    ဘင်္ဂလားဒေ့ရှ်ရောက် နိုဘယ်ဆုရှင် ၃ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေတိုက်တွန်းသလဲ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – လူနည်းစု ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၃ ဦးက ဒီကနေ့မှာ တိုက်တွန်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံရနိုင်တဲ့အန္တရာယ် ရှိတယ်လို့လည်း သတိပေးလို
    က်ပါတယ်။

    နိုဘယ် ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ သာဝါကွလ် ကာရ်မန်၊ ရှီရင်း အီဘာဒီနဲ့ မရီဒ် မဂွိုင်းယားတို့ဟာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးလောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးနောက်ပိုင်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေကနေ ‘နိုးထဖို့’ လည်း ပန်ကြားခဲ့ပါတ
    ယ်။

    “ဒါဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ လုံးဝ၊ လုံးဝ၊ လုံးဝကို ရှင်းနေပါတယ်။ မြန်မာအစိုးရရဲ့ ဒီ လူမျိုးတုန်းသတ်ဖြတ်မှု ပေါ်လစီကို ကျွန်မတို့ ရှုတ်ချပါတယ်။ သူတို့ကို နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC ကို ပို့ရမှာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ ဒီအတွက် တာဝန်ခံရမှာပါ” လို့ မဂွိုင်းယားက ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ကျူးလွန်မှုတွေဟာ လူမျိုးစုလိုက် သုတ်သင်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နေပြီလို့ ကုလက ပြောကြားထားပြီး၊ မြန်မာစစ်တပ်ဟာ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

    နိုဘယ်ဆုရှင် ၃ ဦးဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ရာမှာ ရိုဟင်ဂျာတွေ အဓမ္မကျင့်၊ အသတ်ခံရတဲ့ အဖြစ်အပျက်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ နားထောင်ခဲ့ပါတယ်။

    ယီမင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာရ်မန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် သူမကိုယ်တိုင် ICC ရောက်နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ဒီလူတွေ နေရပ်ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားပေမယ့် ဒီလိုပြန်ရောက်လာရင် ရိုဟင်ဂျာတွေဟာ အကျဉ်းစခန်းမှာ နေရသလိုမျိုး ဖြစ်လိမ့်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

    Ref: CNA

  • မလေးရှားအစိုးရက ပြည်သူ ၇ သန်းကို ထောက်ပံ့ကြေးပေးမည်

    မလေးရှားအစိုးရက ပြည်သူ ၇ သန်းကို ထောက်ပံ့ကြေးပေးမည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – တိုင်းပြည်အတွင်းက ၀င်ငွေနည်းတဲ့လူ့အဖွဲ့အစည်းတွေကို ကူညီတဲ့အနေနဲ့ ပြည်သူ ၇ သန်းကို ငွေသား မလေးရင်းဂစ် ၆.၃ ဘီလီယံ (ကန်ဒေါ်လာ ၁.၆၁ ဘီလီယံ) ထောက်ပံ့ပေးဖို့ မလေးရှားအစိုးရက စီစဉ်နေပါတယ်။

    1Malaysia People’s Aid (BR1M) အစီအစဉ်နဲ့ ဒီထောက်ပံ့ကြေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ စတင်ကာ ၃ ရစ်ခွဲ ပေးသွားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး မိုဟာမက် အစ်ရ်ဝမ် ဆရီဂါ အဘ်ဒူလာဟ်က တနင်္ဂနွေနေ့က အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    “ဥပမာအားဖြင့် ထောက်ပံ့ကြေးအတွက် အကျုံးဝင်တဲ့သူတွေဟာ ရင်းဂစ် ၁၂၀၀ ရရှိမှာဖြစ်ပြီး ၄၀၀ ကို အရင်ပေးကာ၊ ကျန်တာကို ဒုတိယအရစ်၊ တတိယအရစ် စသဖြင့် ခွဲပေးမှာ ဖြစ်ပါတယ်”

    BR1M အစီအစဉ်ကို ၂၀၁၂ ခုနှစ်မှာ ၀န်ကြီးချုပ် နာဂျစ်က စတင်ခဲ့တာဖြစ်ပြီး တစ်လ ရင်းဂစ် ၃၀၀၀ အောက်ရရှိတဲ့ အိမ်ထောင်စုတွေကို ရင်းဂစ် ၅၀၀ စီ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ မှာ ထောက်ပံ့ကြေးဟာ ၁၀၀၀ ဖြစ်လာပြီး အခုနှစ်မှာ ၁၂၀ ဖြစ်လာတာပါ။

    တနင်္ဂနွေနေ့က အခမ်းအနားမှာ ၀န်ကြီးချုပ်နာဂျစ်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိက၀တ်တွေကို ၉၇.၆ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ အခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ရှိနေပြီး ၀န်ကြီးချုပ် နာဂျစ်ဟာ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ခဲ့ပါတယ်။ နာဂျစ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: CNA

  • ဘောလီးဝုဒ်မင်းသမီးကြီး ဆရီဒေ၀ီ သေဆုံးမှုမှာ ရေချိုးခန်းတွင် ရေမွန်းမှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

    ဘောလီးဝုဒ်မင်းသမီးကြီး ဆရီဒေ၀ီ သေဆုံးမှုမှာ ရေချိုးခန်းတွင် ရေမွန်းမှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – အိန္ဒိယက နာမည်ကြီးမင်းသမီး ဆရီဒေ၀ီ သေဆုံးမှုဟာ မတော်တဆ ရေမွန်းမှုကြောင့်ဖြစ်တယ်လို့ သေမှုသေခင်းစစ်ဆေးမှု ရလဒ်ကို ကိုးကားပြီး ဒူဘိုင်းအခြေစိုက် GulfNews သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဆွေမျိုးတစ်ဦး မင်္ဂလာဆောင်အတွက် ဒူဘိုင်းကို ရောက်ရှိနေတဲ့ ဆရီဒေ၀ီဟာ ရုတ်တရက် နှလုံးဖောက်မှုကြောင့် စနေနေ့မှာ သေဆုံးခဲ့တယ်လို့ စောစောပိုင်းမှာ သတင်းထွက်ခဲ့တာပါ။

    ဒါပေမယ့် အလောင်းစစ်ဆေးမှုအရ ဆရီဒေ၀ီဟာ Jumeirah Emirates တာဝါက သူ့အခန်းထဲမှာ အရက်မူးပြီး အရှိန်မထိန်းနိုင်ဘဲ ရေချိုးဇလုံထဲ ပြုတ်ကျကာ ရေမွမ်းသေဆုံးခဲ့တာဖြစ်ကြောင်း တွေ့ရတယ်လို့ GulfNews က ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းစာမှာ ဖော်ပြထားပြီး ဒူဘိုင်းအစိုးရ မီဒီယာရုံးကလည်း ရဲတပ်ဖွဲ့ဟာ ဒီကိစ္စတွေကို ပုံမှန်စစ်ဆေးလေ့ရှိတဲ့ Dubai Public Prosecution ဌာနကို လွှဲပေးထားတယ်လို့ Twitter စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဆရီဒေ၀ီရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့နှောင်းပိုင်းမှာ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

    Ref: Aljzeera

  • ဆီးရီးယားရှိ အရှေ့ဂူတာဒေသမှာ လောကငရဲဖြစ်နေသည်ဟု ကုလအကြီးအကဲပြော

    ဆီးရီးယားရှိ အရှေ့ဂူတာဒေသမှာ လောကငရဲဖြစ်နေသည်ဟု ကုလအကြီးအကဲပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – ဆီးရီးယားတွင် ရက်ပေါင်း ၃၀ ကြာ အပစ်ရပ်ရေးအတွက် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကုလ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ယနေ့တွင် တိုက်တွန်းလိုက်သည်။

    ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိ ကုလ လူ့အခွင့်အရေးကောင်စီတွင် ဂူတာရက်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဆီးရီးယားအစိုးရက အဆက်မပြတ် ဗုံးကြဲချနေသော ဒမတ်စကတ်မြို့ဆင်ခြေဖုံးမှ အရှေ့ဂူတာဒေသမှာ လောကငရဲ ဖြစ်နေပြီဟုလည်း ပြောဆိုခဲ့သည်။

    “အရှေ့ဂူတာဒေသဟာ စောင့်လို့မရတော့တဲ့ အခြေအနေပါ။ ဒီ လောကငရဲကို အဆုံးသတ်ဖို့ အချိန်တောင် လွန်နေပါပြီ။ ဘယ်လိုအခြေအနေမျိုးမှာမဆို အရပ်သားတွေနဲ့ အခြေခံအဆောက်အဦးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို အပြည့်အ၀ လိုက်နာဖို့ လိုတယ်ဆိုတာ ပတ်သက်သူအားလုံးကို ကျွန်တော် သတိပေးချင်ပါတယ်။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာတောင် ဒီဝတ္တရားတွေကို ဖောက်ဖျက်လို့ မရပါဘူး”

    သူပုန်များထိန်းချုပ်ထားသည့် အရှေ့ဂူတာဒေသကို ရုရှားကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယား အစိုးရတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး သေဆုံးသူမှာ မနေ့ကအထိ ၅၀၀ ကျော် ရှိလာခဲ့သည်ဟု စောင့်ကြည့်အဖွဲ့များက ပြောကြားခဲ့သည်။

    အာဆတ်တပ်ဖွဲ့မှာ တနင်္ဂနွေနေ့တွင် မြေပြင်တိုက်ခိုက်မှုများကိုပါ ပြုလုပ်လာခဲ့ပြီး၊ အရှေ့ဂူတာရှိ အလ်-ရှီဖာနီယာဟ်မြို့တွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆရာဝန်များက ပြောကြားထားသည်။

    Ref: Aljazeera