News @ M-Media

Blog

  • ထရမ့်လိုလားသည့် ထိပ်တန်းသေနတ်လော်ဘီအဖွဲ့နှင့် ဆက်ဆံမှုကို အမေရိကန်ကုမ္ပဏီများ ရပ်ဆိုင်း

    ထရမ့်လိုလားသည့် ထိပ်တန်းသေနတ်လော်ဘီအဖွဲ့နှင့် ဆက်ဆံမှုကို အမေရိကန်ကုမ္ပဏီများ ရပ်ဆိုင်း

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းမှာ လူအများအပြားသေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအပြီး သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေတဲ့အချိန် အမေရိကန်ကုမ္ပဏီတွေဟာ ထိပ်တန်း သေနတ်လော်ဘီအဖွဲ့ National Rifle Association (NRA) နဲ့ ဆက်ဆံရေးကို ရပ်ဆိုင်းနေကြပါတယ်။

    အငှားကားကုမ္ပဏီ၊ ဟိုတယ်တွေနဲ့ ဘဏ်တွေဟာ NRA အဖွဲ့ဝင်တွေကို ပေးထားတဲ့ လျော့ဈေးတွေ၊ အထူးခံစားခွင့်တွေကို ရပ်ဆိုင်းခဲ့ကြတာပါ။

    ပြီးခဲ့တဲ့တစ်ပတ် ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းမြို့က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်း နီကိုလက်စ် ခရုဇ်ဆိုသူက ကျောင်းအတွင်း ၀င်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းသားအများစုအပါအ၀င် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့အတွက် အမေရိကန်အစိုးရအပေါ် တိုက်တွန်းမှုတွေ ပိုမို မြင့်တက်လာပြီး ကျောင်းသားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေဟာ နေ့စဉ်လိုလို ဆန္ဒပြခဲ့ကြပါတယ်။

    ဒါတင်မကသေးဘဲ အမေရိကန်က ထိပ်တန်း သေနတ်လော်ဘီအဖွဲ့တစ်ခုဖြစ်တဲ့ NRA အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပြီး ဒီအဖွဲ့နဲ့ အဆက်အသွယ်တွေဖြတ်တောက်ဖို့ ဆော်သြမှုတွေ၊ #BoycottNRA အမည်နဲ့ အွန်လိုင်းလှုပ်ရှားမှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါ့ကြောင့် အမေရိကန်က ထိပ်တန်းကုမ္ပဏီတွေဖြစ်ကြတဲ့ Hertz၊ Budget၊ First national Bank၊ MetLife အာမခံလုပ်ငန်းတွေ အပါအ၀င် ကုမ္ပဏီတော်တော်များများဟာ NRA နဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ကြတယ်လို့ Think Porgress ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်က ပုဂ္ဂလိကပိုင် အကြီးဆုံးဘဏ်လုပ်ငန်း First National Bank of Omaha က NRA နဲ့ သူတို့ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်တမ်းတိုးမှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာကြောင့် NRA အဖွဲ့ဝင်တွေကို အကြွေးဝယ်ကဒ်ထုတ်ပေးတာတွေကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

    အာမခံကုမ္ပဏီ MetLife နဲ့ Norton ဆော့ဖ်ဝဲကုမ္ပဏီ Symantec တို့ကလည်း NRA အဖွဲ့ဝင်တွေအပေါ် ဈေးလျှော့ပေးတာတွေကို ရပ်ဆိုင်းကြောင်း ကြေငြာခဲ့ပါတယ်။

    NRA အမှုဆောင် ဒုတိယဥက္ကဌ ၀ိန်း လာပီယာရီက ‘တိုင်းပြည်ကိုချစ်ပြီး လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ နိုင်ငံသားတိုင်းဟာ မိကိုယ်ကိုယ် ကာကွယ်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံ ဒုတိယမြောက်ပြင်ဆက်ချက်ကို ထိန်းသိမ်း ကာကွယ်သွားရမယ်’ လို့ အခုတစ်ပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသားမားများ ညီလာခံ CPAC မှာ လာပီယာရီက အခုလို ပြောကြားခဲ့တာပါ။

    အဲဒီညီလာခံမှာ ထရမ့်ကလည်း ကျောင်းဆရာတွေကို သေနတ်ကိုင်ဆောင်ခွင့်ပေးဖို့ ရည်ရွယ်တဲ့ သူ့ရဲ့အစီအစဉ်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ ကျောင်းဆရာတွေက ထရမ့်ရဲ့ ဒီပြောကြားမှုကို ရှုတ်ချခဲ့ပြီး စာသင်ခန်းထဲမှာ သေနတ်ကိုင်ဆောင်တာဟာ ပြဿနာတွေကို ပိုဖြစ်စေမယ်လို့ ထောက်ပြခဲ့ပါတယ်။

    ဖလော်ရီဒါအထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေအရ ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားနေစဉ်မှာ လက်နက်ကိုင် ရဲအရာရှိတစ်ဦးဟာ ကျောင်းအပြင်မှာဖက်မှာ ၄ မိနစ်လောက် ဆိုင်းနေခဲ့ပြီး သေနတ်သမားကို သွားရောက်ရင်ဆိုင်ခြင်းမရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီရဲအရာရှိဟာ နောက်ပိုင်းမှာ ရာ
    ထူးကနေ နှုတ်ထွက်သွားပါတယ်။

    Ref: Aljazeera

  • IS နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၃၀ နီးပါး သေဆုံး

    IS နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၃၀ နီးပါး သေဆုံး

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – မြို့တော် ကဘူးလ်ရှိ သံတမန်ရပ်ကွက်အပါအ၀င် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းတွင် ယနေ့မနက်ပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး အာဖဂန်စစ်သား ၂ ဒါဇင်နီးပါးနှင့် အခြား လူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ဖာရာပြည်နယ် ဘာလာ ဘိုလွက်ခရိုင်တွင် စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို တာလီဘန်တိုက်ခိုက်ရေးသမားများ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အာဖဂန်စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး၊ နိုင်ငံတောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အသေခံကားဗုံးခွဲမှုကြောင့် အနည်းဆုံး စစ်သား ၂ ဦး သေဆုံးခဲ့သည်။

    ကဘူးလ်မြိ့ရှိ သံတမန်ရပ်ကွက်တွင် ယနေ့မနက်ပိုင်းက အသေခံကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားကာ လူ ၃ ဦး သေဆုံးခဲ့သည်။ IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒါနစ်ရှ်က အဆိုပါ အသေခံတိုက်ခိုက်ခိုက်မှုမှာ မြို့တော်ကဘူးလ်ရှိ အစိမ်းရောင်ဇုန်နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေတိုးဌာနချုပ်၊ အမေရိကန်သံရုံးတို့နှင့် သိပ်မဝေးဟု ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရရှိသူမှာ ၆ ဦးရှိပြီး ၂ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    ယခုနှစ်အတွင်း တာလီဘန်နှင့် IS အကြမ်းဖက်အဖွဲ့တို့က တိုက်ခိုက်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့သည်။

    ဇန်န၀ါရီ ၂၁ ရက်နေ့က ကဘူးလ်ရှိ Intercontinental Hotel အား တာလီဘန်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး၊ ဇန်န၀ါရီ ၂၇ ရက်နေ့က တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦး ကဘူးလ်မြို့လယ်ကောင်၌ အသေခံ ကားဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၀၃ ဦး သေဆုံးကာ ၂၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    နောက်တစ်ရက်အကြာ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ကဘူးလ်ရှိ စစ်တက္ကသိုလ်ကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ပြင်သစ်အမျိုးသမီး ၈ ဦးတိုင်းတွင် ၁ ဦး အဓမ္မကျင့်ခံရဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ပြင်သစ်အမျိုးသမီး ၈ ဦးတိုင်းတွင် ၁ ဦး အဓမ္မကျင့်ခံရဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံရှိ အမျိုးသမီးများ၏ ၁၂ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ဘ၀သက်တမ်းတစ်လျှောက်တွင် အနည်းဆုံး တစ်ကြိမ် အဓမ္မကျင့်ခံခဲ့ရသည်ဟု တတ်သိပညာရှင်များအဖွဲ့၏ စစ်တမ်းတစ်ခုက ဖော်ပြနေသည်။

    ပဲရစ်အခြေစိုက် Fondation Jean Jaures အဖွဲ့က နိုင်ငံအတွင်း လိမ်အကြမ်းဖက်မှု ပမာဏနှင့် အနေအထားများကို သိရှိရန်အတွက် အမျိုးသမီး ၂၁၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ဖြေကြားသူများ၏ ၅၈ ရာခိုင်နှုန်းက ဆိုးရွားသည့် လိင်စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

    ၄၃ ရာခိုင်နှုန်းက ၎င်းတို့ဆန္ဒမပါပဲ ကိုင်တွယ်ထိတွေ့ခံခဲ့ရသည်ဟု ဖြေကြားခဲ့သည်။

    အီးမေးလ်၊ မက်ဆေ့မှတစ်ဆင့် ညစ်ညမ်းပုံများ ပို့ခြင်း၊ ညစ်ညမ်းစာများ ရေးသားပေးပို့ခြင်းတို့မှ အွန်လိုင်းစာမျက်နှာတွင် လိင်ပိုင်းဆိုင်ရာစကားများ ပြောဆိုခြင်းတို့အထိ စော်ကားမှု ပုံစံအားလုံးကို အဆိုပါအဖွဲ့က လေ့လာခဲ့ခြင်းဖြစ်သည်။

    လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည်ဟုဆိုသည့် အမျိုးသမီးအများစုက ၎င်းတို့၏ ဘ၀တစ်လျှောက်တွင် ထိုအတွေ့အကြုံများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်ဟုလည်း ဖွင့်ဟခဲ့သည်။

    Foundation Jean Jaures က မည်သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးမဆို ခံစားရသူများမှာ ရေရှည်တွင် ဆိုးကျိုးများ ရှိလာနိုင်သည်ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပြင်သစ် ကျား၊ မ တန်တူညီမျှရေးဆိုင်ရာ ၀န်ကြီး Marlene Schiappa က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အရှက်ရစေမှုကို တိုက်ဖျက်ရန် အစီအစဉ်များကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    Ref : RT

  • မျက်မှန်လွတ်မည့် မျက်စဉ်းဆေးတစ်ခုကို အစ္စရေးပညာရှင်များ တီထွင်

    မျက်မှန်လွတ်မည့် မျက်စဉ်းဆေးတစ်ခုကို အစ္စရေးပညာရှင်များ တီထွင်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – အစ္စရေးနိုင်ငံက မျက်စိရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေဟာ မျက်မှန်ကို အစားထိုးနိုင်မယ့် မျက်စဉ်းဆေးတစ်မျိုးကို ၀က်တွေမှာ စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

    ‘နာနိုမျက်စဉ်း’ လို့ အမည်ပေးထားတဲ့ အဲဒီဆေးကို Shaare Zedek Medical Center နဲ့ Bar-Ilan တက္ကသိုလ်တို့က အဖွဲ့တစ်ခုက တီထွင်ခဲ့တာဖြစ်ပြီး မျက်ကြည်လွှာပျက်ဆီးမှုကို ကုသပေးနိုင်ကာ၊ အမြင်အာရုံကို ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

    လက်ရှိ ၀က်တွေမှာ အနီးမှုန်နဲ့ အဝေးမှုန်မှုအတွက် စမ်းသပ်မှုတွေ ပြုလုပ်အောင်မြင်ခဲ့ပြီးတဲ့နောက် လူသားတွေမှာပဲ စမ်းသပ်ဖို့ ကျန်ပါတော့တယ်။

    စမ်းသပ်မှုကို ဒီနှစ်နှောင်းပိုင်းမှာ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး အောင်မြင်မယ်ဆိုရင်တော့ မျက်မှန်တပ်နေရသူတွေဟာ ဒီမျက်စဉ်းကို ခပ်လိုက်တာနဲ့ မျက်မှန်တပ်စရာ မလိုတော့ဘူးလို့ သုတေသနအဖွဲ့က မျက်စိဆရာဝန် ဒေးဗစ် စမဒ်ဂျာက ပြောကြားခဲ့ပါတယ်။

    ဒီနည်းလမ်းသစ်ဟာ မျက်စိနဲ့ အမြင်အာရုံနယ်ပယ်ကို တော်လှန်ပြောင်းလဲနိုင်မှာဖြစ်ပြီး အဝေးမှုန်၊ အနီးမှုန်သူတွေအပြင် အခြား မျက်စိရောဂါသည်တွေကို ကုသနိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    ဒီမျက်စဉ်းကို သုံးမယ့်သူတွေအနေနဲ့ စမတ်ဖုန်း အက်ပလီကေးရှင်းကို အသုံးပြုကာ မျက်စိကို စစ်ဆေးတာ၊ အမြင်မှုန်ဝါးမှုကို တိုင်းတာတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    မျက်မှန်လွတ်ဖို့အတွက် ဒီမျက်စဉ်းကို ဘယ်လောက်ကြာကြာ အသုံးပြုရမလဲဆိုတာကိုတော့ ဒေါက်တာ ဒေးဗစ်က ပြောကြားခဲ့ခြင်း မရှိပါဘူး။

    Ref : RT

  • ရိုဟင်ဂျာရွာများကို အပြောင်ရှင်းကာ ကျူးလွန်မှုများကို မြန်မာအစိုးရက လက်စဖျောက်နေသည်ဟု  HRW စွပ်စွဲ

    ရိုဟင်ဂျာရွာများကို အပြောင်ရှင်းကာ ကျူးလွန်မှုများကို မြန်မာအစိုးရက လက်စဖျောက်နေသည်ဟု  HRW စွပ်စွဲ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    မီးလောင်ထားသည့်ရွာရွာများ ဘူဒိုဇာနှင့် မရှင်းမီ (၀ဲ) နှင့် ရှင်းပြီး (ယာ)

    – ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ သက်သေ အထောက်အထားတွေကို လက်စဖျောက်ဖို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာရွာ အနည်းဆုံး ၅၅ ရွာလောက်ကို မြန်မာအစိုးရဟာ ဘူဒိုဇာနဲ့ အပြောင်းရှင်းလိုက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။

    မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေဖြစ်ပြီး ဒါဟာ ‘အခင်းဖြစ်ရာနေရာအဖြစ် သတ်မှတ်ကာ’ ထိန်းသိမ်းထားသင့်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ဆောင်ရွက်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်သားတွေနဲ့ ရခိုင်ပြည်သူ့စစ်တွေဟာ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    မီးရှို့ခံထားရတဲ့ ကျေးရွာတွေကို အစိုးရက ဒီလို ဘူဒိုဇာနဲ့ အပြောင်ရှင်းတာဟာ တိုင်းပြည်ပြင်ပရောက်သွားတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့နေရာတွေကို ပြန်လည် ပြောပြလို့မရအောင် လုပ်တာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

    ကုလတာဝန်ရှိသူတွေ ဒီဒေသကို ၀င်ရောက် စစ်ဆေးခွင့်ကိုလည်း မြန်မာအစိုးရက ခွင့်မပြုပါဘူး။

    “ဒီကျေးရွာ တော်တော်များများဟာ ရိုဟင်ဂျာတွေအပေါ် ရပ်စက်ကြမ်းကြုတ်မှုတွေ လုပ်ထားတဲ့ နေရာတွေဖြစ်ပြီး၊ ကုလက ခန့်အပ်ပေးတဲ့ ပညာရှင်တွေ ၀င်ရောက်ကာ အထောက်အထားယူနိုင်အောင် ဒီနေရာတွေကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒါမှ ဒီကိစ္စအတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာကို အထောက်အထားတွေကြည့်ပြီး တွက်လို့ရမှာ ဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။

    “ဒီနေရာတွေကို ဘူဒိုဇာနဲ့ အပြောင်ရှင်းတာဟာ ရိုဟင်ဂျာတွေ အရင်နေရာတွေကို မမှတ်မိဖို့၊ သူတို့ အဲဒီနေရာတွေမှာ နေထိုင်ခဲ့တာနဲ့ပတ်သက်ပြီး တရားရေးဘောင်ဝင်တဲ့ အရာတွေကို ဖယ်ရှားဖို့ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေပါတယ်”

    ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ သဘောတူထားပြီး ပြန်လာမယ့်သူ တွေအတွက် ကြိုဆိုရေးစခန်းတွေ ဆောက်လုပ်နေကာ ရွာသစ်တွေ တည်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း မြန်မာဖက်က ထုတ်ပြန်ထားပါတယ်။

    မစ္စတာ အဒမ်ကတော့ ဒီလို ရိုဟင်ဂျာရွာတွေကို အပြောင်ရှင်းတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာတာဝန်ရှိသူတွေက ဒီလို အပြောင်ရှင်းတာဟာ ရွာအသစ်တွေတည်ဖို့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: BBC