News @ M-Media

Blog

  • အစ္စရေးရှိ အမေရိကန်သံရုံး မေလတွင် ဂျေရုစလင်သို့ ပြောင်းမည်

    အစ္စရေးရှိ အမေရိကန်သံရုံး မေလတွင် ဂျေရုစလင်သို့ ပြောင်းမည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – အစ္စရေးရှိ ၎င်းတို့၏သံရုံးကို ၂၀၁၈ ခုနှစ် မေလတွင် ဂျေရုစလင်သို့ ပြောင်းရွှေ့သွားမည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်ပြီး သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    ဒုတိယသမ္မတ မိုက်ပန့်စ်က တလ်အဗီးရှိ ၎င်းတို့သံရုံးကို ၂၀၁၉ ခုနှစ်မှ ဂျေရုစလင်သို့ ပြောင်းရွှေ့မည်ဟု ဇန်န၀ါရီလက ပြောကြားခဲ့သော်လည်း ထိုထက်စော၍ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

    မေလမှာ အစ္စရေး၏ လွတ်လပ်ရေးကြေငြာမှု နှစ် ၇၀ တင်းတင်းပြည့်သည့် လလည်းဖြစ်သည်။

    ပါလက်စတိုင်းများက မေလ ၁၅ ရက်နေ့ကို ‘ဖြစ်ရပ်ဆိုးကြီး’ ဟု အဓိပ္ပါယ်ရသည့် အလ်-နက္ကဘာနေ့အဖြစ် သတ်မှတ်ထားပြီး ဂျူးလက်နက်ကိုင်တပ်ဖွဲ့များက ပါလက်စတိုင်းပြည်သူများအား သတ်ဖြတ်၍ နေရပ်မှ အဓမ္မနှင်ထုတ်မှုကို ရည်ရွယ်ခြင်းဖြစ်သည်။

    ၁၉၄၇ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ပါလက်စတိုင်းပြည်သူ ၁.၉ သန်းမှ ၇ သိန်းခွဲကို ဂျူးလက်နက်ကိုင် အဖွဲ့များက နေရပ်မှ နှင်ထုတ်ခဲ့ကြသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာခဲ့ပြီး နိုင်ငံတကာဥပဒေများ၊ ကုလ၏ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာ သဘောတူညီချက်များနှင့် ဆန့်ကျင်သော ထိုဆုံးဖြတ်ချက်ကို ကမ္ဘာတစ်ဝှမ်းက ရှုတ်ချခဲ့ကြသည်။

    ပါလက်စတိုင်းများက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ နိုင်ငံတည်ထောင်ရန် အလိုရှိနေခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများကလည်း ထိုသဘောထားကို ထောက်ခံထားသည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်သည့် အမေရိကန်၏သဘောထားကို ကန့်ကွက်သော ဆုံးဖြတ်ချက်တစ်ခုကို ကုလက အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • ကလေးများအပေါ် လိင်စော်ကားမှုအတွက် ခရစ်ယာန်ဘုန်းကြီးဟောင်းကို ဂျာမနီက ထောင်ချ

    ကလေးများအပေါ် လိင်စော်ကားမှုအတွက် ခရစ်ယာန်ဘုန်းကြီးဟောင်းကို ဂျာမနီက ထောင်ချ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈
    M-Media

    – ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကလေးညစ်ညမ်းကား လက်ဝယ်ထားရှိမှု အပါအ၀င် စုစုပေါင်း စွဲချက် ၁၀၈ ခုအတွက် ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးဟောင်းတစ်ဦးကို ဂျာမနီက ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

    “ဖာသာသောမတ်စ်” လို့ လူသိများတဲ့ အသက် ၅၃ နှစ်အရွယ် အဲဒီ ဘုန်းကြီးလူထွက်ကို မနေ့က ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း ဒီဂျန်ဒေါ့ဖ်မြို့ တရားရုံးက အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ဒဏ် ကျခံခြင်းမပြုမီ စိတ်ရောဂါကုဆရာဝန်နဲ့ ကုသဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

    တရားသူကြီးက ဖာသာသောမတ်စ်ကို စိတ်ရောဂါကုသမှုဟာ နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး အောင်မြင်မလားဆိုတာ မသေချာကြောင်း၊ သူဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဖာသာသောမတ်စ်ဟာ ဘုန်းကြီးအဖြစ် ဆောင်ရွက်စဉ် ၁၉၉၇ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂျာမနီနဲ့ တစ်ခြားနိုင်ငံတွေမှာ ကျူးလွန်မှု ၁၀၈ ခုမှာ အသက် ၁၄ နှစ်အောက် ယောက်ျားလေး ၅ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ သူကျူးလွန်ခဲ့တာတွေမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်ဖို့ ကြိုးစားမှုတစ်ခုလည်း ပါဝင်ပါတယ်။

    အဓိကကျူးလွန်တဲ့ နေရာတွေဟာ ဂျာမနီက မိန့်ဇ်မြို့နဲ့ ဒီဂျန်ဖေါ့ဒ်မြို့တွေ၊ ပိုလန်၊ အီတလီ၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်တို့မှာ ဖြစ်ပါတယ်။

    စာရွက်စာတမ်း အတုလုပ်မှု၊ လိမ်လည်မှု၊ ကလေးညစ်ညမ်းရုပ်ရှင်များ ပိုင်ဆိုင်မှုတွေနဲ့လည်း ဖာသာသောမတ်စ်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

    သူဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။

    ထောင်က ပြန်လွတ်လာတဲ့အချိန်မှာ သာသနာဆိုင်ရာ စာရွက်စာတမ်းအတုတွေနဲ့ ဘုန်းကြီးအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။

    Ref: RT

  • ရုရှားနှင့် ဆီးရီးယားအစိုးရတပ်များ ဆက်လက်တိုက်ခိုက်မှုကြောင့် အရှေ့ဂူတာတွင် သေဆုံးသူ ၄၀၀ ကျော်ပြီ

    ရုရှားနှင့် ဆီးရီးယားအစိုးရတပ်များ ဆက်လက်တိုက်ခိုက်မှုကြောင့် အရှေ့ဂူတာတွင် သေဆုံးသူ ၄၀၀ ကျော်ပြီ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈
    M-Media

    – နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေပေမယ့် ဆီးရီးယားအစိုးရတပ်နဲ့ ရုရှားတို့က အရှေ့ဂူတာဒေသမှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၀၀ ကျော်သွားပြီလို့ ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြို့တော် ဒမတ်စကတ် ဆင်ခြေဖုံးမှာရှိပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ အရှေ့ဂူတာဒေသကို အာဆတ်အစိုးရတပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့ကတည်းက ပြင်းငြင်းထန်ထန် တိုက်ခိုက်နေတာပါ။

    စောင့်ကြည့်အဖွဲ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၄၀၃ ဦးမှာ ကလေးငယ် ၁၅၀ ပါဝင်ပြီး ဒဏ်ရာရသူက ၂၁၂၀ လောက်ရှိတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတာဖန် ဒီ မစ္စတူရာက တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ လိုအပ်တယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အရှေ့ဂူတာမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာနဲ့ပတ်သက်ပြီး ကုလ အတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲတို့ကလည်း ရှုတ်ချထားပါတယ်။

    Ref: Aljazeera

  • ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
    M-Media

    – အင်အား တစ်ထောင်ကျော်လောက်ပါမယ့် တပ်ဖွဲ့တစ်ခုကို ဆော်ဒီမှာ ထပ်ချထားဖို့ ပါကစ္စတန်က ပြင်ဆင်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရက အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

    ပါကစ္စတန်တပ်တွေ ဆော်ဒီမှာ ချထားမယ့်ကိစ္စနဲ့ပတ်သက်လို့ တနင်္လာနေ့က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခူရမ် ဒက်စ်ဂီရ်ခန်းဟာ လွှတ်တော်မှာ တင်ပြခဲ့ပြီး လေ့ကျင့်မှုနဲ့ အကြံပေးမှုတွေလုပ်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်မှာပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်တပ်ဖွဲ့တွေ ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ပါကစ္စတန်အစိုးရနဲ့ စစ်တပ်ကတော့ ချထားမယ့် သူတို့တပ်ဖွဲ့တွေဟာ ဆော်ဒီနယ်နမိတ်အပြင်ဖက် ကိစ္စတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ပါကစ္စတန်လွှတ်တော်ဥက္ကဌ ရာဇာ ရဘ္ဘာနီက ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ ဆော်ဒီမှာလုပ်ဆောင်မယ့် အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိတဲ့အတွက် ကာကွယ်ရေးဝန်ကြီးရဲ့ ဒီတင်ပြမှုကို ကျေနပ်မှုမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဆော်ဒီမှာ ပါကစ္စတန်တပ်ဖွဲ့ဝင် ၁၆၀၀ လောက် ရှိနေပြီး ၁၉၈၂ ခုနှစ်မှာ နှစ်ဖက် ချုပ်ဆိုထားတဲ့ စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်။

    ဒီစာချုပ်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ ဆော်ဒီ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့၊ ပြည်တွင်းလုံခြုံရေးကိစ္စတွေမှာ ကူညီပေးဖို့ ပါဝင်ပါတယ်။

    ၁၉၆၇ ခုနှစ်ကတည်းက ပါကစ္စတန်ဟာ ဆော်ဒီတပ်ဖွဲ့ဝင် ၈၂၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှု တော်တော်များများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ပါဝင်ဖို့အတွက် ဆော်ဒီဟာ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်လွှတ်တော်က တိုင်းပြည်ရဲ့စစ်တပ်အနေနဲ့ ဒီကိစ္စမှာ မပါဝင်ဖို့နဲ့၊ ဆော်ဒီပိုင်နက်၊ မြင့်မြတ်ရာ နေရာတွေဖြစ်တဲ့ မက္ကာနဲ့ မဒီနာတို့ကို ကာကွယ်ရာမှာ အသုံးပြုဖို့ပဲ တပ်ဖွဲ့တွေ ချထားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဆတ်အစိုးရတပ်က ပြည်သူများအပေါ်ဗုံးကြဲမှု ကုလတာဝန်ရှိသူများ ပြင်းပြင်းထန်ထန်ဝေဖန်

    အာဆတ်အစိုးရတပ်က ပြည်သူများအပေါ်ဗုံးကြဲမှု ကုလတာဝန်ရှိသူများ ပြင်းပြင်းထန်ထန်ဝေဖန်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
    M-Media

    အရှေ့ဂူတာ မြင်ကွင်းတစ်ချို့

    – ဒတ်မတ်စကတ်မြို့ ဆင်ခြေဖုံး အရှေ့ဂူတာဒေသမှာ ဆီးရီးယားအစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေမှုကို ချက်ခြင်း ရပ်တန့်ဖို့အတွက် ကုလ တာဝန်ရှိသူတွေက တောင်းဆိုလိုက်ပြီး အထွေထွေအတွင်းရေးမှူးကလည်း အဲဒီဒေသဟာ ‘လောကငရဲ’ ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ရုရှားလေတပ်ရဲ့ အကူအညီနဲ့ အာဆတ်အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေကြောင့် မနေ့က ပြည်သူ ၂၇ ဦး ထပ်မံသေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးသူဟာ ၂၇၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    “အရှေ့ဂူတာက စစ်ရေးဆောင်ရွက်မှုတွေအားလုံးကို ချက်ခြင်းရပ်တန့်ပေးကြဖို့ ပါဝင်သူတွေအားလုံးကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒါဟာ ကျွန်တော်တို့မျက်စိရှေ့မှာ ဖြစ်နေတဲ့ လူသားထု ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး၊ ဒီလိုကြောက်မက်ဖွယ် ပုံစံတွေနဲ့ ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး” လို့ အထွေထွေ အတွင်း ရေးမှူး အန်တိုနီယို ဂူတာရက်စ်က မနေ့မှာပြုလုပ်တဲ့ ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    လူပေါင်း ၄ သိန်းလောက် နေထိုင်တဲ့ အရှေ့ဂူတာဒေသဟာ သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အာဆတ်အစိုးရတပ်ဖွဲ့တွေက နှစ်နဲ့ချီ ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။

    ကုလက လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန်က လေကြောင်းကနေတိုက်ခိုက်မှု၊ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေဟာ “ကြမ်းကြုတ်တဲ့ အပျောက်ရှင်းမှုကြီး” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေဆိုတာ နိုင်ငံရေးနဲ့ စစ်ရေး ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် ဆောင်ရွက်ရာမှာ အရပ်သားတွေ သေကြေပျက်ဆီးရတဲ့ ဒီလိုအခြေအနေမျိုးကို ရပ်တန့်ဖို့အတွက် ပြဌာန်းထားတာ ဖြစ်ပါတယ်” လို့ အလ်-ဟူစိန်က ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက အရှေ့ဂူတာမှာ ဆီးရီးယားအစိုးရတပ်နဲ့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားအရေအတွက်ဟာ ၃၄၆ ဦး ရှိပြီး ၈၇၈ ဦး ဒဏ်ရာရရှိခဲ့ကာ အများစုဟာ အရပ်သားတွေ နေထိုင်ရာနေရာကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ အလ်-ဟူစိန်က ပြောပါတယ်။

    Ref: Aljazeera