ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
M-Media
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
M-Media
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
M-Media
– ဒူဘိုင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (RTA) က ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင် ကားရထားကို စမ်းသပ်ခဲ့ပြီး ဒူဘိုင်းရဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ခရီးတိုတွေနဲ့ အလယ်အလတ်ခရီးတွေကို ပို့ဆောင်ပေးဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီ ကားရထားတွေဟာ
တစ်တွဲနဲ့တစ်တွဲ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ အတွင်းမှာ ချိတ်နိုင်ပြီး ၅ စက္ကန့်အတွင်းမှာ ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးပေါ် နည်းပညာတွေပါဝင်တဲ့ ဒီကားရထားတွေဟာ တစ်တွဲကို ခရီးသည် ၁၀ ယောက် (ထိုင်ခုံ ၆ ယောက်နှင့် မတ်တပ်ရပ် ၄ ယောက်) စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဘတ္ထရီတွေဟာ ၃ နာရီကြာ ပြေးဆွဲနိုင်ကာ ပြန်အားသွင်းဖို့ ၆ နာရီကြာမြင့်မှာပါ။ မြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၂၀ ရှိပါတယ်။
RTA က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မတ္တာ အလ် တိုင်ယာက ဒီရှေ့ပြေးစမ်းသပ်မှုဟာ ဒူဘိုင်းကို နည်းပညာအဆင့်မြင့် မြို့တော်အဖြစ် အသွင်ပြောင်းရေး ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒူဘိုင်းရဲ့ ရာသီဥတုအခြေအနေတွေမှာ အလိုအလျောက် ပို့ဆောင်ရေး နည်းလမ်း တွေကို အကောင်အထည်ဖော်ရေး RTA နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းပါ။ ဒူဘိုင်းရဲ့ အလိုအလျောက် ပို့ဆောင်ရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်မှာ ပို့ဆောင်ရေးစနစ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် နည်းပညာတွေ အစားထိုရေး စီမံကိန်းကိုလည်း ဒါက ထင်ဟပ်စေပါတယ်။ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုရာမှာ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ဖို့၊ လျင်မြန်ချောမွေ့ပြီး ထူးခြားတဲ့ စနစ်တွေကြောင့် ပြည်သူတွေ ပျော်ရွှင်စေဖို့ ဒီနည်းလမ်းက အကူအညီလည်း ဖြစ်စေမှာ ဖြစ်ပါတယ်”
Ref: Khaleej Times
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
M-Media
– ရိုဟင်ဂျာတွေရဲ့ ‘ကြောက်မက်ဖွယ် ထိခိုက်ခံစားရမှု အလုံးစုံကို’ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိမှသိပါ့မလားဆိုပြီး သံသယဖြစ်မိတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်စီးပြီး ကြည့်ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအပြီးမှာ ဂျွန်ဆင်က ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေအပေါ် ယုံကြည်မှုရှိလားလို့ BBC သတင်းထောက် ရီတာ ချက်ကရာဘာတီက မေးမြန်းရာမှာ ဂျွန်ဆင်က “ပြောရရင် နိုင်ငံရေးသမားတွေနဲ့ နေပြည်တော်မှာ စကားပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကြောက်မယ်ဖွယ်ရာတွေ၊ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုသတင်းတွေ အားလုံး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ဒီလိုအနေအထားမျိုး ကျွန်တော့်သက်တမ်းတစ်လျှောက်လုံးမှာ မမြင်ဖူးပါဘူး။ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ခံရတယ်။ လုံးဝ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ ကိစ္စမျိုးဖြစ်ပြီး လက်ရှိလိုအပ်နေတာက ဒီလူတွေ အိမ်ပြန်နိုင်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေါင်းဆောင်မှုတစ်ခုပါ”
စနေနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒုက္ခသည်တွေရဲ့ ‘ကြောက်မက်ဖွယ်ရာ အခြေအနေတွေအကြောင်း’ နဲ့ ‘သူတို့ရဲ့အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း’ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့လို့လည်း ဂျွန်ဆင်က ဆိုပါတယ်။
“ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် ပြည့်ဝပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မြန်မာအာဏာပိုင်တွေက ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း ကျွန်တော် အလေးထားပြောကြားခဲ့ပါတယ်”
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြောက်ရွံ့မှုကင်းစွာ လွတ်လွတ်လပ်လပ် ပြန်လာနိုင်မယ့်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြောင်း ပြသမယ့် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုအဖြစ် ရခိုင်ပြည်နယ်ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်မွန်နဲ့ အနာဂတ်မျိုး ဖော်ဆောင်ပေးဖို့အတွက် ယူကေရဲ့သြဇာကို ဆက်လက်အသုံးပြုသွားမယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျွန်ဆင်တို့ဟာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်အပါအ၀င် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Ref : BBC
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
M-Media
– ခရစ်ယာန်သာသနာကို ပုတ်ခတ်ခဲ့တဲ့ လူငယ် ၃ ဦးကို အပြစ်ပေးတဲ့အနေနဲ့ ကုန်အာန်ကျမ်းစာထဲမှာ ချီးကျူးဖော်ပြထားတဲ့ မယ်တော် မေရီသခင်မနဲ့ ခရစ်တော်တို့အကြောင်း ကျက်မှတ်လေ့လာဖို့ လက်ဘနွန် ခုံရုံးတစ်ခုက အမိန့်ချခဲ့ပါတယ်။
သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ်ပြစ်ဒဏ်အစား တရားသူကြီး ဂျိုစီလင်း မတ္တာက ကျမ်းချမ်းတွေကို ကျက်မှတ်လေ့လာပြီးမှ အချုပ်ကနေလွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကုရ်အာန်ကျမ်းစာထဲမှာ မယ်တော်မေရီကို မရ်ယမ်သခင်မအဖြစ်၊ ခရစ်တော်ကို တမန်တော်အီစာအဖြစ် ဖော်ပြထားပြီး အပျိုစင် မရ်ယမ်သခင်မဟာ အလ္လာအရှင်မြတ်လို့ မွတ်စလင်တွေခေါ်ဝေါ်တဲ့ ထာဝရဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ တမန်တော်အီစာကို မေထုံမဲ့ဖွားမြင်မှု၊ တမန်တော်အီစာ ပြသခဲ့တဲ့ သဘာဝလွန် တန်ခိုးတွေအကြောင်းလည်း ပါဝင်ပါတယ်။
မရ်ယမ်သခင်နဲ့ တမန်တော် အီစာ၊ ဒီပုဂ္ဂိုလ်ထူးတွေရဲ့ သဘာဝလွန် အဖြစ်အပျက်တွေကို မယုံကြည်ဘူးဆိုရင် အလ္လာအရှင်မြတ်ကို ယုံကြည်သူ (မွတ်စလင်) မဖြစ်နိုင်ဘူးလို့ အစ္စလာမ်သာသနာက သတ်မှတ်ထားတာပါ။
နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့က တရားရုံးမှာ ပြစ်ဒဏ်ကို ဖတ်ကြားမှုအတွင်း တရားသူကြီး မတ္တာက သူမအနေနဲ့ ဒီလို ပြစ်ဒဏ် ချမှတ်တာဟာ အစ္စလာမ်သာသနာရဲ့ ဘာသာရေးသည်းခံနိုင်စွမ်း၊ မေရီသခင်မနဲ့ ခရစ်တော်တို့အပေါ် ချစ်မြတ်နိုးမှု စတာတွေကို ဒီလူငယ်တွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဥပဒေဆိုတာ ပြစ်ဒဏ်ပေးရုံတင်မဟုတ်ပါဘူး။ ပညာပေးဖို့လည်း ဖြစ်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
မတ္တာရဲ့ ဒီဆုံးဖြတ်ချက်ကို လက်ဘနွန်ဝန်ကြီးချုပ် စအဒ်ဟာရီရီက ချီးကျူးခဲ့ပြီး တရားမျှတမှု၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေအကြား အပြန်အလှန် ဆက်နွယ်မှုတွေကို ထင်ဟပ်စေတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခြစားမှုတိုက်ဖျက်ရေးဝန်ကြီး နီကိုလက်စ် တူနီကလည်း တရားသူကြီး မတ္တာကို ချီးကျူးခဲ့ပြီး လူမှုရေးပြဿနာတွေ၊ ဘာသာရေး သည်းမခံနိုင်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတဲ့ ဆန်းသစ်တဲ့ တရားရေးနည်းလမ်းကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref: Alarabya
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
M-Media
– ရုရှား ခရီးသည်တင်လေယာဉ်တစ်စီး ယနေ့မနက်ပိုင်းတွင် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု သိရသည်။
Saratov Airlines လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး မော်စကိုမြို့ရှိ ဒိုမိုဒီဒိုဗိုလေဆိပ်မှ ပျံတက်ပြီး ၆ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်မှာ မော်စကိုမှ အော့စ်မြို့သို့ ပျံသန်းခြင်းဖြစ်ပြီး ခရီးသည် ၆၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၇၁ ဦး လိုက်ပါသွားသည်။ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်သူမရှိဟု ကယ်ဆယ်ရေး တာဝန်ရှိသူများကို ကိုးကား၍ ရုရှားမီဒီယာများက ဖော်ပြကြသည်။
လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို တိတိကျကျ မသိရှိသေးဘဲ၊ ရာသီဥတုအခြေအနေ ဆိုးရွားခြင်း၊ လေယာဉ်မှူး အမှားလုပ်ခြင်း အပါအ၀င် ဖြစ်နိုင်ဖွယ် အကြောင်းအရင်းအားလုံးကို ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားနေသည်ဟု Interfax သတင်းဌာနက ဖော်ပြခဲ့သည်။
မျက်မြင်သက်သေများကမူ လေယာဉ်မှာ ကောင်းကင်မှ မီးလောင်၍ ထိုးဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
ရုရှားတွင် လေယာဉ်ပျက်ကျမှုမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တပ်နီတော်၏ ကွိုင်ယာအဖွဲ့ကို တင်ဆောင်သွားသော စစ်တပ်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူ ၉၂ ဦးစလုံး သေဆုံးခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအမှားကြောင့်ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။
Ref: Aljazeera