ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈
M-Media

– ကာ့ဒ်ဖွဲ့များအပေါ် ပြုလုပ်နေသည့် မိမိတို့၏ ထိုးစစ်ကို နှောက်ယှက်ဟန့်တားပါက ဒေသတွင်း ဖြစ်ရပ်ဆိုးကြီးနှင့် တွေ့ကြုံရမည်ဟု တူရကီက သတိပေးလိုက်ပြီး ကာ့ဒ်တပ်ဖွဲ့များဖက်မှ ဆီးရီးယားအစိုးရတပ်က တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းအပေါ် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ YPG ထိန်းချုပ်ထားရာ အက်ဖရင်ဒေသကို အာဆတ်အစိုးရတပ်များ ၂ ရက်အတွင်း လာရောက်ကာ တူရကီတပ်ဖွဲ့များအား တွန်းလှန်သွားမည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ယမန်နေ့ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
YPG အား အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည့် တူရကီမှာ အက်ဖရင်ဒေသအား ပြီးခဲ့သည့်လမှစတင်ကာ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တူရကီဒုတိယ၀န်ကြီးချုပ် ဘိုဇ်ဒဂ်က ဆီးရီးယားတပ်ဖွဲ့များ YPG ဖက်မှ တိုက်ခိုက်ပေးမည်ဆိုသည့် သတင်းမှာ သတင်းမှားဖြစ်ပြီး မိမိတို့ကို ဟန့်တားလာပါက ဒေသတွင်း ကြီးမားသည့် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရမည်ဟု ယမန်နေ့ အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် YPG ကျဆုံးသည်အထိ လေကြောင်းနှင့် ကြည်းကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
YPG အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် အာဆတ်အစိုးရနှင့် မည်သည့်သဘောတူညီချက်မှ ရရှိထားခြင်းမရှိသေးဟု ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု စတင်ကတည်းက အာဆတ်တပ်ဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်းရှိ နေရာတော်တော်များများမှ ဆုတ်ခွာခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့ SDF ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော YPG က IS အကြမ်းဖက်အဖွဲ့အား တွန်းလှန်မှုအတွင်း ထိုဒေသများကို ထိန်းချုပ်နိုင်ခဲ့သည်။
တူရကီမှာ အက်ဖရင်နှင့် မန်ဘစ်ဂ်ျမြို့ရှိ ကာ့ဒ်တပ်ဖွဲ့အား ပံ့ပိုးပေးနေသည့် အမေရိကန် တပ်ဖွဲ့များ ထွက်သွားရန်နှင့် မထွက်ပါက မိမိတို့နှင့် ထိပ်တိုက်တွေ့မည်ဟုလည်း ယခင်က ခြိမ်းခြောက်ခဲ့သည်။
Ref: Aljazeera