News @ M-Media

Blog

  • အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    Cheddar Man အား သုတေသနပြုပြီးနောက် ပုံဖော်ထားမှု
    – ယူကေမှာ တွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး လူအရိုးစုကို လေ့လာဆန်းစစ်မှုတွေအရ အင်္ဂလိပ်လူမျိုးတွေဟာ အစောပိုင်းက အသားမည်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ အရင်က အသက်ရှင်သန်ခဲ့ပြီး Cheddar Man လို့ အမည်ပေးထားတဲ့ အဲဒီ အရိုးစုကို လန်ဒန်ကောလိပ်နဲ့ ဗြိတိသျှသဘာဝသမိုင်းပြတိုက်က သုတေသနပညာရှင်တွေဟာ နောက်ဆုံးပေါ် DNA နည်းပညာတွေ၊ 3D စကန်နည်းပညာတွေနဲ့ လေ့လာခဲ့တာပါ။
    ၁၉၀၃ ခုနှစ်မှာ အင်္ဂလန်တောင်ပိုင်းကနေ တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ မည်းနက်တဲ့အသားအရေ၊ ကောက်ကွေးတဲ့ ဆံပင်အနက် ရှိခဲ့တယ်လို့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
    DNA ကို ဦးခေါင်းခွံကနေ ရရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကိုတော့ ရရှိထားတဲ့ မျိုးရိုးဗီဇကနေ ပုံဖော်နိုင်ခဲ့ပါတယ်။
    အလွန်ကြာညောင်းနေတဲ့ အရိုးတွေကနေ မျိုးရိုးဗီဇ အချက်အလက်ကို ရရှိဖို့ ခက်ခဲပေမယ့် Cheddar Man ကို တွေ့ရှိခဲ့တဲ့ ထုံးကျောက်ဂူရဲ့ အေးမြတဲ့ အနေအထားကြောင့် သူ့ရဲ့ မျိုးရိုးဗီဇဟာ မပျက်မဆီးဘဲ ရှိနေခဲ့ပါတယ်။
    “Cheddar Man ကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်အရင်က ကျွန်တော် ပထမဆုံး လေ့လာခဲ့ပေမယ့် ဒီကနေ့အချိန်အထိ တွေ့ရသမျှထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ သူ့ရဲ့ genome အပြည့်အစုံကို တစ်နေ့မှာ ဖော်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ခဲ့ပါဘူး” လို့ သဘာဝသမိုင်းပြတိုက်က ပါမောက္ခ ခရစ် စထရင်ဂါက ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ဒီလေ့လာမှုကနေ တွေ့ရှိခဲ့ရတာဟာ တော်တော်လေး အံ့သြစရာကောင်းတယ်လို့လည်း သူက ဆိုပါတယ်။
    လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက Cheddar Man ရဲ့ ဘိုးဘွားတွေဟာ အရှေ့အလယ်ပိုင်းက ထွက်လာခဲ့ပြီး ဥရောပကို ရောက်ခဲ့တဲ့ လူ့အစုအဝေးတစ်ခုက ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗြိတိသျှလူမျိုးတွေကို မျိုးရိုးလိုက်ရင် အနည်းဆုံး ၁၀ ရာခိုက်နှုန်းလောက်က ဒီ လူ့အစုအဝေးနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။
    Cheddar Man နဲ့ ပတ်သက်ပြီး တွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ယူကေရဲ့ Channel 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ဖို့ ရှိနေပါတယ်။
    Ref : Aljazeera
  • ဆီးရီးယားမှ အမေရိကန်တပ်များ ထွက်ခွာရန် တူရကီ ထပ်မံသတိပေး

    ဆီးရီးယားမှ အမေရိကန်တပ်များ ထွက်ခွာရန် တူရကီ ထပ်မံသတိပေး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၈
    M-Media

    – ဆီးရီးယားရှိ မန်ဘစ်ဂ်ျမြို့မှ တပ်များ ထွက်ခွာပေးရန် တူရကီသမ္မတ အာဒိုဂန်က အမေရိကန်ကို ထပ်မံသတိပေးလိုက်ပြီး ပိုင်ရှင်အစစ်ကို တူရကီတပ်ဖွဲ့က ပြန်ပေးရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

    ယနေ့တွင် အာဏာရ AK ပါတီနှင့် လွှတ်တော်တွင်တွေ့ဆုံစဉ် အာဒိုဂန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး လက်ရှိ အက်ဖ်ရင်အား တူရကီက ထိုးစစ်ဆင်မှုတွင် မရေတွက်နိုင်သည့် အကြမ်းဖက်သမားများကို တွေ့ခဲ့ရသည်ဟုလည်း ဆိုသည်။

    ဆီးရီးယားသို့ တူရကီက ၀င်ရောက်တိုက်ခိုက်မှုအား ရပ်တန့်ရန် အမေရိကန်၏ ပြောကြားမှုအတွက် အာဒိုဂန်က ပြောင်လှောင်ခဲ့သည်။

    “ကျုပ်တို့ကို မေးခွန်းတွေမေးတာ ခင်ဗျားတို့ ဘယ်တော့မှ အဆုံးသတ်မှာလဲ။ အာဖဂန်က စစ်ဆင်ရေးကို ခင်ဗျားတို့ ဘယ်တော့ ရပ်မလဲ။ အီရတ်က စစ်ဆင်ရေးကို ခင်ဗျားတို့ ဘယ်တော့ရပ်မလဲ။ ၁၈ နှစ်ရှိပြီလေ”

    ဆီးရီးယားတွင် အမေရိကန်တပ်များ ရှိနေခြင်းမှာ အခွင့်အရေးရယူလိုမှုအတွက်သာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပလုပ် ကာကွယ်ရေးပစ္စည်းများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် ကိုယ်ပိုင် ကာကွယ်ရေး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့သည်။

    တူရကီမှာ ယခင်ကလည်း မန်ဘစ်ဂ်ျမြို့မှ အမေရိကန်တပ်များ ထွက်ခွာရန် ပြောကြားခဲ့ဖူးပြီး အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်ချုပ် ဂျိုးဆက်ပ် ဗိုတဲလ်က မဟာဗျူဟာအရ အရေးပါသည့်မြို့မှ ထွက်ခွာရန်မရှိဟု ပြီးခဲ့သည့်တစ်ပတ်တွင် တုန့်ပြန်ခဲ့သည်။

    Ref: RT

  • တရုတ်အား ၀င်ခွင့်ပြုထားသည့် ရေပိုက်နက်ကို ဒူတာတေး ပိတ်ပစ်

    တရုတ်အား ၀င်ခွင့်ပြုထားသည့် ရေပိုက်နက်ကို ဒူတာတေး ပိတ်ပစ်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၈
    M-Media

    – ဖိလစ်ပိုင်ရှိ ပစိဖိတ်ကမ်းရိုးတန်းအလွန် ရေပိုင်နက်တွင် နိုင်ငံခြား သုတေသန လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရန် သမ္မတ ဒူတာတေးက ညွှန်ကြားလိုက်ပြီး တရုတ်နိုင်ငံနှင့် ကနဦး သဘောတူညီမှုကို ဖျက်လိုက်ခြင်းဖြစ်သည်။

    ထိုကဲ့သို့ ပိတ်ပင်လိုက်သည့်နေရာမှာ Benham Rise ဆိုသည့် နေရာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ၀င်ရောက်လာသည့် သင်္ဘောများအား လိုက်လံဖမ်းဆီးရန်လည်း ရေတပ်ကို အမိန့်ပေးထားသည်။

    အဆိုပါ ကမ်းလွန်ရေပိုင်နက်ကို ၂၀၁၂ ခုနှစ် ကုလက ဖိလစ်ပိုင် ပိုင်နက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး Philippine Rise ဟု ဖိလစ်ပိုင်က အမည်ပြောင်းခဲ့သည်။

    “Philippine Rise ဟာ ကျွန်တော်တို့ ပိုင်နက်ဖြစ်ပြီး လူတိုင်းအတွက် သွယ်ဝိုက်ဖွင့်ပေးထားမှုကို ဒီကြေငြာချက်နဲ့အတူ အဆုံးသတ်ပါတယ်” ဟု ဒူတာတေးက ယမန်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်မှာ စောစောပိုင်းက ထိုဧရိယာတွင် တရုတ် သုတေသနသင်္ဘောကို ၀င်ရောက်ခွင့်ပြုထားပြီး ယခုအမိန့်မှာ ထိုကိစ္စနှင့် သက်ဆိုင်သည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ဒူတာတေးမှာ အမေရိကန်အပေါ် မှီခိုနေရမှုအား လျော့ချရန် တရုတ်နှင့် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ထားပြီး နှစ်ရှည်ချေးငွေများ ရင်းနှီးမြှုပ်နှံများကိုလည်း တရုတ်ထံမှ ရယူထားသည်။

    Philippine Rise ဧရိယာမှာ ဇီဝညီညွတ်မှုနှင့် တူနာငါးများ ကြွယ်ဝသည့် နေရာဖြစ်ပြီး အမေရိကန်နှင့် ဂျပန်တို့မှ သိပ္ပံပညာရှင်များမှာ ထိုနေရာသို့ လာရောက်ကာ အကြိမ်များစွာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။

    ထိုဧရိယာကို တရုတ်နိုင်ငံကလည်း စိတ်ဝင်စားနေပြီး ၁၇ နှစ်အတွင်း ၀င်ရောက်လေ့လာခွင့်ရရန် ၁၈ ကြိမ် တရားဝင် တောင်းဆိုခဲ့သည်။

    Ref: CNA

  • အိန္ဒိယတွင် ဆရာဝန်အတုကြောင့် လူ ၄၀ HIV ပိုးကူး

    အိန္ဒိယတွင် ဆရာဝန်အတုကြောင့် လူ ၄၀ HIV ပိုးကူး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ကျွမ်းကျင်မှုလက်မှတ်မရှိတဲ့ ဆရာဝန်တစ်ယောက်က ဆေးထိုးအပ်တစ်ခုတည်းကို အထပ်ထပ်အခါခါ သုံးခဲ့တဲ့တွက် အနည်းဆုံး လူ ၄၀ လောက် HIV ပိုး ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အူနာအိုခရိုင် ဘန်ဂါရ်မူမြို့မှာ အန်ဂျီအိုအဖွဲ့တစ်ခုက ဦးစီးပြီး ဆေးစစ်မှုတွေ ပြုလုပ်ရာကနေ ကလေးငယ်တွေအပါအ၀င် လူတော်တော်များများ ရောဂါပိုးကူးစက်နေတာကို တွေ့ရတာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    “(လူ ၄၀၀လောက်ကို စစ်ပြီးတဲ့အချိန်) HIV ပိုးရှိသူ ၄၀ လောက် တွေ့ခဲ့ရပါတယ်။ သေသေချာချာစမ်းသပ်မှုတွေပြီးရင် အနည်းဆုံး လူ ၅၀၀ လောက် ဖြစ်လာနိုင်ပါတယ်။ ဒီက လူတွေဟာ ရောဂါဖြစ်လာရင် အဲဒီ ဆရာဝန်အတုဆီမှာ ဆေးသွားကုကြတယ်။ အဲဒီလူက အပ်တစ်ချောင်းတည်းနဲ့ အားလုံးကိုထိုးတာပါ” လို့ ဒေသဆိုင်ရာ အကြီးအကဲ ဆူနီလ်း ဘန်ဂါရ်မူက ပြောကြားခဲ့ပါတယ်။

    ပြည်နယ်ကျန်းမာရေးဝန်ကြီး ဆစ်ဒါ့သ် နသ်ဆင်းက ပြည်နယ်တစ်ဝှမ်းမှာရှိနေတဲ့ ဆရာဝန်အတုတွေကို နှိမ်နှင်းသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    အဲဒီ ဆရာဝန်အတုဟ ရာဂျန်ဒရာ ယာဒက်ဗ် ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စလုပ်ကတည်းက ထွက်ပြေးတိမ်းရှောင်းနေပါတယ်။

    Ref: Aljazeera