News @ M-Media

Blog

  • ၂၀၁၇ ခုနှစ်အတွင်း ဂျာမနီ၌ ဂျူးဆန့်ကျင်ရေးရာဇ၀တ်မှု တစ်ရက်ကို ပျမ်းမျှ ၄ ခုအထိ ဖြစ်ခဲ့

    ၂၀၁၇ ခုနှစ်အတွင်း ဂျာမနီ၌ ဂျူးဆန့်ကျင်ရေးရာဇ၀တ်မှု တစ်ရက်ကို ပျမ်းမျှ ၄ ခုအထိ ဖြစ်ခဲ့

    ဖေဖော်ဝါရိ ၁၂၊ ၂၀၁၈
    M-Media

    ဘာလင်ရှိ ဆန္ဒပြမှုတစ်ခုတွင် တွေ့ရသည့် ဂျူးတစ်ဦး

    – ဂျာမနီမှာ ဂျူးဆန့်ကျင်ရေး ရာဇ၀တ်မှုဟာ ၂၀၁၇ ခုနှစ်အတွင်း တစ်နေ့ကို ၄ ခုလောက် ဖြစ်ခဲ့တယ်လို့ အစိုးရရဲ့ ကနဦး အချက်အလက်တွေကို ကိုးကားပြီး Tagesspiegel သတင်းစာက ဖော်ပြခဲ့ကာ နောက်ဆုံး ထုတ်ပြန်တဲ့အချိန်မှာ အရေအတွက်ဟာ ဒီထက်ပိုမြင့်နိုင်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ဂျူးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ ၁၄၅၃ မှု ဖြစ်ခဲ့တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က စာရင်းပြုစုထားပြီး အကြမ်းဖက်မှု ၃၂ ခု၊ အဆောက်အဦးဖျက်ဆီးမှု ၁၆၀ ခု၊ လှုံ့ဆော်မှု ၈၉၈ ခု ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီအမှုတွေထဲမှာ လက်ယာစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုက ၁၃၇၇ မှုအထိ ရှိနေပြီး စုစုပါင်း ဖြစ်ရပ်တွေရဲ့ ၉၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၃၃ မှုကတော့ နိုင်ငံရပ်ခြားကတစ်ဆင့် ၀င်ရောက်လာတဲ့ ဂျူးဆန့်ကျင်ရေးဝါဒီတွေကြောင့် ဖြစ်ပြီး အစ္စလာမ့်မစ်တွေတော့ ဒီအထဲမှာ မပါဘူးလို့ ဂျာမန်အာဏာပိုင်တွေက ဆိုပါတယ်။

    လတ်တလော Tagesspiegel သတင်းစာက ရရှိထားတဲ့ အချက်အလက်ဟာ နောက်ဆုံး အချက်အလက်တွေ မဟုတ်သေးတာကြောင့် တကယ်တမ်းအရေအတွက်ဟာ ဒီထက်ပိုများဖို့ ရှိနေပါတယ်။

    လွှတ်တော်အမတ် ပီထရာ ပေါင်က ဒီအချက်အလက်တွေကြောင့် သူမအနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်းရဲစခန်းကို မတိုင်တဲ့ကိစ္စတွေဟာလည်း တော်တော်များများ ရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဂျူးဆန့်ကျင်ရးကိစ္စကို ပိုမို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လမှာ ဂျာမနီလွှတ်တော်က ဥပဒေတစ်ခုကို အတည်ပြုခဲ့နောက်ပိုင်း ဒီအချက်အလက်တွေ ထွက်လာတာ ဖြစ်ပါတယ်။

    ဂျူးဆန့်ကျင်ရေး သဘောထားနဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖို့အတွက် ဂျာမနီဟာ ကော်မရှင်နာတစ်ဦး သီးသန့်ခန့်ထားခဲ့ပြီး ပြောင်းရွှေ့အခြေချသူတွေအနေနဲ့ ဂျူးဆန့်ကျင်ရေးသဘောထားမျိုး ထုတ်ဖော်ပြောဆိုရင် ပြည်နှင်မယ်လို့ ဥပေဒမူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဂျာမနီက လူနည်းစုဂျူးတွေကလည်း သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးမြှင့်လာတဲ့အတွက် ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

    Ref : RT

  • အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဂျေရုစလင်ကိစ္စ မပါတော့ဟု ထရမ့်ပြော

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဂျေရုစလင်ကိစ္စ မပါတော့ဟု ထရမ့်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ပေးခဲ့သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထိုကိစ္စပါဝင်တော့မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး အစ္စရေးရှိ ၎င်းတို့၏သံရုံးကို တလ်အဗီးမှ ဂျေရုစလင်သို့ ရွှေ့ပြောင်းမည်ဟုလည်း ထပ်မံ အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့်လက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ဖူးပြီး ယမန်နေ့က အစ္စရေးသတင်းစာ Israel Hayom သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

    ဂျေရုစလင်မှာ အစ္စရေးမြို့တော်ဖြစ်သည်ဟု ဒီဇင်ဘာ ၆ ရက်နေ့က ထရမ့်၏ ကြေငြာမှုကို ကမ္ဘာတစ်ဝှမ်းက ကန့်ကွက်ခဲ့ကြပြီး ကုလအထွေထွေညီလာခံကလည်း ထိုကြေငြာမှုကို လက်မခံကြောင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

    ပါလက်စတိုင်းမှာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒရှိနေသည်။ ထရမ့်၏ ထိုကြေငြာမှုမှာ နိုင်ငံတကာဥပဒေများ ကုလ၏ ယခင်ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်နေသည်။

    Israel Hayom နှင့် အင်တာဗျူးတွင် ထရမ့်က ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေး အစ္စရေးနှင့် ပါလစတိုင်းတို့အနေဖြင့် ‘အားထုတ်ညှိနှိုင်းသွားကြရန်’ တိုက်တွန်းခဲ့ပြီး ပါလက်စတိုင်းပိုင်နက်များအတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများအတွက်လည်း သတိပေးခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းတိုင်းများနှင့် ငြိမ်းချမ်းရေး ရရှိရန် အစ္စရေး၏ သဘောထားကိုလည်း ထရမ့်က မေးခွန်းထုတ်ခဲ့သည်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ်တွင် ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီး ထိုနောက်ပိုင်းတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလက်စတိုင်းပိုင်နက်များအား တစ်စတစ်စ ကျူးကျော် သိမ်းပိုက်လာခဲ့သည်။

    Ref: Aljazeera

  • အမျိုးသမီးများအပေါ် စော်ကားပြောကြားမှုအတွက် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရပြန်

    အမျိုးသမီးများအပေါ် စော်ကားပြောကြားမှုအတွက် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရပြန်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – အစိုးရအပေါ် ဆန့်ကျင်တိုက်ခိုက်မှုအတွက် အပြစ်ပေးတဲ့အနေနဲ့ အမျိုးသမီး ကွန်မြူနစ်သူပုန်တွေရဲ့ အောက်ပိုင်းကို ပစ်ခတ်သတ်ဖြတ်သင့်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပြီး ဒီမှတ်ချက်အတွက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒါဟာ “အမျိုးသမီးတွေကို မုန်းတီးတဲ့၊ နှိမ့်ချစော်ကားတဲ့၊ မလေးစားတဲ့ ဒူတာတေးရဲ့ စကားတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့စကား” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “ဒီစကားဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ နိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်တဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်ဖို့အတွက် အစိုးရတပ်တွေကို တိုက်တွန်းတာမျိုးပါ” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ ဖိလစ်ပိုင်ဆိုင်ရာ ကိုယ်စားလှယ် ကားလို့စ် ကွန်ဒီက ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောခဲ့တဲ့ ဒီမိန့်ခွန်းစာရွက်ကို အစိုးရက ထုတ်ပြန်ရာမှာ ဖိလစ်ပိုင် စစ်သားတွေအနေနဲ့ သူပုန်အမျိုးသမီးတွေကို မသတ်ဖို့ ဒူတာတေးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    “ငါတို့ဟာ နင်တို့ရဲ့ အောက်ပိုင်းကို ပစ်သတ်မှာပါ။ အောက်ပိုင်းမရှိတော့ရင် နင်တို့လည်း သုံးစားလို့မရတော့ဘူး ဖြစ်သွားတာပေါ့” လို့ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အသုံးပြုတဲ့ ၀ီဆာယန် ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

    မိသားစု၊ ကလေးတွေကို စွန့်ပစ်ပြီး ကွန်မြူနစ်တပ်ဖွဲ့ထဲကိုဝင်တဲ့ အမျိုးသမီးတွေကိုလည်း ဒူတာတေးက ပြင်းပြင်းထန်ထန် ဝေန်ခဲ့ပါတယ်။

    ဂါဘရီယဲလ်လာ အမျိုးသမီးပါတီဝင်တစ်ဦးဖြစ်ပြီး အောက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အမ်မီ ဒီ ဂျီးဆက်စ်က ဒူတာတေးရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်ကို ရှုတ်ချခဲ့ပြီး နိုင်ငံအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေအပေါ် အရေးယူလေ့မရှိတဲ့ အခြေအနေကို တွန်းအားဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သမ္မတဟာ လက်ရှိ အစိုးရအဖွဲ့မှာ အန္တရာယ်အရှိဆုံး ဖက်ဆစ်ဝါဒီဖြစ်တယ်ဆိုတာ ဒီစကားနဲ့ ထပ်မံအတည်ပြုလိုက်တာဖြစ်ကြောင်း၊ အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် အစိုးရဦးဆောင်တဲ့ ပုံစံသစ် အကြမ်းဖက်ဝါဒကို ဒူတာတေးက ဖော်ဆောင်နေကြောင်း၊ စစ်သားတွေ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ဖောက်ဖျက်ဖို့ တွန်းအားပေးနေကြောင်း ဒီဂျီးဆက်စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဒူတာတေးဟာ အမျိုးသမီးတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်ပြောဆိုလေ့ရှိတဲ့အတွက် အရင်လည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။

    Ref: Aljazeera

  • ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်ကားရထားကို စမ်းသပ်

    ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်ကားရထားကို စမ်းသပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ဒူဘိုင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (RTA) က ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ခရီးသည်တင် ကားရထားကို စမ်းသပ်ခဲ့ပြီး ဒူဘိုင်းရဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ခရီးတိုတွေနဲ့ အလယ်အလတ်ခရီးတွေကို ပို့ဆောင်ပေးဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီ ကားရထားတွေဟာ
    တစ်တွဲနဲ့တစ်တွဲ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ အတွင်းမှာ ချိတ်နိုင်ပြီး ၅ စက္ကန့်အတွင်းမှာ ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။

    နောက်ဆုံးပေါ် နည်းပညာတွေပါဝင်တဲ့ ဒီကားရထားတွေဟာ တစ်တွဲကို ခရီးသည် ၁၀ ယောက် (ထိုင်ခုံ ၆ ယောက်နှင့် မတ်တပ်ရပ် ၄ ယောက်) စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဘတ္ထရီတွေဟာ ၃ နာရီကြာ ပြေးဆွဲနိုင်ကာ ပြန်အားသွင်းဖို့ ၆ နာရီကြာမြင့်မှာပါ။ မြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၂၀ ရှိပါတယ်။

    RTA က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မတ္တာ အလ် တိုင်ယာက ဒီရှေ့ပြေးစမ်းသပ်မှုဟာ ဒူဘိုင်းကို နည်းပညာအဆင့်မြင့် မြို့တော်အဖြစ် အသွင်ပြောင်းရေး ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒူဘိုင်းရဲ့ ရာသီဥတုအခြေအနေတွေမှာ အလိုအလျောက် ပို့ဆောင်ရေး နည်းလမ်း တွေကို အကောင်အထည်ဖော်ရေး RTA နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းပါ။ ဒူဘိုင်းရဲ့ အလိုအလျောက် ပို့ဆောင်ရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်မှာ ပို့ဆောင်ရေးစနစ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် နည်းပညာတွေ အစားထိုရေး စီမံကိန်းကိုလည်း ဒါက ထင်ဟပ်စေပါတယ်။ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုရာမှာ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ဖို့၊ လျင်မြန်ချောမွေ့ပြီး ထူးခြားတဲ့ စနစ်တွေကြောင့် ပြည်သူတွေ ပျော်ရွှင်စေဖို့ ဒီနည်းလမ်းက အကူအညီလည်း ဖြစ်စေမှာ ဖြစ်ပါတယ်”

    Ref: Khaleej Times