News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ရိုဟင်ဂျာတွေရဲ့ ‘ကြောက်မက်ဖွယ် ထိခိုက်ခံစားရမှု အလုံးစုံကို’ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိမှသိပါ့မလားဆိုပြီး သံသယဖြစ်မိတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်စီးပြီး ကြည့်ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအပြီးမှာ ဂျွန်ဆင်က ပြောကြားခဲ့တာပါ။

    ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာအာဏာပိုင်တွေအပေါ် ယုံကြည်မှုရှိလားလို့ BBC သတင်းထောက် ရီတာ ချက်ကရာဘာတီက မေးမြန်းရာမှာ ဂျွန်ဆင်က “ပြောရရင် နိုင်ငံရေးသမားတွေနဲ့ နေပြည်တော်မှာ စကားပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကြောက်မယ်ဖွယ်ရာတွေ၊ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုသတင်းတွေ အားလုံး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “ဒီလိုအနေအထားမျိုး ကျွန်တော့်သက်တမ်းတစ်လျှောက်လုံးမှာ မမြင်ဖူးပါဘူး။ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ခံရတယ်။ လုံးဝ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ ကိစ္စမျိုးဖြစ်ပြီး လက်ရှိလိုအပ်နေတာက ဒီလူတွေ အိမ်ပြန်နိုင်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေါင်းဆောင်မှုတစ်ခုပါ”

    စနေနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    ဒုက္ခသည်တွေရဲ့ ‘ကြောက်မက်ဖွယ်ရာ အခြေအနေတွေအကြောင်း’ နဲ့ ‘သူတို့ရဲ့အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း’ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့လို့လည်း ဂျွန်ဆင်က ဆိုပါတယ်။

    “ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် ပြည့်ဝပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မြန်မာအာဏာပိုင်တွေက ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း ကျွန်တော် အလေးထားပြောကြားခဲ့ပါတယ်”

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြောက်ရွံ့မှုကင်းစွာ လွတ်လွတ်လပ်လပ် ပြန်လာနိုင်မယ့်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြောင်း ပြသမယ့် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုအဖြစ် ရခိုင်ပြည်နယ်ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်မွန်နဲ့ အနာဂတ်မျိုး ဖော်ဆောင်ပေးဖို့အတွက် ယူကေရဲ့သြဇာကို ဆက်လက်အသုံးပြုသွားမယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျွန်ဆင်တို့ဟာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်အပါအ၀င် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    Ref : BBC

  • ခရစ်ယာန်ဘာသာအား ပုတ်ခတ်သူကို ကုရ်အာန်မှ မေရီသခင်မနှင့် ခရစ်တော်အကြောင်း လေ့လာရန် လက်ဘနွန်တရားရုံး ဆုံးဖြတ်

    ခရစ်ယာန်ဘာသာအား ပုတ်ခတ်သူကို ကုရ်အာန်မှ မေရီသခင်မနှင့် ခရစ်တော်အကြောင်း လေ့လာရန် လက်ဘနွန်တရားရုံး ဆုံးဖြတ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    ကုန်အာန်ကျမ်းစာတွင် မယ်တော်မေရီသခင်မနှင့် ခရစ်တော်တို့အကြောင်း ဖော်ပြထားမှုအချို့ (ကျမ်းချက်ခရက်ဒစ် – http://quran.mmsy.info/app/)

    – ခရစ်ယာန်သာသနာကို ပုတ်ခတ်ခဲ့တဲ့ လူငယ် ၃ ဦးကို အပြစ်ပေးတဲ့အနေနဲ့ ကုန်အာန်ကျမ်းစာထဲမှာ ချီးကျူးဖော်ပြထားတဲ့ မယ်တော် မေရီသခင်မနဲ့ ခရစ်တော်တို့အကြောင်း ကျက်မှတ်လေ့လာဖို့ လက်ဘနွန် ခုံရုံးတစ်ခုက အမိန့်ချခဲ့ပါတယ်။

    သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ်ပြစ်ဒဏ်အစား တရားသူကြီး ဂျိုစီလင်း မတ္တာက ကျမ်းချမ်းတွေကို ကျက်မှတ်လေ့လာပြီးမှ အချုပ်ကနေလွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

    ကုရ်အာန်ကျမ်းစာထဲမှာ မယ်တော်မေရီကို မရ်ယမ်သခင်မအဖြစ်၊ ခရစ်တော်ကို တမန်တော်အီစာအဖြစ် ဖော်ပြထားပြီး အပျိုစင် မရ်ယမ်သခင်မဟာ အလ္လာအရှင်မြတ်လို့ မွတ်စလင်တွေခေါ်ဝေါ်တဲ့ ထာဝရဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ တမန်တော်အီစာကို မေထုံမဲ့ဖွားမြင်မှု၊ တမန်တော်အီစာ ပြသခဲ့တဲ့ သဘာဝလွန် တန်ခိုးတွေအကြောင်းလည်း ပါဝင်ပါတယ်။

    မရ်ယမ်သခင်နဲ့ တမန်တော် အီစာ၊ ဒီပုဂ္ဂိုလ်ထူးတွေရဲ့ သဘာဝလွန် အဖြစ်အပျက်တွေကို မယုံကြည်ဘူးဆိုရင် အလ္လာအရှင်မြတ်ကို ယုံကြည်သူ (မွတ်စလင်) မဖြစ်နိုင်ဘူးလို့ အစ္စလာမ်သာသနာက သတ်မှတ်ထားတာပါ။

    နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့က တရားရုံးမှာ ပြစ်ဒဏ်ကို ဖတ်ကြားမှုအတွင်း တရားသူကြီး မတ္တာက သူမအနေနဲ့ ဒီလို ပြစ်ဒဏ် ချမှတ်တာဟာ အစ္စလာမ်သာသနာရဲ့ ဘာသာရေးသည်းခံနိုင်စွမ်း၊ မေရီသခင်မနဲ့ ခရစ်တော်တို့အပေါ် ချစ်မြတ်နိုးမှု စတာတွေကို ဒီလူငယ်တွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဥပဒေဆိုတာ ပြစ်ဒဏ်ပေးရုံတင်မဟုတ်ပါဘူး။ ပညာပေးဖို့လည်း ဖြစ်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    မတ္တာရဲ့ ဒီဆုံးဖြတ်ချက်ကို လက်ဘနွန်ဝန်ကြီးချုပ် စအဒ်ဟာရီရီက ချီးကျူးခဲ့ပြီး တရားမျှတမှု၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေအကြား အပြန်အလှန် ဆက်နွယ်မှုတွေကို ထင်ဟပ်စေတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခြစားမှုတိုက်ဖျက်ရေးဝန်ကြီး နီကိုလက်စ် တူနီကလည်း တရားသူကြီး မတ္တာကို ချီးကျူးခဲ့ပြီး လူမှုရေးပြဿနာတွေ၊ ဘာသာရေး သည်းမခံနိုင်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတဲ့ ဆန်းသစ်တဲ့ တရားရေးနည်းလမ်းကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: Alarabya

  • ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ ဦး သေဆုံး

    ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ၊ ၇၁ ဦး သေဆုံး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    လေယာဉ်အပိုင်းအစတစ်ခု

    – ရုရှား ခရီးသည်တင်လေယာဉ်တစ်စီး ယနေ့မနက်ပိုင်းတွင် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု သိရသည်။

    Saratov Airlines လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး မော်စကိုမြို့ရှိ ဒိုမိုဒီဒိုဗိုလေဆိပ်မှ ပျံတက်ပြီး ၆ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

    အဆိုပါလေယာဉ်မှာ မော်စကိုမှ အော့စ်မြို့သို့ ပျံသန်းခြင်းဖြစ်ပြီး ခရီးသည် ၆၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၇၁ ဦး လိုက်ပါသွားသည်။ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်သူမရှိဟု ကယ်ဆယ်ရေး တာဝန်ရှိသူများကို ကိုးကား၍ ရုရှားမီဒီယာများက ဖော်ပြကြသည်။

    လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို တိတိကျကျ မသိရှိသေးဘဲ၊ ရာသီဥတုအခြေအနေ ဆိုးရွားခြင်း၊ လေယာဉ်မှူး အမှားလုပ်ခြင်း အပါအ၀င် ဖြစ်နိုင်ဖွယ် အကြောင်းအရင်းအားလုံးကို ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားနေသည်ဟု Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

    မျက်မြင်သက်သေများကမူ လေယာဉ်မှာ ကောင်းကင်မှ မီးလောင်၍ ထိုးဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ရုရှားတွင် လေယာဉ်ပျက်ကျမှုမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တပ်နီတော်၏ ကွိုင်ယာအဖွဲ့ကို တင်ဆောင်သွားသော စစ်တပ်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူ ၉၂ ဦးစလုံး သေဆုံးခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအမှားကြောင့်ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူ ကွယ်လွန်

    ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူ ကွယ်လွန်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ရှေ့နေတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် အက်စ်မာ ဂျာဟန်ဂီရ်မှာ နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    နှလုံးသွေးကြောပိတ်ရောဂါကြောင့် ယနေ့မနက်ပိုင်းက ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။

    “တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခြိမ်းခြောက်ခံရတဲ့ အချိန်မှာတောင်မှ သူမဟာ ရဲရဲတောက်စကားတွေနဲ့ အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့သူပါ။ မိတ်ဆွေရင်းတွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ၀ါနုသေးတဲ့ လူငယ်ဂျာနယ်လစ် ကျွန်မကို သူက လူ့အခွင့်အရေးနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ပါကစ္စတန်ရဲ့ အထက်မြတ်ဆုံးသူတွေထဲက တစ်ဦး အခုလို ကွယ်လွန်သွားမှုဟာ ကျွန်မတို့အတွက် တုန်လှုပ်စရာဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအ၀ိုင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါပဲ” ဟု ပါကစ္စတန်လွှတ်တော်မှ အတိုက်အခံ လွှတ်တော်အမတ် ရှယ်ရီ ရဟ်မန်က ပြောကြားခဲ့သည်။

    အက်စ်မာ ဂျာဟန်ဂီရ်မှာ အမျိုးသမီးအခွင့်အရေး၊ လူနည်းစုများ ခွဲခြားခံရမှု တိုက်ဖျက်ရေးတို့ အပါအ၀င် လူ့အခွင့်အရေး ကိစ္စပေါင်းများစွာကို ဆောင်ရွက်မှုကြောင့် ပါကစ္စတန်နှင့် နိုင်ငံရပ်ခြားတွင်ပါ ထင်ရှားပြီး ပါကစ္စတန် တရားရုံးချုပ် ရှေ့နေများအသင်းတွင် ဥက္ကဌရာထူးရရှိခဲ့သည့် ပထမဆုံး အမျိုးသမီးလည်း ဖြစ်သည်။

    သူမမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ ထောင်သွင်းအကျဉ်းချခံရမှု၊ ရိုက်နှက်ခံရမှုတို့ကို အန်တုကာ ပါကစ္စတန် စစ်တပ်၊ ထောက်လှမ်းရေးနှင့် လက်နက်ကိုင်အုပ်စုများ၏ မသမာမှုများကို ဝေဖန် ဆန့်ကျင်ခဲ့သူဖြစ်သည်။

    အလုပ်သမားအရေး၊ ဘာသာ သာသနာညှိုးနွမ်းစေမှုကို ဗန်းပြကာ တိုက်ခိုက်မှုများ ဆန့်ကျင်ရေးကိုလည်း သူမက လှုပ်ရှားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စစ်အာဏာရှင် ပါဗက်ဇ် မူရှာရက်ဖ်၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

    “လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အရဲရင့်ဆုံး သမီးတွေထဲကတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပါကစ္စတန်ဟာ ကြေကွဲနေတော့မှာပါ။ ပါကစ္စတန်မှာ အမျိုးသမီးအခွင့်အရေး ခိုင်ခိုင်မာမာရှိဖို့ ကြိုးစားမှုတစ်လျှောက်လုံးမှာ သူမဟာ အမှတ်ရစရာအဖြစ် ရှိနေမှာဖြစ်ပါတယ်” ဟု ပန်ဂျပ်ဝန်ကြီးချုပ် ရှဲဟ်ဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့သည်။

    ဂျာဟန်ဂီရ်ကို ထောက်ခံသူများ၊ လုပ်ဖော်ကိုင်ဖက်များကလည်း သူမကွယ်လွန်မှုအတွက် ၀မ်းနည်းကြေကွဲရကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ကြသည်။

    Ref: Aljazeera

  • အစ္စရေးလုပ်ရပ်ကြောင့် ဆီးရီးယားတွင် တင်းမာမှုမြင့်တက်လာခြင်းကို ကုလ သတိပေး

    အစ္စရေးလုပ်ရပ်ကြောင့် ဆီးရီးယားတွင် တင်းမာမှုမြင့်တက်လာခြင်းကို ကုလ သတိပေး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    ဂိုလန်တောင်ကုန်းရှိ ကုလတပ်ဖွဲ့

    – အစ္စရေးက ဆီးရီးယားနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ကာ အကြီးစားတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို အလျင်အမြန် ခြွင်းချက်မရှိ လျှော့ချဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းလိုက်ပါတယ်။

    အီရန်က သူတို့သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းကို ဒရုန်းလွှတ်တယ်လို့ အကြောင်းပြပြီး ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်တဲ့ အစ္စရေး တိုက်လေယာဉ်တွေထဲက တစ်စင်းကို ဆီးရီးယားစစ်တပ်က ပစ်ချခဲ့ပြီးတဲ့နောက် အစ္စရေးက မနေ့မှာ အကြီးစား တိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရ မဟာမိတ်ဖြစ်တဲ့ ရုရှားက သူတို့အနေနဲ့ အစ္စရေးရဲ့ ဒီလို ကျူးကျော်မှုအတွက် အလွန်အမင်း စိုးရိမ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    အန်တိုနီယို ဂူတာရက်စ်က ဒီကိစ္စတွေအတွက် သတိပေးခဲ့ပါတယ်။

    “ဆီးရီးယားနဲ့ ဒေသတွင်းမှာ သက်ဆိုင်သူတွေအားလုံးဟာ ကိုယ်စီ တာဝန်ခံရမှာဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာရမှာပါ” လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က အတွင်းရေးမှူးအနေနဲ့ ဆီးရီးယားတစ်ဝှမ်းမှာ ဖြစ်ပွားနေပြီး ဒေသတွင်း ပြန့်နှံ့လာဖွယ်ရှိနေတဲ့ စိုးရိမ်စရာ စစ်ရေးအခြေအနေတွေ မြင့်တက်လာမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မိမိတို့အနေနဲ့ သက်ဆိုင်သူအားလုံး ထိန်းချုပ်ကြဖို့၊ အခြေအနေတွေ ပိုမိုရှုပ်ထွေးစေတာမျိုး ဖြစ်လာစေမယ့် ဘယ်လိုလုပ်ရပ်မျိုးမဆို ရှောင်ရှားဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

    အမေရိကန်က အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဆီးရီးယားတောင်ပိုင်းမှာရှိနေတဲ့ အီရန်ကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေရန်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့် အစ္စရေးမှာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေက ဒရုန်းဟာ အစ္စရေးလေပိုက်နက်ကို ကျော်လွန်ခဲ့ခြင်းမရှိကြောင်း၊ IS တိုက်ခိုက်ရေးသမားတွေနဲ့ပတ်သက်ပြီး ထောက်လှမ်းတဲ့လုပ်ငန်းကို လုပ်ဆောင်ခဲ့တာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera