News @ M-Media

Blog

  • တောင်ပိုင်းဒေသကို ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ဖိလစ်ပိုင် အမြန်ဆုံးဆောင်ရွက်မည်

    တောင်ပိုင်းဒေသကို ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ဖိလစ်ပိုင် အမြန်ဆုံးဆောင်ရွက်မည်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၈
    M-Media

    ၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးစဉ်က

    – ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းက မွတ်စလင်လူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ကြန့်ကြာနေတဲ့ မူကြမ်းကို အမြန်ဆုံး အတည်ပြုသွားမယ်လို့ ဖိလစ်ပိုင် အောက်လွှတ်တော်က ပြောကြားလိုက်ပါတယ်။

    အောက်လွှတ်တော်ရဲ့ ဆပ်ကော်မတီ ၃ ခုက လက်ရှိမှာ ဒီ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်း ၇ ခုက သဘောထားအမြင်တွေ စုဆောင်းတာ၊ အစီရင်ခံစာတွေကို ဆန်းစစ်တာတွေကို လုပ်နေပြီး ဒီမူကြမ်းကို မတ်လ အလယ်ပိုင်းလောက်မှာ အတည်ပြုဖို့ ရှိနေတယ်လို့ နိုင်ငံတောင်ပိုင်း တာဝီ-တာဝီပြည်နယ်က အောက်လွှတ်တော်အမတ် ရူဘီ ဆာဟာလီက ပြောပါတယ်။

    “ဒီမူကြမ်းကို အတည်ပြုရေး အလျင်အမြန်လိုအပ်တယ်ဆိုတာကို ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ အစိုးရအနေနဲ့ မိုရိုအစ္စလာမ့်လတ်မြောက်ရေးတပ်ဦး MILF နဲ့ လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ပါ ကတိက၀တ်တွေကို မဖြစ်မနေ ဖြည့်ဆည်းပေးရမှာပါ”

    အောက်လွှတ်တော်က ဒီမူကြမ်းကို အတည်ပြုပြီးသွားရင် အထက်လွှတ်တော်ကလည်း အတည်ပြုလိမ့်မယ်လို့ ဆာဟာလီက မျှော်လင့်နေပါတယ်။

    MILF ဟာ မင်ဒါနာအိုမှာ မွတ်စလင်လူနည်းစုတွေ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရရေး တိုက်ပွဲဝင်နေတဲ့ အကြီးဆုံး နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

    ၁၇ နှစ်ကြာ တိုက်ခိုက်မှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာတော့ ၂၀၁၄ ခုနှစ်မှာ ဒီအဖွဲ့ဟာ သမ္မတအကွီနိုနဲ့ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    Bangsamoro Basic Law (BBL) ဥပဒေအရ တောင်ပိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် MILF က လက်နက်ဖြုတ်သိမ်းဖို့ သဘောတူခဲ့ပါတယ်။

    ဒါပေမယ့် ၂၁၅ ခုနှစ်မှာ ရဲတပ်ဖွဲ့ကွန်မန်ဒိုတွေ သေဆုံးခဲ့တဲ့ စစ်ဆင်ရေးတစ်ခုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးကိစ္စဟာ ရပ်ဆိုင်းခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် သမ္မတ ဒူတာတေးလက်ထက်မှာ ဒီကိစ္စဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး မာရာဝီကို IS အကြမ်းဖက်သမားတွေ သိမ်းပိုက်မှုကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။

    MILF အဖွဲ့ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့အတူ IS အကြမ်းဖက်သမားတွေကို မာရာဝီကနေ တိုက်ထုတ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒူတာတေးက မွတ်စလင်လူနည်းစုတွေအပေါ် သမိုင်းနဲ့ချီပြီး ရှိခဲ့တဲ့ မတရားမှုတွေကို ပြင်ဆင်ဖို့ အချိန်ကျပြီလို့ ပြောကြားခဲ့ပါတယ်။

    BBL မူကြမ်းကို အတည်မပြုနိုင်ရင် မင်ဒါနာအိုမှာ စစ်ထပ်ဖြစ်နိုင်တယ်လို့လည်း ဒူတာတေးက သတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • စုပေါင်းသေကြောင်းကြံမှုကို ရာဇ၀တ်မှုအဖြစ် တောင်ကိုရီးယားသတ်မှတ်

    စုပေါင်းသေကြောင်းကြံမှုကို ရာဇ၀တ်မှုအဖြစ် တောင်ကိုရီးယားသတ်မှတ်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    ပြီးခဲ့သည့်လက သေကြောင်းကြံစည်သွားသည့် ကင်ဂျွန်ဟွန်း

    – လူတွေ စုပေါင်းပြီး အချိန်းအချက်လုပ် သေကြောင်းကြံစည်တာကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့ တောင်ကိုရီးယားနိုင်ငံက စီစဉ်နေပြီး နိုင်ငံအတွင်း မိမိကိုယ်ကို သတ်သေမှု လျှော့ချရေး ကြိုးပမ်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    အာရှရဲ့ စတုတ္ထ စီးပွားရေးအကြီးဆုံး တောင်ကိုရီးယားနိုင်ငံမှာ မိမိကိုယ်ကို သတ်သေမှုဟာ ၂၀၀၀ ခုနှစ်ကတည်းစလို့ သိသိသာသာ မြင့်တက်လာပြီး လက်ရှိ တစ်နှစ်ကို လူတစ်သိန်းမှာ ပျမ်းမျှ ၂၅.၆ ဦး ရှိနေကာ ကမ္ဘာ့ အမြင့်ဆုံးနှုန်းတွေထဲမှာ ပါဝင်နေပါတယ်။

    မိမိကိုယ်ကို သတ်သေမှုထဲမှာ လတ်တလော ထင်ရှားသူကတော့ ကေပေါ့ပ်စတား ကင် ဂျွန်ဟွန်းဖြစ်ပြီး ပြီးခဲ့တဲ့လမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ လူမှုဖူလှုံရေးစနစ် အားနည်းတာကြောင့် မိမိကိုယ်ကို သတ်သေသူ အများစုဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။

    ဒီကနေ့မှာ တောင်ကိုရီးယား ကက်ဘိနတ်က သေကြောင်းကြံစည်မှုကို ထိန်းချုပ်ဖို့ ဆောင်ရွယ်မယ့် လုပ်ငန်းတော်တော်များများကို အတည်ပြုခဲ့ပြီး စုပေါင်းသကြောင်းကြံစည်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်မှုအပြင်၊ သေကြောင်းကြံစည်ဖို့ အားပေးတဲ့ ရုပ်ရှင်တွေ၊ အွန်လိုင်း ကာတွန်းတွေကို တားမြစ်ဖို့၊ စစ်သားအားလုံးကို သေကြောင်းကြံစည်မှု တားဆီးရေး အသိအပညာပေးဖို့လည်း ပါဝင်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ သေကြောင်းကြံစည်မှုဦးရေဟာ လူတစ်သိန်းမှာ ၁၇ ဦးအထိ လျော့ကျစေဖို့ တောင်ကိုရီးယားက ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်။

    အစိုးရကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူ ၉၀ ရာခိုင်နှုန်းဟာ မသေဆုံးခင်မှာ သတိပေးမှုတွေ လုပ်တတ်ပြီး သူတို့ကို ဂရုစိုက်နေတဲ့သူတွေက ဒါကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

    Ref: CNA

  • ယနေ့မနက်ပိုင်း အင်ဒိုနီးရှားငလျင် ထိခိုက်မှုနှင့် အဆောက်အဦးပြိုကျမှုရှိ

    ယနေ့မနက်ပိုင်း အင်ဒိုနီးရှားငလျင် ထိခိုက်မှုနှင့် အဆောက်အဦးပြိုကျမှုရှိ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    ငလျင်လှုပ်ခတ်အပြီး မြိုတော် ဂျကာတာ မြင်ကွင်း

    – အင်ဒိုနီးရှားနိုင်ငံရှိ ဂျာဗားကျွန်းတွင် ယနေ့မနက်ပိုင်းက အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် အဆောက်အဦးများ ပြိုကျပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာမှုလည်း ရှိခဲ့သည်ဟု သိရသည်။

    ပြင်းအား ၆ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်မှာ မြို့တော်ဂျကာတာမှ ၆၂ မိုင်အကွာကို ဗဟိုပြု၍ မြေပြင်အနက် ၂၇ မိုင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

    အနောက်ဂျာဗားပြည်နယ်တွင် ငလျင်ကြောင့် စာသင်ကျောင်းတစ်ခု၏ ခေါင်မိုး ပြိုကျရာမှ ကျောင်းသား ၈ ဦး ဒဏ်ရာရှိခဲ့သည်။ အနောက်ဂျာဗားနှင့် ဘန်တန်ပြည်နယ်တို့တွင်မူ အိမ်ယာများနှင့် အဆောက်အဦးပေါင်း ၁၂၀ ကျော် ပျက်ဆီးခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူရ်ဝို နူဂရိုဟိုက ပြောကြားခဲ့သည်။

    မြို့တော်ဂျကာတာတွင်မူ ငလျင်ဒဏ်ကို ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ ခံစားခဲ့ရသည်။ အင်ဒိုနီးရှားအာဏာပိုင်များကမူ ဆူနာမီလာရောက်မည့်အန္တရာယ် မရှိဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ဒဏ်ကို မကြာခဏ ခံစားရလေ့ရှိပြီး ၂၀၀၄ ခုနှစ် ဆူနာမီအတွင်း လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့သည်။

    Ref: CNA

  • အာမေးနီးယားမှ သမိုင်းဝင်ဗလီကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းမည်

    အာမေးနီးယားမှ သမိုင်းဝင်ဗလီကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းမည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၈
    M-Media

    အာမေးနီးယားမြို့တော် ယီရီဗန်မှ ဗလီပြာ

    – အာမေးနီးယားနိုင်ငံ မြို့တော်ယီရီဗန်က နာမည်ကျော် ဗလီပြာကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ရေး ယူနက်စကိုအဖွဲ့ထံ လျှောက်ထားသွားမယ်လို့ အီရန် ယဉ်ကျေးမှု အမွေအနှစ်နှင့် ခရီးသွားအဖွဲ့ ICHTO အကြီးအကဲ မိုဟာမက် ဟိုစိန် တာလေဘီယန်က ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ ဒီကိစ္စအတွက် အီရန်ဆိုင်ရာ အာမေးနီးယားသံအမတ် အာတာရှီ တူမန်ယန်နဲ့ တရားဝင်ဆွေးနွေးနေတယ်လို့ တာလေဘီယန်က မနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

    ဗလီပြာကို ပြုပြင်မွမ်းမံဖို့ လိုအပ်နေပြီး ယီရီဗန်က အီရန်သံရုံးကနေတစ်ဆင့် ပြင်ဆင်မယ့်ကိစ္စကို အီရန်က ဆွေးနွေးနေပါတယ်။

    အီရန်ဟာ နိုင်ငံ အနောက်မြောက်ပိုင်းက ယူနက်စကို ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းအတွက် ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကန်ဒ်ါလာ ၄၂၇၀၀၀ ထောက်ပံ့ခဲ့ပါတယ်။

    အစ္စဖာဟန်မြို့ နယူး ဂျူလ်ဖာခရိုင်မှာရှိတဲ့ Holy Savior ကက်သလစ်ဘုရားကျောင်းကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ စီစဉ်သွားမယ်လို့ အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။

    ယီရီဗန်က ဗလီပြာဟာ ၁၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ရှီအာ ဗလီတစ်လုံးဖြစ်ပြီး ဆိုဗီယက်အုပ်စိုးစဉ်အတွင်းမှာ ၀တ်ပြုမှုတွေကို ရပ်တန့်ခဲ့ရကာ နောက်ပိုင်းမှာ ယီရီဗန် သမိုင်းပြတိုက် ဖြစ်ခဲ့ပါတယ်။

    ၁၉၉၁ ခုနှစ် အာမေနီးယား လွတ်လပ်ရေးရတဲ့အခါမှာတော့ ဒီဗလီကို အီရန်အစိုးရ အကူအညီနဲ့ ပြုပြင်မွမ်းမံခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် အာမေးနီးယားက အီရန်နွယ်ဖွားတွေ ဆက်လက်အသုံးပြုနေပါတယ်။

    ဗလီပြာဟာ အာမေးနီးယားတစ်နိုင်ငံလုံးမှာ အသုံးပြုလျက်ရှိတဲ့ တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

    Ref: Armenian Weekly