News @ M-Media

Blog

  • ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှု အလုပ်ဖြစ်မည်မဟုတ်ဟု ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ပြော

    ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှု အလုပ်ဖြစ်မည်မဟုတ်ဟု ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ပြော

    ဇန်န၀ါရီ၊ ၂၆၊ ၂၀၁၈
    M-Media

    – အစ္စရေးနှင့် ဆွေးနွေးရန် ငြင်းဆိုလျှင် အကူအညီရပ်တန့်မည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကို ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက ရှုတ်ချလိုက်သည်။

    “ဒီလို ခြိမ်းခြောက်တဲ့ ပေါ်လစီမျိုးဟာ ပါလက်စတိုင်း ပြည်သူတွေထံမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဂျေရုစလင်ပြဿနာဟာ မြင့်မြတ်တဲ့ ကိစ္စပါ။ ဒေသတွင်း စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကသော့ ချက်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ငွေကြေးတွေနဲ့ ရောင်းလို့၊ ၀ယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဂျေရုစလင်ကိစ္စ စားပွဲဝိုင်းမှာ မပါတော့ဘူးဆိုရင်။ အမေရိကန်လည်း ပါတော့မှာ မဟုတ်ပါဘူး” ဟု ပါလက်စတိုင်းသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာဟ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်ရှိ ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့် ငြိမ်ချမ်းရေးဆွေးနွေးမှု မပြုလုပ်လျှင် အမေရိကန်၏ ကူညီထောက်ပံ့မှု ရမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရမှာ ၂၀၀၈ ခုနှစ်မှစ၍ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀၀ ကူညီထောက်ပံ့ပေးနေသည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများကို ကူညီနေသည့် ကုလအေဂျင်စီ UNWA သို့ ပေးအပ်နေသည့် ငွေများမှ ထက်ဝက်ကျော်ကို လျှော့ချကြောင်း အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေငြာခဲ့သည်။

    အခုသီတင်းပတ်အစောပိုင်းက အစ္စရေးသို့ သွားရောက်ခဲ့သည့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်အား ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက မတွေ့ဆုံမှုမှာ အမေရိကန်ကို ‘မလေးမစားလုပ်ခြင်း’ ဖြစ်သည်ဟု ထရမ့်က ဒါဗို့စ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအစိုးရ တာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက ‘ဖိနှိပ်သူအား တွေ့ဆုံရန် ငြင်းဆိုမှုမှာ မလေးစားမှု လက္ခဏာမဟုတ်ဘဲ မိမိကိုယ်ကို လေးစားမှု လက္ခဏာဖြစ်သည်’ ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့တွင် ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာပြီးနောက်ပိုင်း ပါလက်စတိုင်းအာဏာပိုင်များနှင့် အမေရိကန်တို့၏ ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

    Ref: Aljazeera

  • မြန်မာအစိုးရက တာဝန်မှရပ်စဲကြောင်း မပြောခဲ့ဘဲ၊ မပြန်ရန် လာတားမှုသာရှိဟု ရစ်ချက်ဆန်ပြော

    မြန်မာအစိုးရက တာဝန်မှရပ်စဲကြောင်း မပြောခဲ့ဘဲ၊ မပြန်ရန် လာတားမှုသာရှိဟု ရစ်ချက်ဆန်ပြော

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    ကန်သံတမန်ဟောင်း ရစ်ချက်ဆန်

    – ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကနေ မြန်မာအစိုးရက သူ့ကို ရပ်စဲလိုက်တယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန်ဆိုင်ရာ ကုလသံအမတ်အဟောင်း ဘီလ် ရစ်ချက်ဆန်က ပြောကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ကြာသပတေးည နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရစ်ချက်ဆန်ဟာ ‘ပုဂ္ဂလိကအကျိုးကို’ ရှေးရှုတဲ့အတွက်ကြောင့် အကြံပေးကော်မတီမှာ ပါဝင်မှုကို ရပ်စဲဖို့ အစိုးရက ဆုံးဖြတ်တယ်လို့ ဖော်ပြထားတာပါ။

    “ရာထူးကနေ ရပ်စဲတယ်ဆိုတာ အုပ်ချုပ်ရေးမှူးကို မြန်မာအစိုးရက တစ်ယောက်ယောက် ဒါမှမဟုတ် အကြံပေးကော်မတီဥက္ကဌက လူချင်းတွေ့ပြီးပြောတာ ဒါမှမဟုတ် စာနဲ့ပြောတာမျိုး လုံးဝမရှိပါဘူး။ ဒါနဲ့ ဆန့်ကျင်ဖက်အဖြစ် မပြန်ခင်တစ်နေ့က သူတို့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟာ မပြန်ဖို့ လာတားပြီး စီစဉ်ထားတဲ့အတိုင်း ဆက်နေဖို့ ဆွယ်တာမျိုးပဲ ရှိပါတယ်” လို့ ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကေး ဘာဂ်မန်းက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရဟာ ထိုင်းနိုင်ငံရေးသမား ဆူရာကီယတ် ဆက်သီရာထိုင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ကာ အဲဒီအထဲမှာ ရစ်ချစ်ဆန်လည်း ပါဝင်ခဲ့တာပါ။

    ဒါပေမယ့် အမေရိကန် သံတမန်ဟောင်းဟာ ကော်မတီကနေ နှုတ်ထွက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပြီး Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ဒီကော်မတီဟာ အစိုးရကို ‘ကာကွယ်ပေးဖို့’ ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ‘စာရိတ္တပိုင်းဆိုင်ရာ ခေါင်းဆောင်မှု’ ကင်းမဲ့နေကြောင်း ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ရစ်ချက်ဆန်ရဲ့ အခုလိုပြောကြားမှုဟာ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုတိုးလာစေကြောင်း၊ လက်ရှိမှာတော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ် အကန့်အသတ်နဲ့သာ ဖိအားပေးသွားမှာဖြစ်ပြီး၊ အခြေအနေတွေ မတည်မငြိမ်ဖြစ်တာမျိုးကို ရှောင်ရှားဖို့အတွက် ကြီးမားတဲ့ဖိအားတွေ ပေးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ‘ပုဂ္ဂလိကအကျိုးကို’ ရှေးရှုတယ်လို့ အစိုးရရဲ့ ကြေငြာချက်မှာ ဖော်ပြထားမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရစ်ချက်ဆန်က ဖမ်းဆီးခံထားရတဲ့ ရိုက်တာ ဂျာနယ်လစ်နှစ်ယောက်အကြောင်း ပြောကြားမှုကို ရည်ညွှန်းတာဖြစ်မယ်လို့ ဘာဂ်မန်းက ဆိုပါတယ်။

    ရစ်ချက်ဆန်က တနင်္လာနေ့ညက သူ့အနေနဲ့ ဒီကိစ္စကို ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ဒေါသဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကော်မတီမှာ သူပါဝင်ဖို့ သဘောတူခဲ့တဲ့အချိန်ဟာ ရိုက်တာ ဂျာနယ်လစ်တွေ အဖမ်းမခံရခင် တစ်လအရင်ကဖြစ်တယ်ဆိုတဲ့အချက်ကို သိထားဖို့ အရေးကြီးပါတယ်” လို့ ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဘာဂ်မန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • တောင်ကိုရီးယားဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပြီး ၃၀ ကျော် သေဆုံး

    တောင်ကိုရီးယားဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပြီး ၃၀ ကျော် သေဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း မီရ်ယန်းမြို့ရှိ ဆေးရုံတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    Sejong ဆေးရုံဖြစ်ပြီး အရေးပေါ်ခန်းတွင် ယနေ့မနက်ပိုင်း ၇ နာရီခွဲမှ စတင်၍ မီးလောင်ခဲ့ခြင်းဖြစ်ကာ မီးငြှိမ်းသတ်ရန် ၃ နာရီ ကြာမြင့်ခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယား၌ အဆိုးဝါးဆုံး မီးလောင်မှုလည်း ဖြစ်သည်။

    မီးသတ်သမားများကမူ သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်သည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်သည်ဟု ယုံကြည်ရပြီး ဆရာဝန်တစ်ဦးနှင့် သူနာပြု ၂ ဦးပါဝင်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    မီရ်ယန်းမြို့ မီးသတ်ဌာနမှ အကြီးအကဲက အဆိုပါ ဆေးရုံတွင် အလိုအလျောက် မီးငြှိမ်းသတ်သည့် စနစ် မပါဝင်ဟု ပြောကြားခဲ့သည်။

    မီးလောင်မှုဖြစ်ပွားပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်မှာ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူကာ ထိုကိစ္စအတွက် ဆွေးနွေးခဲ့သည်။

    ယခုလအစောပိုင်းကလည်း နိုင်ငံတောင်ပိုင်းရှိ အားကစားစင်တာတစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်သည်ဟု တူရကီ သတိပေး

    ဆီးရီးယားတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်သည်ဟု တူရကီ သတိပေး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG အား ထောက်ပံ့ပေးသည့် မည်သူမဆို မိမိတို့၏ ပစ်မှတ်ဖြစ်လာမည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် ဘီကီရ် ဘော့ဇ်ဒဂ်က ပြောကြားလိုက်ပြီး အမေရိကန်ကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

    ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားမြောက်ပိုင်းမှ အက်ဖ်ရင်မြို့ကို မြေပြင်တပ်များဖြင့် ၀င်ရောက်တိုက်ခိုက်နေသည့် တူရကီမှာ အနီးအနားရှိ မန်ဘစ်ဂ်ျမြို့ကိုပါ ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယမန်နေ့တွင် ဒုတိယ၀န်ကြီးချုပ်၏ ယခုသတိပေးမှု ပေါ်ထွက်ာခြင်းဖြစ်သည်။

    အက်ဖ်ရင်မြို့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ ခန့်တွင် တည်ရှိသည့် မန်ဘစ်ဂ်ျမြို့တွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ခဲ့သည့် YPG ကို အကူအညီပေးနေသော အမေရိကန်စစ်သား ၂၀၀၀ ခန့် တပ်စွဲထားသည်။

    အမေရိကန်အနေဖြင့် တူရကီနှင့် ရင်ဆိုင်ရမှုကို ရှောင်ရှားလိုပါက အကြမ်းဖက်သမားများကို ကူညီပေးမှုအား ရပ်ဆိုင်းရမည်ဟု ဘော့ဇ်ဒဂ်က တူရကီ သတင်းဌာန A Haber သို့ ပြောကြားခဲ့သည်။

    “အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့ သူတွေဟာ ဒီတိုက်ပွဲမှာ ပစ်မှတ်ဖြစ်လာမှာပါ။ တူရကီနဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားချင်ရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ စစ်သားတွေ၊ တပ်အစိတ်အပိုင်းတွေဟာ မြေပြင်မှာ အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေလားဆိုတာ သုံးသပ်ဖို့လိုပါတယ်”

    ၎င်း၏ စကားများအတွက် အမေရိကန်ဖက်မှ မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

    မန်ဘစ်ဂ်ျမြို့ရှိ အမေရိကန်မဟာမိတ်တပ်က မိမိတို့စစ်သားများအနေဖြင့် တိုက်ခိုက်ခံရလျှင် ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တူရကီအနေဖြင့် အမေရိကန်တပ်များကို ရွှေ့ပေးရန် ပြောကြားမှုများ မီဒီယာ၌ တွေ့ရကြောင်း သို့သော်လည်း ထိုကိစ္စအား စဉ်းစားနေလားဆိုသည်ကို မသိရှိရသေးကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG ကို ပြီးခဲ့သည့်တစ်ပတ်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး စစ်ဆင်ရေးစတင်ကတည်းက ကာ့ဒ်တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ကို လက်နက်ဖြုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အားကစားမယ်များကို လိင်စော်ကားသည့် အမေရိကန်ဆရာဝန် ထောင် နှစ် ၁၆၀ နီးပါး ချမှတ်ခံရ

    အားကစားမယ်များကို လိင်စော်ကားသည့် အမေရိကန်ဆရာဝန် ထောင် နှစ် ၁၆၀ နီးပါး ချမှတ်ခံရ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၈
    M-Media

    – အားကစားမယ် ၁၆၀ လောက်ကို နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ အားကစားဆရာဝန်ကို အမေရိကန်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် နှစ် ၁၆၀ နီးပါး ချမှတ်လိုက်ပါတယ်။

    လယ်ရီ နက်ဆာရ်ဆိုသူဖြစ်ပြီး အမေရိကန် အိုလံပစ် gymnastic အသင်းရဲ့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

    မိန်းကလေးငယ်တွေ၊ အိုလံပစ် ကစားသမားတွေအပါအ၀င် အမျိုးသမီးတွေကို ကျန်းမာရေးစစ်ဆေးစဉ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့မှုနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး စွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း သူက ၀န်ခံခဲ့ပါတယ်။

    အသက် ၅၄ အရွယ် လယ်ရီကို ကလေးတွေရဲ့ ညစ်ညမ်းပုံတွေ လက်ဝယ်ထားရှိမှုနဲ့လည်း ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့ပါတယ်။

    လယ်ရီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံခဲ့ရတဲ့ အားကစားမယ်တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လုံး တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ကြပါတယ်။

    သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်း လယ်ရီက ပြောကြားခဲ့ပေမယ့် တရားသူကြီး ရိုစမာရီ အကွီလီနာက ပယ်ချခဲ့ပြီး ဘ၀တစ်လျှောက်လုံး အမှောင်ထဲမှာပဲ နေရမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    “လွတ်မြောက်လာတဲ့ ညီမလေးတွေရဲ့ ဇာတ်လမ်းကို နားထောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို ရှင့်ကို ပြစ်ဒဏ်ချမှတ်ခွင့် ရတဲ့အတွက်လည်း ကျွန်မ ဂုဏ်ယူမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရှင်ဟာ ထောင်ကနေ ထွက်သွားဖို့ ထိုက်တန်သူတစ်ဦး မဟုတ်လို့ပါ”

    အစောပိုင်းက သူမကို ပေးတဲ့စာမှာ လယ်ရီက သူ့ကိုစွပ်စွဲသူတွေဟာ ငွေကြေးနဲ့ ကျော်ကြားမှုရဖို့အတွက် လုပ်ကြံဖန်တီး ပြောဆိုနေကြကြောင်း၊ သူ့ကို စွပ်စွဲနေတဲ့ ပါးစပ်တွေကပဲ တစ်ချိန်က သူတို့ တစ်ဖွဖွ ချီးကျူးခဲ့ကြောင်း ရေးသားထားတယ်လို့ တရားသူကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လယ်ရီဟာ အားကစားသမားတွေကိုအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမေရိကန် gymanastic အားကစားအဖွဲ့ချုပ်က လယ်ရီကို ရာထူးကနေ တိတ်တိတ်လေး ထုတ်ပယ်ခဲ့ပါတယ်။

    Indianapolis Star သတင်းစာက သူ့အကြောင်းဖွင့်ချခဲ့တဲ့ ၂၀၁၆ ခုနှစ် လယ်ရီဟာ အလုပ် ဆက်လက်လုပ်ကိုင်နေသေးပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးခံခဲ့ရတာပါ။

    အမေရိကန် အိုလံပစ်ကော်မတီကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

    Ref : BBC