News @ M-Media

Blog

  • သွေးထိုးသည့် နိုင်ငံခြားတိုင်းပြည်များကို တုန့်ပြန်မည်ဟု အီရန်အဓိပတိပြော

    သွေးထိုးသည့် နိုင်ငံခြားတိုင်းပြည်များကို တုန့်ပြန်မည်ဟု အီရန်အဓိပတိပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ ခါမေနီ

    – နိုင်ငံအတွင်း လူထုအုံကြွမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်တို့ကို အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက ဝေဖန်လိုက်ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးစားသည့် ပြည်ပတိုင်းပြည်များကို တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    ခါမေနီမှာ ယမန်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ဝေဖန်ခဲ့ပြီး ‘ထရမ့်မှာ ဂနာမငြိမ်သူ၊ ကယောက်ခြောက်ခြားလုပ်တတ်သူ’ ဟု ကင်ပွန်းတပ်ခဲ့သည်။

    လူနေမှုစားရိတ်ကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ များပြားခြင်းတို့ကြောင့် အီရန်ပြည်သူများမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြခဲ့သည်။

    အဆိုပါဆန္ဒပြမှုမှာ နိုင်ငံရပ်ခြားမှ တိုက်ရိုက် သွေးထိုးမှုကြောင့်ဖြစ်သည့် ခိုင်မာသာ အထောက်အထားများရှိနေသည်ဟု အီရန်က ပြောကြားထားသည်။

    “အမေရိကန်အာဏာပိုင်တွေအနေနဲ့ ပထမဆုံး သိထားရမှာက သူတို့ရဲ့ ရည်မှန်းချက် အထမမြောက်ဘူး ဆိုတာပါ။ ဒုတိယအချက်က လတ်တလောမှာ အီရန်ကို ထိခိုက်အောင် သူတို့ သွေးထိုးပေးထားပြီး ဒါကို အီရန်က မတုန့်ပြန်ဘဲ ထားမှာမဟုတ်ဘူး ဆိုတာပါပဲ” ဟု ခါမေနီက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသာခဲ့သည်။

    “အီရန် အစ္စလာမ့် ပြည်သူ့သမ္မတနိုင်ငံကို ဖြုတ်ချချင်တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အခြားသူတွေကို ထပ်ပြောချင်တာက ခင်ဗျားတို့ ဒီတစ်ကြိမ်မှာ မအောင်မြင်သလို၊ နောက်ထပ်လည်း အောင်မြင်မှာမဟုတ်ဘူး ဆိုတာပါပဲ”

    ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၃၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

    အီရန်အာဏာပိုင်များက အဆိုပါ ဆန္ဒပြမှုကို အမေရိကန် စီအိုင်အေနှင့် အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့တို့က စီစဉ်ကာ ဆော်ဒီက ငွေကြေးထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။

    ထရမ့်က အီရန်ကို အုပ်စိုးသူများမှာ အမေရိကန်၏ပါဝါကို ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့ပြီး ခါမေနီကလည်း ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ကျုပ်တို့က ခင်ဗျားတို့ကို တော်တော်ကြီး ကြောက်နေမယ်ဆိုရင် ၁၉၇၀ ပြည့်နှစ်တွေက ခင်ဗျားတို့ကို ရန်က ကန်ထုတ်ပြီး ၂၀၁၀ ပြည့်နှစ်တွေမှာ ဒေသတွင်းကနေ ခင်ဗျားတို့ အထုပ်ထမ်းပြန်ရအောင် ဘာဖြစ်လို့ လုပ်မလဲ” ဟု ခါမေနီက ရေးသားခဲ့သည်။

    Ref: Aljazeera

  • ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

    – တရုတ် ဗဟိုစစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးအား ခြစားမှုဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ယနေ့တွင် ဖော်ပြခဲ့သည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ဖန်ဖန်းဟွေဆိုသူဖြစ်ပြီး ၎င်းမှာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု Reuters သတင်းဌာနက စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။ Xinhua သတင်းဌာနက ဖန်နှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သြဂုတ်လတွင် ရုတ်တရက် ရာထူးချခံရပြီး အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ၅ နှစ်တစ်ကြိမ် ကွန်မြူတစ်ပါတီ ကွန်ဂရက်တွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

    ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ဗဟိုစစ်ကော်မရှင်မှ ဥက္ကဌဟောင်းနှစ်ဦး အပါအ၀င် ဒါဇင်နှင့်ချီသော စစ်ဖက်တာဝန်ရှိသူများမှာ စုံစမ်းစစ်ဆေးခံရကာ ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိခဲ့သည်။

    ဖန်နှင့်အတူ စစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ကျန်းယန်မှာ ခြစားမှုဆိုင်ရာအတွက် စစ်ဆေးခံရသောကြောင့် နိုဝင်ဘာလက မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

    Ref: CNA

  • ခရိုအက်နှင့် မွတ်စလင်များကို သတ်ဖြတ်ခဲ့သည့် ဆာ့ဘ် စစ်ရာဇ၀တ်ကောင်ကို ဂျာမနီတွင် ဖမ်းမိ

    ခရိုအက်နှင့် မွတ်စလင်များကို သတ်ဖြတ်ခဲ့သည့် ဆာ့ဘ် စစ်ရာဇ၀တ်ကောင်ကို ဂျာမနီတွင် ဖမ်းမိ

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဘော့စနီးယားစစ်ပွဲအတွင်း ဆာ့ဘ်များ၏ လူမျိုးတုန်းသတ်ဖြတ်မှုကို ခံခဲ့ရသူများအား မြှုပ်နျံထားသော သင်္ချီုင်း

    – လွန်ခဲ့သည့် ၂၅ နှစ်က ဘော့စနီးယားစစ်ပွဲတွင် ဘော့စနီးယားမွတ်စလင်များအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်ရာဇ၀တ်ကောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဂျာမနီက ယနေ့တွင် ပြောကြားလိုက်သည်။

    မီလိုရဒ် အိုဘရာဒိုဗစ်ဆိုသူဖြစ်ပြီး ဘော့စနီးယားအာဏာပိုင်များက ၀ရမ်းထုတ်ပေးခဲ့ပြီးနောက် မြူးနစ်လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    အသက် ၅၁ နှစ်အရွယ် မီလိုရဒ်မှာ ၁၉၉၂ ခုနှစ် ဇူလိုင်လအတွင်း ဘော့စနီးယား အနောက်မြောက်ဖက်ပရီဂျီဒိုရ်မြို့အနီး မစ္စကာ ဂါလ်ဗာရွာတွင် မွတ်စလင်အရပ်သား ၁၂၀ ၀န်းကျင်ကို ဖမ်းဆီးကာ၊ အနီးရှိရွာ၌ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယဖြစ်ခံရသူ ဖြစ်သည်။

    ၎င်းအား ၁၄ ရက်အတွင်း ဘော့စနီးယားအာဏာပိုင်များထံ ဂျာမနီက လွှဲပြောင်းပေးမည်ဖြစ်ပြီး၊ မီလိုရဒ်အဘယ့်အကြောင့် မြူးနစ်တွင် ရှိနေလဲဆိုသည်ကို ဂျာမနီရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပေ။

    ဘော့စနီးယား ရှေ့နေချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဘော်ရစ် ဂရူဘီစစ်က မီလိုရဒ်မှာ ဘောလုံးကွင်းတစ်ခုအတွင်း ဘော့စနီးယားမွတ်စလင် ၃ ဦးအား သတ်ဖြတ်မှုကို ကျူးလွန်သည်ဟု သံသယဖြစ်ခံထားရကြောင်း ပြောကြားခဲ့သည်။

    မီလိုရဒ် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများတွင် ပါဝင်သူ အခြားတစ်ဦး အိမ်နီးချင်း မွန်တီနီဂရိုးနိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား လနှင့်ချီ၍ ဘော့စနီးယားအာဏာပိုင်များက ရှာဖွေခဲ့သည်။

    ပရီဂျီဒေါရ်ဒေသမှာ ဆာ့ဘ် အမျိုးသားရေးအစွန်းရောက်များ ကြီးစိုးရာ နေရာဖြစ်ပြီး ဆာ့ဘ်သီးသန့်နယ်မြေ ထူထောင်ရန်အတွက် ပြည်တွင်းစစ်အတွင်း ဘော့စနီအက်များနှင့် ခရိုအက်လူမျိုးများကို မောင်းထုတ်၊ သတ်ဖြတ်ခဲ့ကြကာ အဆိုပါဒေသတွင် လူပေါင်း ၃၅၀၀ နီးပါး ပျောက်ဆုံးခဲ့သည်။

    ကုလ ဦးဆောင်ပြီး The Hague တွင် ဖွင့်လှစ်ထားသည့် စစ်ရာဇ၀တ်မှုဆိုင်ရာ ခုံသမာဓိရုံးက ပရီဂျီဒေါရ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုများအတွက် ဆာ့ဘ်ခေါင်းဆောင် ၁၆ ဦးကို စုစုပေါင်း ထောင်ဒဏ် နှစ် ၂၃၀ ချမှတ်ခဲ့သည်။

    Ref: CNA

     

  • တင်းမာမှုလျှော့ချရန်နှင့် စစ်ရေးဆွေးနွေးရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

    တင်းမာမှုလျှော့ချရန်နှင့် စစ်ရေးဆွေးနွေးရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးမှုမြင်ကွင်း

    – မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှာ စစ်ဖက်ဆိုင်ရာဆွေးနွေးမှု ပြုလုပ်ရန် သဘောတူခဲ့သည်ဟု ယနေ့တွင် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြုလုပ်သော ယနေ့ဆွေးနွေးမှုတွင် လက်ရှိ စစ်ရေးတင်းမာမှုကို လျှော့ချရန်နှင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

    လာမည့်လတွင် တောင်ကိုရီးယား၌ ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် အကအဖွဲ့တစ်ခု စေလွှတ်သွားမည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။

    ယနေ့ဆွေးနွေးပွဲတွင် နျူလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် ပြောကြားမှုကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က လက်မခံဟု တောင်ကိုရီးယားအစိုးရ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၂ နှစ်ကျော်ကြား ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ် အရပ်သားဖုန်းလိုင်းကို မြောက်ကိုရီးယားက ပြန်ဖွင့်ပေးခဲ့ပြီး၊ စစ်ဖက်ဆိုင်ရာ ဖုန်းလိုင်းကိုလည်း ပြန်ဖွင့်ပေးမည်ဟု ယနေ့တွင် သဘောတူခဲ့သည်။

    Ref: CNA