News @ M-Media

Blog

  • ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

    – တရုတ် ဗဟိုစစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးအား ခြစားမှုဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ယနေ့တွင် ဖော်ပြခဲ့သည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ဖန်ဖန်းဟွေဆိုသူဖြစ်ပြီး ၎င်းမှာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု Reuters သတင်းဌာနက စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။ Xinhua သတင်းဌာနက ဖန်နှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သြဂုတ်လတွင် ရုတ်တရက် ရာထူးချခံရပြီး အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ၅ နှစ်တစ်ကြိမ် ကွန်မြူတစ်ပါတီ ကွန်ဂရက်တွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

    ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ဗဟိုစစ်ကော်မရှင်မှ ဥက္ကဌဟောင်းနှစ်ဦး အပါအ၀င် ဒါဇင်နှင့်ချီသော စစ်ဖက်တာဝန်ရှိသူများမှာ စုံစမ်းစစ်ဆေးခံရကာ ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိခဲ့သည်။

    ဖန်နှင့်အတူ စစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ကျန်းယန်မှာ ခြစားမှုဆိုင်ရာအတွက် စစ်ဆေးခံရသောကြောင့် နိုဝင်ဘာလက မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

    Ref: CNA

  • ခရိုအက်နှင့် မွတ်စလင်များကို သတ်ဖြတ်ခဲ့သည့် ဆာ့ဘ် စစ်ရာဇ၀တ်ကောင်ကို ဂျာမနီတွင် ဖမ်းမိ

    ခရိုအက်နှင့် မွတ်စလင်များကို သတ်ဖြတ်ခဲ့သည့် ဆာ့ဘ် စစ်ရာဇ၀တ်ကောင်ကို ဂျာမနီတွင် ဖမ်းမိ

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဘော့စနီးယားစစ်ပွဲအတွင်း ဆာ့ဘ်များ၏ လူမျိုးတုန်းသတ်ဖြတ်မှုကို ခံခဲ့ရသူများအား မြှုပ်နျံထားသော သင်္ချီုင်း

    – လွန်ခဲ့သည့် ၂၅ နှစ်က ဘော့စနီးယားစစ်ပွဲတွင် ဘော့စနီးယားမွတ်စလင်များအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်ရာဇ၀တ်ကောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဂျာမနီက ယနေ့တွင် ပြောကြားလိုက်သည်။

    မီလိုရဒ် အိုဘရာဒိုဗစ်ဆိုသူဖြစ်ပြီး ဘော့စနီးယားအာဏာပိုင်များက ၀ရမ်းထုတ်ပေးခဲ့ပြီးနောက် မြူးနစ်လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    အသက် ၅၁ နှစ်အရွယ် မီလိုရဒ်မှာ ၁၉၉၂ ခုနှစ် ဇူလိုင်လအတွင်း ဘော့စနီးယား အနောက်မြောက်ဖက်ပရီဂျီဒိုရ်မြို့အနီး မစ္စကာ ဂါလ်ဗာရွာတွင် မွတ်စလင်အရပ်သား ၁၂၀ ၀န်းကျင်ကို ဖမ်းဆီးကာ၊ အနီးရှိရွာ၌ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယဖြစ်ခံရသူ ဖြစ်သည်။

    ၎င်းအား ၁၄ ရက်အတွင်း ဘော့စနီးယားအာဏာပိုင်များထံ ဂျာမနီက လွှဲပြောင်းပေးမည်ဖြစ်ပြီး၊ မီလိုရဒ်အဘယ့်အကြောင့် မြူးနစ်တွင် ရှိနေလဲဆိုသည်ကို ဂျာမနီရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပေ။

    ဘော့စနီးယား ရှေ့နေချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဘော်ရစ် ဂရူဘီစစ်က မီလိုရဒ်မှာ ဘောလုံးကွင်းတစ်ခုအတွင်း ဘော့စနီးယားမွတ်စလင် ၃ ဦးအား သတ်ဖြတ်မှုကို ကျူးလွန်သည်ဟု သံသယဖြစ်ခံထားရကြောင်း ပြောကြားခဲ့သည်။

    မီလိုရဒ် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများတွင် ပါဝင်သူ အခြားတစ်ဦး အိမ်နီးချင်း မွန်တီနီဂရိုးနိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား လနှင့်ချီ၍ ဘော့စနီးယားအာဏာပိုင်များက ရှာဖွေခဲ့သည်။

    ပရီဂျီဒေါရ်ဒေသမှာ ဆာ့ဘ် အမျိုးသားရေးအစွန်းရောက်များ ကြီးစိုးရာ နေရာဖြစ်ပြီး ဆာ့ဘ်သီးသန့်နယ်မြေ ထူထောင်ရန်အတွက် ပြည်တွင်းစစ်အတွင်း ဘော့စနီအက်များနှင့် ခရိုအက်လူမျိုးများကို မောင်းထုတ်၊ သတ်ဖြတ်ခဲ့ကြကာ အဆိုပါဒေသတွင် လူပေါင်း ၃၅၀၀ နီးပါး ပျောက်ဆုံးခဲ့သည်။

    ကုလ ဦးဆောင်ပြီး The Hague တွင် ဖွင့်လှစ်ထားသည့် စစ်ရာဇ၀တ်မှုဆိုင်ရာ ခုံသမာဓိရုံးက ပရီဂျီဒေါရ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုများအတွက် ဆာ့ဘ်ခေါင်းဆောင် ၁၆ ဦးကို စုစုပေါင်း ထောင်ဒဏ် နှစ် ၂၃၀ ချမှတ်ခဲ့သည်။

    Ref: CNA

     

  • တင်းမာမှုလျှော့ချရန်နှင့် စစ်ရေးဆွေးနွေးရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

    တင်းမာမှုလျှော့ချရန်နှင့် စစ်ရေးဆွေးနွေးရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူ

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးမှုမြင်ကွင်း

    – မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှာ စစ်ဖက်ဆိုင်ရာဆွေးနွေးမှု ပြုလုပ်ရန် သဘောတူခဲ့သည်ဟု ယနေ့တွင် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြုလုပ်သော ယနေ့ဆွေးနွေးမှုတွင် လက်ရှိ စစ်ရေးတင်းမာမှုကို လျှော့ချရန်နှင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

    လာမည့်လတွင် တောင်ကိုရီးယား၌ ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် အကအဖွဲ့တစ်ခု စေလွှတ်သွားမည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။

    ယနေ့ဆွေးနွေးပွဲတွင် နျူလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် ပြောကြားမှုကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က လက်မခံဟု တောင်ကိုရီးယားအစိုးရ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၂ နှစ်ကျော်ကြား ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ် အရပ်သားဖုန်းလိုင်းကို မြောက်ကိုရီးယားက ပြန်ဖွင့်ပေးခဲ့ပြီး၊ စစ်ဖက်ဆိုင်ရာ ဖုန်းလိုင်းကိုလည်း ပြန်ဖွင့်ပေးမည်ဟု ယနေ့တွင် သဘောတူခဲ့သည်။

    Ref: CNA

  • ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ဟဂ်ျသွားရောက်မည့် သားဖြစ်သူကို နှုတ်ဆက်နေသော အိန္ဒိယအဘွားအို

    – ဟဂ်ျဘုရားဖူးခရီးစဉ်ကို စားရိတ် သက်သက်သာသာနဲ့ ရေလမ်းကြောင်းကနေ သွားရောက်နိုင်မယ့် အစီအစဉ်တစ်ခုကို အိန္ဒိယက စီစဉ်နေပြီး ဆော်ဒီအာရေဗျကလည်း ဒီအစီအစဉ်ကို သဘောတူလိုက်ပါတယ်။

    အိန္ဒိယမွတ်စလင်တွေဟာ အရင်က ဟဂ်ျပြုဖို့အတွက် ဆော်ဒီအာရေဗျကို သွားတဲ့အခါ မွမ်ဘိုင်းကနေ ဂျစ်ဒါကို သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာပါ။

    ၁၀ ရက်နေက ၁၂ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ ဒီလမ်းကြောင်းကို ၁၉၉၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံပိုင် သင်္ဘောတွေရဲ့ ကြံ့ခိုင်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ လေယာဉ်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။

    ဒီနှစ်ကနေစပြီး အိန္ဒိယအစိုးရဟာ ခေတ်မီသင်္ဘောကြီးတွေနဲ့ မွတ်စလင်တွေကို မွမ်ဘိုင်း၊ ကိုလ်ကတားနဲ့ ကိုချီတို့ကတစ်ဆင့် ဆော်ဒီကို ပို့ဆောင်ပေး စီစဉ်နေပါတယ်။ သင်္ဘောတစ်စီးကို လူပေါင်း ၅၀၀၀ ၀န်းကျင် စီးနိုင်မှာဖြစ်ပြီး ၂ ရက်ကနေ ၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    အိန္ဒိယ လူနည်းစုရေးရာဝန်ကြီး မွခ်တာရ် အဘတ်စ် နက်ဗီက ဒီလို ရေကြောင်းခရီးစဉ်ကြောင့် ဟဂ်ျပြုသူတွေဟာ ကုန်ကျစားရိတ် ၅၀ ရာခိုင်နှုန်းကျော်လောက် သက်သာမှာဖြစ်ကြောင်း၊ ဟဂ်ျသွားမယ့်သူတွေအနေနဲ့ သူတို့ရဲ့ တတ်နိုင်မှုကိုလိုက်ပြီး လေယာဉ် ဒါမှမဟုတ် သင်္ဘောနဲ့ သွားမလားဆိုတာကို ချိန်ဆနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဟဂ်ျသွားမယ့်သူတွေအတွက် နိုင်ငံပိုင် Air India က မြို့ ၂၃ မြို့ကနေ ဂျစ်ဒါကို တိုက်ရိုက်ပျံသန်းပေးနေတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ကွန်မြူနစ်ဖိနှိပ်မှုအလွန် ပြန်လည်ရှင်သန်လာတဲ့ အဇာဘိုင်ဂျန်က အစ္စလာမ်သာသနာ

    ကွန်မြူနစ်ဖိနှိပ်မှုအလွန် ပြန်လည်ရှင်သန်လာတဲ့ အဇာဘိုင်ဂျန်က အစ္စလာမ်သာသနာ

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    အဇာဘိုင်ဂျန် ကျေးလက်ဂီတ အဆိုတော်ဖြစ်တဲ့ ဂါဆီမိုဗာဟာ ဂီတနယ်ပယ်မှာ နာမည်ကျော်တဲ့ အလမ် ဂါဆီမော့ဗ်ရဲ့ သမီးဖြစ်ပါတယ်။

    – ဖာရ်ဂနာ ဂါဆီမိုဗာတစ်ယောက် ဆိုဗီယက်ခေတ်မှာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး မှတ်မှတ်သားသားရှိတာက သာသနာကို လူမသိ၊ သူမသိ ကျင့်သုံးခဲ့ရတာ ဖြစ်ပါတယ်။

    သူ့ရဲ့ ဘိုးဘွားတွေဟာ ဆိုဗီယက်အာဏာပိုင်တွေရဲ့ အမျိုးစုံသော စောင့်ကြည့်မှုတွေကို ရှောင်ကွင်းပြီး ၀တ်ပြုတာ၊ ဥပုသ်သီလဆောက်တည်တာတွေကို ပြုလုပ်ကာ ဟန်မပျက်အောင် ဂရုတစိုက် နေထိုင်ခဲ့ကြရပါတယ်။

    “ဆိုဗီယက်လက်ထက်တုန်းက အဇာဘိုင်ဂျန်မှာ ၀တ်ပြုဆုတောင်းတာတွေ၊ ပုဝါဆောင်းတာတွေကို လုပ်လို့မရပါဘူး။ အဇာဘိုင်ဂျန်အပါအ၀င် ဆိုဗီယက်ယူနီယံတစ်ဝှမ်းလုံးမှာ ဘုရားမဲ့ဝါဒကိုပဲ ၀ါဒဖြန့်ခဲ့ကြတာပါ” လို့ သူမက ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်သာသနာဟာ အဇာဘိုင်ဂျန်မှာ ၇ ရာစုကတည်းက အခြေကျခဲ့ပေမယ့် ဆိုဗီယက်အုပ်စိုးမှုအတွင်းမှာ ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရပါတယ်။

    ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး လွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာတဲ့ နောက်ပိုင်းမှာ ဘာသာရေး ကန့်သတ်ချုပ်ချယ်မှုတွေ တော်တော်များများ လျော့ပါးသွားခဲ့ပြီး၊ အစ္စလာမ့် ဘ၀တည်ဆောက်မှုလမ်းစဉ်ကို နေ့စဉ်ဘ၀မှာ ပြန်လည်မြင်လာခဲ့ကြပါတယ်။

    “၁၉၉၁ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် (ဘာသာတရားကို ကျင့်သုံးဖို့) ကျွန်မတို့ အခွင့်အရေး တော်တော်များများ ရခဲ့ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်လည်း ရလာပါတယ်။ တီဗီအစီအစဉ်တွေနဲ့ အခမ်းအနားပွဲတွေမှာ ပုဝါကို လွတ်လွတ်လပ်လပ် ဆောင်းလို့ရခဲ့ပါတယ်” လို့ ဂါစီမိုဗာက ဆိုပါတယ်။

    အဇာဘိုင်ဂျန် ကျေးလက်ဂီတ အဆိုတော်ဖြစ်တဲ့ ဂါဆီမိုဗာဟာ ဂီတနယ်ပယ်မှာ နာမည်ကျော်တဲ့ အလမ် ဂါဆီမော့ဗ်ရဲ့ သမီးဖြစ်ပါတယ်။

    အသက် ၂၀ အရွယ်ရောက်မှ အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးခွင့်ရခဲ့ပြီး ၄ နှစ်အကြာမှာ ပုဝါဆောင်းခဲ့ပါတယ်။

    “ကျွန်မတိုင်းပြည်မှာ ဘယ်လိုကန့်သတ်မှုမျိုးမှ မကြုံတွေ့ရတော့ပါဘူး”

    အဇာဘိုင်ဂျန်ရဲ့ယဉ်ကျေးမှုကို ပုံဖော်ရာမှာ အစ္စလာမ်သာသနာဟာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး လူဦးရေ ၉၃ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ရှီအာက လူများစုဖြစ်ပြီး ဆွန်နီက လူနည်းစုပါ။

    အဇာဘိုင်ဂျန်မှ ၀တ်ပြုဆုတောင်းနေကြသည့် မွတ်စလင်များ

    ကက်စပီယံပင်လယ်ရဲ့ အနောက်ဖက်အစွန်းမှာရှိတဲ့ အဇာဘိုင်ဂျန်ဟာ ၁၉၁၈ ခုနှစ်မှာ ရုရှားထံကနေ လွတ်လပ်ရေးရပြီး ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံတဲ့ ဘာသာရေးမနွယ်တဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်ခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းကို လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ အဆင့်အတန်း၊ ရာထူးဂုဏ်ဒြပ် မခွဲခြားဘဲ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး အပြည့်ပေးထားပါတယ်။

    ဒါပေမယ့် တပ်နီတော်ဟာ ၁၉၂၀ ခုနှစ်မှာ အဇာဘိုင်ဂျန်ကို ကျူးကျော်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုအတွင်းသွတ်သွင်းကာ အဲဒီကာလက နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပါတယ်။

    ဆိုဗီယက်ပြည်ထောင်စုက ဂျူးတွေ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေလို အဇာဘိုင်ဂျန်က မွတ်စလင်တွေကဟာလည်း ဘာသာရေး လိုက်နာကျင့်သုံးမှုကို ဆိုးဆိုးရွားရွား ပိတ်ပင်ခံခဲ့ရပါတယ်။

    “ဓမ္မသင်တန်းတွေကို သင်ကြားခွင့်မပြုဘူး။ ဆိုဗီယက်ပြည်ထောင်စု တစ်ခုလုံးမှာ မဒ်ရာဆာ ဓမ္မသင်တန်းကျောင်း ၂ ခုသာရှိပြီး အဲဒီနှစ်ခုစလုံးက ဥဇဘက်ကစ္စတန်မှာ ဖြစ်ပါတယ်” လို့ ကော့ကေးရှပ် မွတ်စလင်ရေးရာရုံး (CMO) ရဲ့ ဒုတိယဥက္ကဌ ဟာဂျီ ဆလ်မန် မူဆာယက်ဗ်က ပြောကြားခဲ့ပါတယ်။

    ဥဇဘက်ကစ္စတန် ဘူခါရာမြို့က မီရ်အာရပ် မဒ်ရာဆာမှာ သူသင်ကြားခဲ့ရတုန်းက ကျောင်းရဲ့ သင်ကြားမှုနဲ့ပတ်သက်ပြီး အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်လို့ မူဆာယက်ဗ်က ဆိုပါတယ်။

    ဒီလိုထိန်းချုပ်မှုဟာ နိုင်ငံအတွင်း ဘာသာရေးတွေ လိုက်နာကျင့်သုံးမှုကို ဆိတ်သုဉ်းသွားစေဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    ဆိုဗီယက်ရဲ့ ဘာသာတရားတွေအပေါ် နှိပ်ကွပ်မှုဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပေမယ့် အဇာဘိုင်ဂျန်ပြည်သူတွေရဲ့ ဘ၀အသက်တာမှာ ဘာသာတရားရဲ့ အခန်းကဏ္ဍကို မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။

    “အရင်က ဟဂ်ျဘုရားဖူးခရီးကို တစ်ယောက်၊ နှစ်ယောက်လောက်သွားရဖို့ တော်တော်ခက်ပါတယ်။ အခုတော့ ကြိုက်သလောက်သွားနိုင်ပါပြီ” လို့ မူဆာယက်ဗ်က ပြောကြားခဲ့ပါတယ်။

    ထွန်းကားမှု

    ဆိုဗီယက်အုပ်စိုးမှုအတွင်း အဇာဘိုင်ဂျန်မှာ ၀တ်ပြုခွင့်ရတဲ့ ဗလီဝတ်ကျောင်းတော် အရေအတွက်ဟာ ၁၈ လုံးသာရှိပေမယ့် ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်းမှာ ၂၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

    ၁၉၉၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဇာဘိုင်ဂျန်အစိုးရဟာ ဘာသာရေးလွတ်လပ်ခွင့်ကို တိုင်းပြည်ရဲ့ အခြေခံဥပဒေမှာ အာမခံပေးထားပြီး၊ ဗလီဝတ်ကျောင်းတော် ရာပေါင်းများစွာကို ပြင်ဆင်ဖို့ စီမံကိန်း ဆွဲခဲ့ပါတယ်။

    “ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် တစ်ချို့ပြည်သူတွေဟာ ဗလာကျင်းနေတဲ့ စိတ်နှလုံးကို ဘာသာတရားနဲ့ဖြည့်ဆည်းဖို့ ကြိုးစားလာကြပါတယ်” လို့ Marmara တက္ကသိုလ်က ပါမောက္ခ အကွီလ် ရှီရီနော့ဗ်က ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးရပြီးနာက်ပိုင်း အဇာဘိုင်ဂျန်မှာ သာသနာ ပြန်ထွန်းကလာတာကို သူက ရှင်းပြတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ကမ္ဘာနဲ့တော့ ရင်ဘောင်မတန်းနိုင်သေးပါဘူး။

    “ဘာသာရေးဖက်ကို တစ်ရှိန်ထိုး ပြန်လှည့်လာကြတော့ တစ်ချို့တွေက စိုးရိမ်ကြပါတယ်။ အစွန်းရောက်အုပ်စုတွေအထဲ သူတို့ကလေးတွေ ရောက်သွားမလားဆိုပြီး တစ်ချို့မိဘတွေက စိုးရိမ်ကြတယ်။ တစ်ချို့ကျတော့လည်း သားသမီးတွေကို ၀တ်ပြုခွင့်မပေးကြဘူး။ ဒီလူတွေက မွတ်စလင်လို့တော့ အမည်ခံထားတယ်။ လက်တွေ့မှာ ဘုရားဝတ်ပြုတာမျိုး မလုပ်ကြဘူး” လို့ ရှီရီနော့ဗ်က ပြောပါတယ်။

    ဆိုဗီယက်အလွန် ဆယ်စုနှစ်တွေမှာ အခြားမွတ်စလင်နိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် အဇာဘိုင်ဂျန်မှာ သာသနာ ထွန်းကားမှုနှုန်းဟာ နိမ့်ပါးနေပါသေးတယ်။

    Caucasus Barometer ရဲ့ သုတေသနအရ အဇာဘိုင်ဂျန်ပြည်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ ဘာသာရေးကို ပုံမှန်ဆောင်ရွက်ကြပြီး ၄၀ ရာခိုင်နှုန်းအောက်က ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်တွေကို မလုပ်ကြဘူးလို့ သိရပါတယ်။

    ဒါပေမယ့် ဖာရ်ဂါနာ ဂါစီမိုဗာကတော့ အခြားသူတွေရဲ့ ဘာသာရေး ကိုင်းရှိုင်းမှု၊ မကိုင်းရှိုင်းမှုကို စိတ်ထဲမထည့်ဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ရနေသမျှတစ်လျှောက်လုံး ဘာသာတရားရဲ့ ဆိုဆုံးမမှုအတိုင်း လိုက်နာနေထိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

    အဇာဘိုင်ဂျန်မှာ လူသိများထင်ရှားသူ တစ်ယောက်အဖြစ် ဂါစီမိုဗာဟာ ဘာသာတရားအတွက် စံနမူနာ ယူစရာ ပုဂ္ဂိုလ်၊ လူငယ်တွေ လေးစားအားကျစရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေတာကို ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

    “အစ္စလာမ်နာမည်ကို တစ်ချို့တွေက အလွဲသုံးစားလုပ် ဖျက်ဆီးနေကြပါတယ်။ အကြမ်းဖက်ဝါဒနဲ့တွဲပြီး အစ္စလာမ်ကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်နေကြပါတယ်။ နိုင်ငံရပ်ခြားက ဖျော်ဖြေပွဲတွေမှာ ကျွန်မကိုမြင်တဲ့အခါ သူတို့ရဲ့ သဘောထားတွေ ပြောင်းလဲသွားတယ်လို့ ကျွန်မခံစားရပါတယ်။ သူတို့တွေဟာ ကျွန်မဆီကို ကလေးတွေခေါ်လာပြီး ‘ရှင့်ရဲ့ အနုပညာနဲ့ စစ်မှန်တဲ့အစ္စလာမ်ဟာ ဘာလဲဆိုတာကို ပြသဖို့အတွက် ကျွန်မတို့ ကလေးတွေကို ခေါ်လာတာပါ’ လို့ ပြောကြပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Islam’s gradual resurgence in post-Soviet Azerbaijan ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)