News @ M-Media

Blog

  • သမိုင်းတစ်လျှောက် လူအများဆုံးဖြစ်လာမယ့် ဟဂျ်ဘုရားဖူး ခရီးစဥ်

    သမိုင်းတစ်လျှောက် လူအများဆုံးဖြစ်လာမယ့် ဟဂျ်ဘုရားဖူး ခရီးစဥ်

    ဇွန် ၂၆၊ ၂၀၂၃

    M-Media 


    -အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င် ၂ ဒဿမ ၅ သန်းလောက် လာရောက်မယ်လို့ ဆော်ဒီအာဏာပိုင်တွေက ခန့်မှန်းတွက်ချက်ထာပါတယ်။ 

    ဒီအတိုင်းသာ ဖြစ်လာခဲ့ရင် သမိုင်းတစ်လျှောက် လူအများဆုံးလာရောက်တဲ့ ဟဂျ်ဘုရားဖူးကာလ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဟဂျ်ကာလ ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းမှုတွေ၊ ဆောက်တည်မှုတွေဟာ တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။ 

    “သမိုင်းတစ်လျှောက် လူအများဆုံး ဟဂျ်ကျင့်စဥ်ကို ကျွန်တော်တို့ မြင်ရတော့မှာပါ” လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာဟ်၀န်ကြီးဌာနက တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ 

    ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှာ လူတစ်သောင်းသာ ဟဂျ်ပြုခွင့်ရခဲ့ပြီး၊ ၂၀၂၁ မှာ ၅၉၀၀၀၊ မနှစ်က လူတစ်သန်း အသီးသီး တိုးလာခဲ့ပါတယ်။ 

    အခုနှစ် ကမ္ဘာတစ်၀ှမ်းက ဟဂျ်ဘုရားဖူး ခရီးသည်တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ အပူလွန်ကဲမှု ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျမှာ ပျမ်းမျှအပူချိန်ဟာ ၄၅ ဒီဂရီ ဆဲလ်စီးယက်စ် ရှိပါတယ်။ 

    အပူကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျန်းမာရေး၀န်ထမ်း ၃၂၀၀၀ ကျော်၊ အရေးပေါ်လူနာတင်ယာဥ် ထောင်နဲ့ချီ ပြင်ဆင်ထားတယ်လို့ ဆော်ဒီအာာပိုင်တွေက ပြောပါတယ်။ 

    Ref: Aljazeera 

  • ခင်ပွန်းနဲ့သား ကြမ္မာငင်တဲ့နေ့အကြောင်း ပြောပြလာတဲ့ ခရစ္စတင်း ဒါ၀တ်

    ခင်ပွန်းနဲ့သား ကြမ္မာငင်တဲ့နေ့အကြောင်း ပြောပြလာတဲ့ ခရစ္စတင်း ဒါ၀တ်

    ဇွန် ၂၆၊ ၂၀၂၃

    M-Media 


    – တိုက်တန်းနစ်သင်္ဘောပျက်နားကိုသွားရင်း ပျောက်ဆုံးသွားတဲ့ ယူကေလုပ်ငန်းရှင် ရှာဇာဒါ ဒါ၀တ်ရဲ့ ဇနီးသည်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ချို့ကို ဖွင့်ဟလာပါတယ်။ 

    ရှာဇာဒါ ဒါ၀တ်၊ သားဖြစ်သူ ဆူလေမန်ဒါ၀တ်နဲ့ အခြား လူ ၃ ဦးဟာ ပြီးခဲ့တဲ့တစ်ပတ်က Titan ဆိုတဲ့ ရေငုပ်သင်္ဘောအသေးနဲ့ တိုက်တန်းနစ်သင်္ဘောပျက်နားကို သွားရောက်ရင်း ပျောက်ဆုံးသွားတာပါ။ 

    Rubik’s Cube ကို အရူးအမူးစွဲလန်းတဲ့ သားဖြစ်သူဟာ ဒီခရီးစဥ်မှာ  Rubik’s Cube ကစားပြီး ဂင်းနစ်မှတ်တမ်း ၀င်ချင်ခဲ့တာလို့ ရှာဇာဒါရဲ့ဇနီး ခရစ္စတင်းဒါ၀တ်က ပြောပါတယ်။ 

    “ပင်လယ်အောက် မီတာ ၃၇၀၀ က တိုက်တန်းနစ်သင်္ဘောနားမှာ ကျွန်တော် Rubik’s Cube ကစားမယ်လို့  သူပြောခဲ့တာပါ”

    ရှဇာဒါကလည်း သူ့သားကစားတာကို ရိုက်ကူးဖို့ ဗီဒီယိုကင်မရာတစ်လုံး ယူဆောင်သွားခဲ့ပါသေးတယ်။ 

    ဒါ၀တ်မိသားစုဟာ ပါကစ္စတန်နွယ်ဖွား ယူကေနိုင်ငံသားတွေဖြစ်ပြီး ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဖြစ်ပါတယ်။ 

    တိုက်တန်းနစ်သင်္ဘောပျက်ဆီ သွားရောက်ဖို့အတွက် ကိုဗစ်မဖြစ်ခင်ကတည်းက စီစဥ်ခဲ့တာဖြစ်ပြီး မူလက သူတို့ ဇနီးမောင်နှံနှစ်ဦး သွားဖို့ စီစဥ်ထားတာလို့လည်း ခရစ္စတင်းက ပြောပါတယ်။

    ကိုဗစ်ကြောင့် ခရီးစဥ်ကို ရပ်ဆိုင်းခဲ့ရပြီး အခုတစ်ခေါက်မှာ သူ့သားကို အရင်လိုက်ခိုင်းခဲ့တာပါ။ 

    “သားက အရမ်းသွားချင်နေတာကြောင့် ကျွန်မသူ့ကို နေရာပေးခဲ့တာပါ” 

    ခင်ပွန်းနဲ့ သားဖြစ်သူတို့ ရေအောက်ဆင်းသွားချိန်မှာ ခရစ္စတင်း၊  အသက် ၁၇ နှစ်အရွယ် သမီး အလီနာနဲ့ မိသားစု၀င်တစ်ချို့ဟာ Titan ရေငုပ်သင်္ဘောအတွက် ထောက်ပို့သင်္ဘောငယ် Polar Prince ပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ 

    ခရီးစဥ်မစတင်ခင်မှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

    “သားအဖနှစ်ယောက်စလုံး အရင်ကတည်းက ဒီခရီးကို သွားချင်နေကြတာကြောင့် ကျွန်မ သူတို့အတွက် တော်တော် ပီတိဖြစ်ခဲ့ရတာပါ”

    ခင်ပွန်းသည် ရှာဇာဒါဟာ စူးစမ်းလေ့လာရေးမှာ ၀ါသနာထုံသူလို့လည်း ခရစ္စတင်းက ပြောပါတယ်။ 

    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တစ်လျှောက်လုံး ခရစ္စတင်းဟာ Polar Prince သင်္ဘောပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

    “သတ်မှတ်ချိန် ၉၆ နာရီကို ကျော်သွားတာကြောင့် ကျွန်မရဲ့ မျှော်လင့်ချက်လည်း ပျက်သုဥ်းသွားခဲ့ပါတယ်”

    ဒါ၀တ်မိသားစု၀င်တွေဟာ စနေနေ့က အင်္ဂလန်ပြန်သွားခဲ့ပြီး ရှဇာဒါနဲ့ ဆူလေမန်တို့ကို ရည်စူးကာ ၀တ်ပြုဆုတောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ 

    ဗလီဆရာက ကွယ်လွန်သူ ၅ ဦးစလုံး ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းတဲ့အချိန်မှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရတယ်လို့ ခရစ္စတင်းက ပြောပါတယ်။ 

    ဆူလေမန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူစွဲလန်းတဲ့ Rubik’s Cube ကစားနည်းကို သူနဲ့ သူ့သမီး အလီနာတို့က လေ့လာသင်ယူသွားမယ်လို့လည်း ခရစ္စတင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ခင်ပွန်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့လည်း သူမက စိတ်ပိုင်းဖြတ်ထားပါတယ်။ 

    “ကျွန်မယောက်က အလုပ်တော်တော်များများလုပ်တယ်။ လူတွေကိုလည်း တအားကူညီပါတယ်။ ဒီအမွေအနှစ်ကို ကျွန်မ ဆက်လက်ထိန်းသိမ်းသွားချင်တယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေ ဆက်လက်တည်တံ့နေတယ်ဆိုတာမျိုး ကျွန်မဖြစ်စေချင်ပါတယ်။ ဒါဟာ သမီးအတွက်လည်း အလွန်အရေးကြီးပါတယ်” 

    Titan ရေငုပ်သင်္ဘောနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအကြောင်းကို ပြောပြဖို့ သူမက ငြင်းဆိုပါတယ်။ 

    “ကျွန်မသားနဲ့ ယောင်္ကျားကို လွမ်းတယ်။ ပြောမပြတတ်အောင်ပါပဲ” 

    Ref: BBC

  • ဆော်ဒီအာရေဗျ၏ ဟဂျ်လုံခြုံရေးအဖွဲ့ စစ်ရေးပြ အခမ်းအနား

    ဆော်ဒီအာရေဗျ၏ ဟဂျ်လုံခြုံရေးအဖွဲ့ စစ်ရေးပြ အခမ်းအနား

    ဇွန် ၂၂၊ ၂၀၂၃

    M-Media 


    -ဟဂျ်ဘုရားဖူးကာလ လုံခြုံရေးအဖွဲ့ရဲ့ စစ်ရေးပြအခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆော်ဒီအာရေဗျ ပြည်ထဲရေး၀န်ကြီး အဘ်ဒူလ် အဇစ် ဘင် ဆာအွဒ် တက်ရောက်ခဲ့ပါတယ်။ 

    ဒီစစ်ရေးပြအခမ်းအနားကို လုံခြုံရေးတပ်ဖွဲ့ လေ့ကျင့်ပြင်ဆင်မှု ပြီးမြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာပါ။ မက္ကာနဲ့ မဒီနာမြို့တွေမှာ တပ်ဖွဲ့၀င်တွေ စတင် တာ၀န်ထမ်းဆောင်နေပြီလို့ ဆော်ဒီ ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ဘာဆာမီက ပြောပါတယ်။ 

    ဟဂျ်လုံခြုံရေးတပ်ဖွဲ့ဟာ တာ၀န်ထမ်းဆောင်ရာမှာ ဉာဏ်ရည်တုလို အဆင့်မြင့် နည်းပညာတွေကို သုံးစွဲမှာဖြစ်ပြီး စစ်တပ်၊ ရဲနဲ့ အခြား ဆော်ဒီအစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  

    မကြာခင်ကျရောက်မယ့် ဟဂျ်ဘုရားဖူးကာလမှာ ကမ္ဘာတစ်၀ှမ်းက သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာ၀င်တွေ ဆော်ဒီအာရေဗျကို လာရောက်ပြီး ဟဂျ်ပြုကြမှာ ဖြစ်ပါတယ်။ 

    Ref: Arab News 

  • စစ်ကောင်စီဘဏ်နှစ်ခုကို အမေရိကန် အရေးယူ

    စစ်ကောင်စီဘဏ်နှစ်ခုကို အမေရိကန် အရေးယူ

    ဇွန် ၂၂၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေတွေကို စီမံကိုင်တွယ်ပေးနေတဲ့ ဘဏ်နှစ်ခုကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။ 

    မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်နဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေ အမြတ်အစွန်း အမြောက်အများရနေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ နိုင်ငံခြားငွေ အထုတ်၊ အသွင်းကို အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။  

    ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း လူထုအပေါ် အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။ 

    အခုလို ဘဏ်တွေကို အရေးယူမှုနဲ့ပတ်သက်ပြီး သူတို့ဖက်က ဘာမှ ဆုံးရှုံးမှု ရှိမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီလို ပိတ်ဆို့မှုတွေဟာ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမှုမှာ မလိုအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။ 

    နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ မြန်မာဘဏ်တွေကို အမေရိကန်က အခုလို အရေးယူမှုဟာ အာဆီယံဒေသတွင်းက နိုင်ငံတွေကိုပါ ရိုက်ခတ်မှုရှိမှာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးက ၀င်စီး၍ လူ ၃ ဦး သေဆုံး

    ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးက ၀င်စီး၍ လူ ၃ ဦး သေဆုံး

    ဇွန် ၁၉၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်း ဂျီနင်မြို့က ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဒီကနေ့မနက်မှာ ၀င်ရောက်စီးနင်းတာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၇ ခုနှစ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ ဂျီနင်ဒုက္ခသည်စခန်းမှာ နေထိုင် ကြတာဖြစ်ပါတယ်။ 

    သံသယရှိသူ ၂ ဦးကို ၀င်ရောက်ဖမ်းဆီးရာမှာ ခုခံမှု ကြုံတွေ့တဲ့အတွက် တိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။ 

    သေဆုံးသူတွေထဲမှာ ကလေးငယ် ၁ ဦး ပါ၀င်ပြီး ဒဏ်ရာရသူက အနည်းဆုံး ၃၇ ဦး ရှိပါတယ်။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ PIJ ရဲ့ အဖွဲ့ခွဲ al-Quds တပ်ဖွဲ့က အစ္စရေးတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

    ဒုက္ခသည်စီးစခန်း စီးနင်းမှုအတွင်း ဂျာနယ်လစ်တွေကိုလည်း အစ္စရေးစစ်တပ်က ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    Ref: Aljazeera