News @ M-Media

Blog

  • နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် တရုတ်က သက်တမ်းရှည် ဗီဇာအစီအစဉ် စမည်

    နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် တရုတ်က သက်တမ်းရှည် ဗီဇာအစီအစဉ် စမည်

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – နိုင်ငံတကာကမှ နည်းပညာဂုရုများကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံခြား ကျွမ်းကျင်လုပ်သားများကို သက်တမ်းရှည် ဗီဇာပေးရန် တရုတ်နိုင်ငံက စီစဉ်နေသည်ဟု သိရသည်။

    ၅ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်မည့် အဆိုပါ ဗီဇာသက်တမ်းကို နည်းပညာကျွမ်းကျင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် သိပ္ပံပညာရှင်များ လျှောက်ထားနိုင်မည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။ လက်ရှိ သက်တမ်းရှည် ဗီဇာအတွက် အနည်းဆုံး နိုင်ငံခြားသား ၅ သောင်း အကျိုးဖြစ်ထွန်းမည်ဟု ဆိုသည်။

    တရုတ်နိုင်ငံမှာ စီးပွားရေးနှင့် လှုမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများကို ချမှတ်ထားပြီး အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် နိုင်ငံရပ်ခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် ကြိုးပမ်းနေသည်။

    တရုတ်အစိုးရက အဆိုပါ သက်တမ်းရှည် ဗီဇာများကို အွန်လိုင်းမှ အခမဲ့ လျင်မြန်စွာ လျှောက်ထားနိုင်ကြောင်း၊ တစ်ကြိမ်လျှင် တိုင်းပြည်အတွင်း ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်မည်ဖြစ်ကာ အိမ်ထောင်ဖက်များ၊ ကလေးငယ်များကိုလည်း ခေါ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    တရုတ်မှာ နိုင်ငံရပ်ခြားမှ ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများကို လျော့ကာ ကျွမ်းကျင်မှု မြင့်မားသည့် အလုပ်သမားများကို အဓိကထား ခေါ်ယူရန် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားအလုပ်သမားများအတွက် အဆင့်သတ်မှတ်ချက်ကို စတင်ခဲ့သည်။ လက်ရှိ သက်တမ်းရှည် ဗီဇာအစီအစဉ်တွင် နိုဘယ်ဆုရှင်များ၊ အောင်မြင်သော အိုလံပစ်အားကစားသမားများလည်း ၀င်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

    Ref :BBC

  • ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေး ပြုလုပ်မည် 

    ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေး ပြုလုပ်မည် 

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    ယခင် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးမှု ပုံရိပ်

    – ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့် ဆွေးနွေးမှု ပြုလုပ်ရန် မြောက်ကိုရီးယားက သဘောတူညီခဲ့သည်ဟု တောင်ကိုရီးယား အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ ဆွေးနွေးမှုကို ဇန်န၀ါရီ ၉ ရက်နေ့တွင် နယ်စပ် စစ်မဲ့ဇုန်ရှိ ပန်မူဂျွန်းရွာတွင် ကျင်းပရန် စီစဉ်ထားပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန်၊ လာမည့်လတွင် ဆိုးလ်မြို့၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားက ပါဝင်ယှဉ်ပြိုင်နိုင်ရန် အဓိကထားမည် ဖြစ်သည်။

    မြောက်ကိုရီးယားအစိုးရမှာ အဆင့်မြင့်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ စေလွှတ်သွားမည်ဟု အသိပေးခဲ့ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ယနေ့တွင် အတည်ပြုခဲ့သည်။

    ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒီယာက ကိုရီးယားနှစ်နိုင်ငံ ထိုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသော်လည်း ကာကွယ်ရေးအတွက် ပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု သတိပေးခဲ့သည်။

    တောင်ကိုရီးယားက မိမိတို့အနေဖြင့် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ထားသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပိတ်ထားသည့် နယ်စပ်ဖုန်းလိုင်းကို ဖွင့်ပေးခဲ့သည်။

    Ref : Aljazeera

  • အကြမ်းဖက်အဖွဲ့များ ကိစ္စကြောင့် အမေရိကန်က ပါကစ္စတန်ကို အကူအညီ ဖြတ်မည်

    အကြမ်းဖက်အဖွဲ့များ ကိစ္စကြောင့် အမေရိကန်က ပါကစ္စတန်ကို အကူအညီ ဖြတ်မည်

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – အကြမ်းဖက်ကွန်ယက်များကို အောင်မြင်အောင် တိုက်ဖျက်နိုင်စွမ်းမရှိသည့်အတွက် ပါကစ္စတန်အား ပေးအပ်နေသည့် အကူအညီ အားလုံးနီးပါးကို ရပ်တန့်တော့မည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    မဟာမိတ်နိုင်ငံများဖြစ်သော အမေရိကန်နှင့် ပါကစ္စတန်တို့မှာ အကြမ်းဖက်အဖွဲ့အစည်းများအား နှိမ်နှင်းရေးကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်မှာ ၎င်းတို့ထံမှ အကူအညီ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရယူထားသော်လည်း အကြမ်းဖက်များအား နှိမ်နှင်းမှုနှင့်ပတ်သက်၍ လိမ်ညာလှည့်ဖျားမှုများ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ပါကစ္စတန်ကလည်း မိမိတို့မှ ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ အမေရိကန်၏ တောင်းဆိုမှုအတိုင်း ဆက်၍ မလုပ်ပေးနိုင်တော့ကြောင်း တုန့်ပြန်ခဲ့သည်။

    အမေရိကန် အစိုးရက ပါကစ္စတန်အနေဖြင့် Haqqani ကွန်ယက်နှင့် အာဖဂန်တာလီဘန်တို့ကို ထိထိရောက်ရောက် နှိမ်နှင်းသည်ကို မြင်ရသည်အထိ အကူအညီများကို ရပ်တန့်သွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    လက်ရှိ ထရမ့်အစိုးရမှာ ပါကစ္စတန်အား ပေးရန်ရှိနေသည့် ကန်ဒေါ်လာ ၂၅၅ သန်းကို ဆိုင်းငံ့ထားသည်။ အမေရိကန်၏ ထိုရပ်တည်ချက်အတွက် အိန္ဒိယနှင့် အာဖဂန်တို့က ချီးကျူးခဲ့သော်လည်း ပါကစ္စတန်တွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကမူ ကန့်ကွက်ခဲ့သည်။

    Ref : BBC

  • ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်သည့် ဒုံးကျည်ကို ဆော်ဒီက ကြားဖြတ်ဟန့်တား

    ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်သည့် ဒုံးကျည်ကို ဆော်ဒီက ကြားဖြတ်ဟန့်တား

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆော်ဒီအာရေဗျက ပြောကြားလိုက်သည်။

    ဟူသီသူပုန်များက ထုတ်လွှင့်သော Al Masirah သတင်းဌာနက ဟူသီအဖွဲ့မှာ ဆိုဗီယက်လုပ် Qaher-2M ဒုံးကျည်ဖြင့် ဆော်ဒီနိုင်ငံ နဂ်ျရန်ရှိ စစ်ဖက်ပစ်မှတ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ဖြစ်သည်ဟု ဆော်ဒီက ထုတ်ပြန်ခြင်းမပြုခင် နာရီပိုင်းအရင်က ကြေငြာခဲ့သည်။

    ဆော်ဒီ နိုင်ငံပိုင်သတင်းဌာန Al Ekhbariya သတင်းဌာနကလည်း နိုင်ငံတောင်ပိုင်း နဂ်ျရန်ဒေသတွင် ဒုံးကျည်တစ်စင်းအား ပစ်မှတ်သို့မရောက်ခင် ဆော်ဒီစစ်တပ်က ပစ်ချနိုင်သည်ဟု ဖော်ပြခဲ့သည်။

    ဒုံးကျည်ပစ်လွှတ်ပြီး နာရီပိုင်းအတွင်းမှာပင် ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့မှာ ဟူသီ၏ ခြေကုပ်စခန်းတည်ရှိရာ ဆအာဒါသို့ လေကြောင်းမှ ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံများက ထောက်ပံ့ပေးထားသည့် အဆိုပါ မဟာမိတ်အဖွဲ့မှာ ၂၀၁၅ ခုနှစ် မတ်လကတည်းက ယီမင်တွင် လေကြောင်းမှ တိုက်ခိုက်မှုပေါင်း ၁၅၀၀၀ ကျော် ပြုလုပ်ခဲ့သည်။ ဟူသီသူပုန်များကလည်း ထိုကာလအတွင်း ဆော်ဒီသို့ ဒုံးကျည် ဒါဇင်နှင့်ချီ၍ ပစ်ခတ်ခဲ့သည်။

    Ref : Aljazeera