News @ M-Media

နျူသဘောတူချက်တွင် မည်သည့်ပြောင်းလဲမှုမှ လက်မခံဟု အီရန်ပြော

ဇန်န၀ါရီ ၁၃၊ ၂၀၁၈
M-Media

– ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်နှင့် ပတ်သက်၍ မည်သည့်ပြောင်းလဲမှုမှ လက်ခံမည်မဟုတ်ဟု အီရန်က ပြောကြားလိုက်သည်။

“Joint Comprehensive Plan of Action (JCPOA) သဘောညီချက်က ကတိက၀တ်တွေကလွဲလို့ တခြား ဘယ်ဆောင်ရွက်မှုမှ လုပ်မှာမဟုတ်ဘူးဆိုတာ အီရန်နိုင်ငံက အခိုင်အမာကြေငြာလိုပါတယ်။ အခု ဒါမှမဟုတ် အနာဂတ်မှာလည်း နျူသဘောတူညီချက်အတွက် ဘယ်လိုပြောင်းလဲမှုမျိုးမှ လုပ်မှာမဟုတ်ပါဘူး” ဟု အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ယနေ့တွင် ဖော်ပြခဲ့သည်။

အီရန်၏ နျူလုပ်ငန်းကို ကန့်သတ်ကာ အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးသည့် အဆိုပါ သဘောတူညီချက်ကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိသမ္မတ ထရမ့်ကမူ ထိုသဘောတူညီချက်ကို တစ်စိုက်မတ်မတ် ဝေဖန်ခဲ့ပြီး ပြီးခဲ့သည့်သောကြောနေ့ကလည်း အမေရိကန်၏ ဥရောမဟာမိတ်နိုင်ငံများအနေဖြင့် သဘောတူညီချက်၏ ‘ဆိုးရွားသော ချို့ယွင်းချက်များ’ ကို ပြင်ဆင်မှသာ အမေရိကန်က သဘောတူညီချက်တွင် ဆက်လက်ပါဝင်မည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတမှာ အီရန်နျူသဘောတူညီချက်ကို ရက် ၁၂၀ တိုင်း သက်တမ်း တိုး၊ မတိုး ဆုံးဖြတ်ရပြီး လက်ရှိတွင် ထရမ့်က နောက်ထပ် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သော်လည်း နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရာယဘ်ကော့ဗ်က ထရမ့်၏ ထိုသို့ပြောကြားမှုမှာ ‘အလွန်အမင်း အဖျက်သဘောဆောင်သည်’ ဟု ယနေ့တွင် ပြောကြားခဲ့သည်။

Ref: Aljazeera