News @ M-Media

Blog

  • Fire and Fury  စာရေးဆရာကို ထရမ့် ထပ်မံဝေဖန်

    Fire and Fury စာရေးဆရာကို ထရမ့် ထပ်မံဝေဖန်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၈
    M-Media

    – Fire and Fury ဆိုတဲ့အမည်နဲ့ သူ့အကြောင်း စာအုပ်ရေးတဲ့ စာရေးဆရာဟာ စိတ်ကစဥ့်ကလျား ဖြစ်နေသူဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

    စာရေးဆရာ မီခေးလ်ဝုလ်ဖီဟာ ထရမ့်ရဲ့ အပြုအမူ အပြောဆိုတွေ၊ အိမ်ဖြူတော်အကြောင်းတွေကို သူ့ရဲ့ ဒီစာအုပ်မှာ ဖွင့်ဟရေးသားထားတာပါ။

    “လုပ်ကြံသတင်းတွေ အများကြီး ဖော်ပြထားပါတယ်။ မှားနေပမယ့်လည်း သူတို့ဟာ မှန်အောင် မကြိုးစားသလို၊ ပြင်လည်း မပြင်ဆင်ကြပါဘူး။ စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ စာရေးဆရာရဲ့ စာအုပ်ကို သူတို့ လော်ကြတယ်။ အဲဒီစာရေးဆရာဟာ သိသိကြီးနဲ့ အမှားတွေ ရေးခဲ့တာပါ။ ငါတို့ ရွေးကောက်ပွဲနိုင်တာကို မီဒီယာတွေက သွေးရူးသွေးတန်း ဖြစ်နေကြပါတယ်” လို့ ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသာခဲ့တာဖြစ်ပါတယ်။

    Fire and Fury စာအုပ်မှာ ထရမ့် မဲဆွယ်ရေးအဖွဲ့က ရုရှားနဲ့ ဆက်သွယ်ခဲ့မှု၊ အိမ်ဖြူတော်မှာ ထရမ့်က ထင်တိုင်းကြဲနေမှု၊ ထရမ့်အပေါ် ၀န်ထမ်းတွေက မနှစ်မြို့မှု၊ အယုံအကြည်မရှိမှု၊ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်အပေါ် ထရမ့်အဖွဲ့က ခြေထိုးမှုတွေကိုလည်း စာရေးဆရာဝုလ်ဖီက ဖော်ပြထားပါတယ်။

    ထရမ့်က ဒီစာအုပ်ကို ထုတ်ဝေခွင့်မရအောင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အရင်ကလည်း စာအုပ်နဲ့ ၀ုလ်ဖီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

    Ref: The Guardian

  • နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘုရားကျောင်း ၃၀၀၀ ကျော်ကို အီဂျစ်က တရားဝင် အသိအမှတ်ပြုမည်

    နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘုရားကျောင်း ၃၀၀၀ ကျော်ကို အီဂျစ်က တရားဝင် အသိအမှတ်ပြုမည်

    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media

    အီဂျစ်မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခု

    – နိုင်ငံအတွင်းက ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် အီဂျစ်ဟာ အစိုးရထံမှာ ၀တ်ပြုရာနေရာအဖြစ် တရားဝင် စာရင်းမသွင်းရသေးတဲ့ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၃၀၀၀ ကျော်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။

    အီဂျစ် ခရစ်ယာန်အသင်းတော်တွေအားလုံးက ကိုယ်စားလှယ်တွေပါဝင်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ဖွဲစည်းခဲ့တဲ့ အဖွဲ့က ၂၀၁၆ ခုနှစ် ခရစ်ယာန်ဘုရားကျောင်းများ တည်ဆောက်ရေးဥပဒေအရ တရားဝင် စာရင်းမသွင်းရေးသေးတဲ့ ဘုရားကျောင်းတွေကို အသိအမှတ်ပြုပေးဖို့ အခုတစ်ပတ်အစောပိုင်းမှာ အီဂျစ်အစိုးရထံ တောင်းဆိုခဲ့တာပါ။

    ကော့ပတစ် အော်သိုဒေါ့စ်အသင်းတော်က နိုင်ငံတစ်ဝှမ်း အသိအမှတ်ပြုဖို့ လိုအပ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ၀တ်ပြုဆောင်စာရင်း ၂၆၀၀၊ အင်ဂလီကန် အသင်းတော်က ၄၅၀၊ ကက်သလစ်အသင်းတော်က ၁၂၀ အသီးသီး အစိုးရကို ပေးအပ်ခဲ့ပါတယ်။

    အီဂျစ်ဟာ အရင်က ၀တ္တကနယ်မြေအဖြစ် စာရင်းမသွင်းရသေးတဲ့ ဘုရားကျောင်းတစ်ချို့ကို အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် အခုမေတ္တာရပ်ခံမှု ပြီးတဲ့နောက်ပိုင်းမှာတော့ ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။

    “ကျွန်တော်တို့ အသင်းတော်ဟာ ၂၀၁၆ ခုနှစ် ဥပဒေအရ အသိအမှတ်ပြုဖို့လိုနေတဲ့ ဘုရားကျောင်း ၂၆၀၀ စာရင်းကို ပေးထားပါတယ်။ အသုံးပြုဖို့ ခွင့်ပြုချက်မရတဲ့အခါ အစိုးရဆီကနေ ဖြေရှင်းချက် တောင်းခဲ့ပါတယ်။ အစိုးရက အသိအမှတ်ပြုရေးလုပ်ငန်းစဉ် မပြီးဆုံးသေးပေမယ့်လည်း စာရင်းပါ ဘုရားကျောင်းတွေမှာ ပုံမှန် ၀တ်ပြုနိုင်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်” လို့ အော်သိုဒေါ့စ်အသင်းတော်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘိရှော မီခေးလ် အန်တွန်က ပြောကြားခဲ့ပါတယ်။

    လူနည်းစုခရစ်ယာန်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အစိုးရက ဒီလို အာမခံပေးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် IS အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အီဂျစ်ခရစ်ယာန်တွေမှာ ရှိနေပါတယ်။

    အီဂျစ်က ကော့ပတစ်ခရစ်ယာန်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်ခံစားလာခဲ့ရပါတယ်။

    Ref: Alarabiya

  • နျူသဘောတူချက်တွင် မည်သည့်ပြောင်းလဲမှုမှ လက်မခံဟု အီရန်ပြော

    နျူသဘောတူချက်တွင် မည်သည့်ပြောင်းလဲမှုမှ လက်မခံဟု အီရန်ပြော

    ဇန်န၀ါရီ ၁၃၊ ၂၀၁၈
    M-Media

    – ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်နှင့် ပတ်သက်၍ မည်သည့်ပြောင်းလဲမှုမှ လက်ခံမည်မဟုတ်ဟု အီရန်က ပြောကြားလိုက်သည်။

    “Joint Comprehensive Plan of Action (JCPOA) သဘောညီချက်က ကတိက၀တ်တွေကလွဲလို့ တခြား ဘယ်ဆောင်ရွက်မှုမှ လုပ်မှာမဟုတ်ဘူးဆိုတာ အီရန်နိုင်ငံက အခိုင်အမာကြေငြာလိုပါတယ်။ အခု ဒါမှမဟုတ် အနာဂတ်မှာလည်း နျူသဘောတူညီချက်အတွက် ဘယ်လိုပြောင်းလဲမှုမျိုးမှ လုပ်မှာမဟုတ်ပါဘူး” ဟု အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ယနေ့တွင် ဖော်ပြခဲ့သည်။

    အီရန်၏ နျူလုပ်ငန်းကို ကန့်သတ်ကာ အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးသည့် အဆိုပါ သဘောတူညီချက်ကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရရှိခဲ့ခြင်းဖြစ်သည်။

    လက်ရှိသမ္မတ ထရမ့်ကမူ ထိုသဘောတူညီချက်ကို တစ်စိုက်မတ်မတ် ဝေဖန်ခဲ့ပြီး ပြီးခဲ့သည့်သောကြောနေ့ကလည်း အမေရိကန်၏ ဥရောမဟာမိတ်နိုင်ငံများအနေဖြင့် သဘောတူညီချက်၏ ‘ဆိုးရွားသော ချို့ယွင်းချက်များ’ ကို ပြင်ဆင်မှသာ အမေရိကန်က သဘောတူညီချက်တွင် ဆက်လက်ပါဝင်မည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတမှာ အီရန်နျူသဘောတူညီချက်ကို ရက် ၁၂၀ တိုင်း သက်တမ်း တိုး၊ မတိုး ဆုံးဖြတ်ရပြီး လက်ရှိတွင် ထရမ့်က နောက်ထပ် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သော်လည်း နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရာယဘ်ကော့ဗ်က ထရမ့်၏ ထိုသို့ပြောကြားမှုမှာ ‘အလွန်အမင်း အဖျက်သဘောဆောင်သည်’ ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ချီလီရှိ ခွဲခြားခံ ဌာနေလူနည်းစုများက ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်

    ချီလီရှိ ခွဲခြားခံ ဌာနေလူနည်းစုများက ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၈
    M-Media

    – လာမည့်တစ်ပတ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်ရန် ရှိနေသည့်အချိန်တွင် ချီလီနိုင်ငံရှိ ခရစ်ယာန် ကက်သလစ် ဘုရားကျောင်းများမှာ တိုက်ခိုက်ခံခဲ့ရပြီး ပုပ်ရဟန်းမင်းကြီးကို ‘ဗုံးခွဲတိုက်ခိုက်မည်’ ဟုလည်း ခြိမ်းခြောက်ခဲ့ကြသည်။

    ယမန်နေ့က မြို့တော် ဆန်ဒီယေဂိုတွင် ဆန္ဒပြသူများမှာ ဘုရားကျောင်း ၄ ခုကို ဓာတ်ဆီဗုံးမျာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ‘နောက်ထပ်ဗုံတစ်လုံးက ခင်ဗျားရဲ့ဝတ်ရုံမှာ ဖြစ်လိမ့်မယ်’ ဆိုသည့် ပုပ်ရဟန်းမင်းကြီးကို ရည်ညွှန်းသော သတိပေးစာကိုလည်း ချသွားခဲ့သည်ဟု လက်တင်အမေရိကရုပ်သံဌာန Telesur က ဖော်ပြခဲ့သည်။

    ချီလီအာဏာပိုင်များက ၎င်းတို့အနေဖြင့် ထိုအဖြစ်အပျက်အား စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်အထိ မည်သည့် ဖမ်းဆီးမှုမှ မပြုလုပ်ထားသေးပေ။

    သမ္မတ မီရှဲလီ ဘာချီလက်က အဆိုပါတိုက်ခိုက်မှုမှာ ‘အလွန်ထူးဆန်းပြီး’ အာဏာပိုင်များအနေဖြင့် ယခုအချိန်အထိ မည်သည့်အဖွဲ့ကလုပ်သည်ကို ဆက်စပ်၍မရသေးဟု ပြောကြားခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်းကြီး လာရောက်ချိန်တွင် လေးစားမှုပြုကြရန်လည်း သူမက တိုက်တွန်းခဲ့သည်။

    တိုက်ခိုက်မှုပြုလုပ်သူများ ချန်ထားသည့် လက်ကမ်းစာစောင်တစ်ခုတွင် ချီလီ၏ ဌာနေတိုင်းရင်းသားမျိုးနွယ်စုဖြစ်သော မာပူချေလူမျိုးများအား ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးနှင့် ကာကွယ်ပေးရေး’ တိုက်တွန်းထားသည်။

    ၁.၅ သန်းသော မာပူချေလူမျိုးများ၏ ၃ ပုံ ၂ ပုံမှာ နွမ်းပါးသည့် ဆင်ခြေဖုံးဒေသများတွင် နေထိုင်နေရပြီး ကျန်သူများက၊ ကျေးလက်ဒေသများတွင် နေထိုင်နေရသည်။ မာပူချေများမှာ ချီလီနိုင်ငံတွင် အဆင်းရဲဆုံးနှင့် ဖယ်ကျဉ်အခံရဆုံး လူမျိုးစုတစ်ခုလည်း ဖြစ်သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ တနင်္လာနေ့တွင် ချီလီနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။

    Ref: Aljazeera

  • လူမျိုးရေးခွဲခြားမှုအတွက် ပြန်တောင်းပန်ရန် ထရမ့်ကို အာဖရိကနိုင်ငံများ တောင်းဆို

    လူမျိုးရေးခွဲခြားမှုအတွက် ပြန်တောင်းပန်ရန် ထရမ့်ကို အာဖရိကနိုင်ငံများ တောင်းဆို

    ဇန်န၀ါရီ ၁၃၊ ၂၀၁၈
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာဖရိကန်တွေအပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ လတ်တလောမှတ်ချက်အတွက် ပြန်လည်တောင်းပန်ဖို့ အာဖရိကနိုင်ငံတွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ အောက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အလ်ဆာဗေဒိုး၊ ဟေတီနဲ့ အာဖရိကတိုက်က အမေရိကန်ကို ပြောင်းရွှေ့ခြေချသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ အာဖရိကန်နိုင်ငံတွေကို ‘ချီးထုပ်နိုင်ငံတွေ’ လို့ ထရမ့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ကုလက အာဖရိကသံအမတ်တွေကတော့ ဒီလို လူမျိုးရေးခွဲခြားမှုမှတ်ချက်အတွက် လူသိရှင်ကြား ပြန်လည်တောင်းပန်ဖို့ ထရမ့်ကို တာင်းဆိုလိုက်ပါတယ်။

    “မီဒီယာတွေက ကျယ်ကျယ်ပြန့်ဖော်ပြနေကြတဲ့ အမေရိကန်သမ္မတရဲ့ ရိုင်းစိုင်းတဲ့၊ လူမျိုးရေးခွဲခြားတဲ့၊ လူမျိုးခြားကြောက် မှတ်ချက်တွေအတွက် အာဖရိက သံအမတ်များအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချသလို၊ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ကုလဆိုင်ရာ ဂါနာသံအမတ် မာသာ အေမာ အက်ယာ ပိုဘီက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်နေနဲ့ ဒီစကားကို ရုပ်သိမ်းဖို့၊ ပြန်လည်တောင်းပန်ဖို့လည်း သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။

    ကုလက အာဖရိကန်သံအမတ်တွေဟာ အရေးပေါ် ဆွေးနွေးမှုလည်း လုပ်ခဲ့ပြီး အာဖရိကနဲ့ လူဖြူမဟုတ်သူတွေကို အပုပ်ချဖို့အတွက် အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင်လာနေတာတွေကို အလွန်အမင်းစိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။

    အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာဖရိကသမဂ္ဂကတော့ သူတို့အနေနဲ့ ‘အလွန်အမင်းစိုရိမ်မိတယ်’ လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီလူမျိုးရေးခွဲခြားမှုကို သူ့ရဲ့ ရီပက်ဘလစ်ကန် ပါဝင်တီဝင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    ထရမ့်က အစည်းအဝေးမှာ ကြမ်းတမ်းတဲ့စကားလုံးမျိုးကို ပြောဆိုခဲ့ပေမယ့် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်မျိုး မပါဘူးလို့ မနေ့မှာ Twitter စာမျက်နှာကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။

    Ref: Aljazeera