News @ M-Media

Blog

  • နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို မလေးရှားဖမ်းဆီး

    နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို မလေးရှားဖမ်းဆီး

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – နိုဝင်ဘာလကုန်မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း လျှို့ဝှက်စစ်ဆင်ရေးများတွင် နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှားက ရဲချုပ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိသူများတွင် ဖိလစ်ပိုင် ၇ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အာဖရိကန်တစ်ဦးတို့ ပါဝင်ပြီး အင်ဒိုနီးရှားမှ တစ်ဦးနှင့် ဖိလစ်ပိုင်မှတစ်ဦးတို့မှာ ၎င်းတို့နိုင်ငံတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုသည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့က ဆာဘားပြည်နယ်တွင် ပြုလုပ်သည့် စစ်ဆင်ရေးတွင် ဖိလစ်ပိုင်တောင်ပိုင်း၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားသည့် အသက် ၁၆ နှစ်မှ ၄၇ နှစ်အကြား မလေးရှားနိုင်ငံသား ၆ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ပြီး လတ်တလော စစ်ဆင်ရေးများတွင် အကြီးမားဆုံး ဖြစ်သည်။

    ဂျိုဟိုးတွင် ဖမ်းဆီးရမိခဲ့သည့် အသက် ၂၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားမှာ IS သစ္စာခံသည်ဟု ကြေငြာထားသည့် JAD စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်ဟု ယုံကြည်ရပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒုန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုတွင် ပါဝင်သည်ဟုလည်း သံသယဖြစ်ခံထားရသည်။

    JAD မှာ ၂၀၁၆ ခုနှစ်က ဂျကာတာတွင် ဖြစ်ပွားခဲ့သည့် Starbucks ကဖေး ဗုံးခွဲမှု၊ ယခုနှစ်မေလက ဘတ်စ်ကားဂိတ် ဖောက်ခွဲမှုတို့ကို ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

    ဖိလစ်ပိုင်မှ အဘူဆယက်ဖ်အဖွဲ့ ASG နှင့် အဆက်အသွယ်ရှိသည့် အသက် ၅၀ အရွယ် ဖိလစ်ပိုင်နိုင်ငံသားတစ်ဥိးကို ကွာလာလမ်ပူတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ မလေးရှားတွင် လူသစ်စုဆောင်းရန် ကြိုးစားနေသည်ဟု ယုံကြည်ရသည်။

    Ref : CNA

  • အင်ဒိုနီးရှားတွင် ခရစ်ယာန်ပွဲတော်ကာလအတွက် လုံခြုံရေးတိုးမြှင့်

    အင်ဒိုနီးရှားတွင် ခရစ်ယာန်ပွဲတော်ကာလအတွက် လုံခြုံရေးတိုးမြှင့်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ခရစ်ယာန်တွေရဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ပွဲတော်ကာလအတွင်းအတွင်း နိုင်ငံတစ်ဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၁၈၀၀၀၀ လောက် ထပ်တိုးချသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ အခုလအစောပိုင်းက စစ်သွေးကြွ ၁၃ ဦးကို စီးနင်းရှာဖွေဖမ်းဆီးခဲ့ပြီး အများစုဟာ IS အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူတွေ၊ ဆီးရီးယားမှာ သွားရောက်တိုက်ခိုက်ဖူးသူတွေ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာတီနက်စ် ဆီတွမ်ပူက အဲဒီဖမ်းဆီးမှုတွေ ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုလုပ်မယ့် အစီအစဉ်မျိုး ထပ်မတွေ့ရသေးပေမယ့် ခရစ်ယာန်တွေရဲ့ ပွဲတော်ကာလအတွင်း ဘုရားကျောင်းတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေရဲ့ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြော
    ကားခဲ့ပါတယ်။

    အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရဲ့ အကြီးဆုံး မွတ်စလင်လူငယ်အဖွဲ့အပါအ၀င် အခြား အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    လူဦးရေ သန်း ၂၅၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ စစ်သွေးကြွတွေရဲ့ရန်ကို အခုနောက်ပိုင်းမှာ တိုးမြှင့်ခံစားလာရပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက မြို့တော်ဂျကာတာမှာ ဖြစ်ပွားခဲ့တဲ့ IS ရဲ့ အသေခံဗုံးခွဲမှု၊ တိုက်ခိုက်မှုတွေအတွင်း လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: CNA

     

  • ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က စတင် ပိတ်ဆို့အရေးယူ

    ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က စတင် ပိတ်ဆို့အရေးယူ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    ဗိုလ်ချုပ်မောင်မောင်စိုး (Photo Credit – VOA)

    – ‘ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊  ခြစားမှုတွေနဲ့’ ပတ်သက်ပြီး မြန်မာဗိုလ်ချုပ်တစ်ယောက်အပါအ၀င် လူ ၁၃ ဦးကို အမေရိကန်က မနေ့မှာ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

    မြန်မာနိုင်ငံက အရေးယူခံရသူဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ ၆၅၀၀၀၀ ကျော်လောက် ထွက်ပြေးခဲ့ရတဲ့ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကို တာဝန်ယူရသူ ဖြစ်ပါတယ်။

    မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို တရားလက်လွတ်သတ်ဖြတ်တာ၊ လိင်အကြမ်းဖက်တာ၊ ထင်ရာစိုင်းဖမ်းဆီးတာနဲ့ ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအ၀င် ဗိုလ်ချုပ်မောင်မောင်စိုး တာဝန်ခံရမယ့် လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေကို မိမိတို့က တွေ့ရှိခဲ့တဲ့အတွက် ဒီလို အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်တာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်စိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရာထူးကနေ ရုတ်ရက် ဖယ်ရှားခံလိုက်ရပြီး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ငံက သူ့နေရာကို ဆက်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ ပထမဆုံးပြုလုပ်တဲ့ အရေးယူမှုမှာ ပါဝင်သူတွေဟာ အမေရိကန်ရဲ့ တရားစီရင်ရေးနယ်ပယ်အတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းခံရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်ဆံခွင့်၊ အမေရိကန်ဘဏ္ဍာရေးစနစ်မှာ ပါဝင်ခွင့်တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်စိုးအပါအ၀င် တောင်ဆူဒန်သမ္မတ ဆလ်ဗာ ကီရ်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဘင်ယာမင် ဘိုမဲလ်၊ ဂမ်ဘီယာအာဏာရှင်ဟောင်း ယာယာဂျာမေဟ်၊ အစ္စရေး ဘီလီယံနာ ဒန် ဂျာတလာနဲ့ ကွန်ဂိုသမ္မတ ဂျိုးဆက်ဖ် ကာဘီလာတို့လည်း အမေရိကန်ရဲ့ အရေးယူမှုမှာ ပါဝင်ပါတယ်။

    “ကျွန်တော်တို့ဟာ ရှေ့ဆောင်လမ်းပြအနေနဲ့ ဦးဆောင်ရမှာပါ။ ဒီကနေ့ ကြေငြာလိုက်တဲ့ ပိတ်ဆို့မှုက အမေရိကန်ဟာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်သူတွေ၊ ခြစားမှုမှာ ပါဝင်သူတွေအနေနဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေကို အမှန်တကယ် ခံစားရအောင် အမေရိကန်က ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဂျေရုစလင်ကိစ္စ နိုင်ငံတကာ၏ရပ်တည်ချက်ကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ချီးကျူး

    ဂျေရုစလင်ကိစ္စ နိုင်ငံတကာ၏ရပ်တည်ချက်ကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်း ချီးကျူး

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    မဲခွဲမှုရလဒ်

    – အမေရိကန်ရဲ့ ဂျေရုစလင်ရပ်တည်ချက်ကို ကုလမှာ ကမ္ဘာ့နိုင်ငံတွေက ဆန့်ကျင်လိုက်တာနဲ့ပတ်သက်ပြီး ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ချီးကျူးပြောဆိုလိုက်ပါတယ်။

    “ခြိမ်းခြောက်လို့မရဘူး၊ အကြပ်ကိုင်လို့မရဘူးဆိုတဲ့အကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့စည်းမျဉ်းစည်းကမ်းတွေကို ကာကွယ်သွားမယ်ဆိုတဲ့အကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက တစ်ညီတစ်ညွတ်တည်း သက်သေပြလိုက်တာပါ” လို့ ကုလဆုံးဖြတ်ချက်အပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ရဲ့ မနေ့က ထုတ်ပြတ်တဲ့ကြေငြာချက်မှာ အကြီးတန်းတာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကတော့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အင်္ဂါနေ့က ကုလလုံခြုံရေးကောင်စီမှာ မဲခွဲခဲ့ပေမယ့် အမေရိကန်တစ်နိုင်ငံတည်းရဲ့ ဗီတိုကြောင့် အတည်မဖြစ်ခဲ့ပါဘူး။

    ဒါပေမယ့် မနေ့က ကုလရဲ့ အရေးပေါ် အထွေထွေညီလာခံမှာ အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၂၈ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ ကန့်ကွက်တဲ့နိုင်ငံက ၉ နိုင်ငံရှိခဲ့ပြီး ကြားနေ ၃၉ နိုင်ငံ ရှိပါတယ်။

    ကုလရဲ့ဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာမယ့် ဥပဒေပြဌာန်းချက်မျိုးမဟုတ်ဘဲ နှစ်နိုင်ငံတည်ရှိရေးအပါအ၀င် အရင်က ကုလရဲ့ ဆုံးဖြတ်ချက်တွေကလည်း ပါလက်စတိုင်းပိုင်နက်တွေအပေါ် အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကို မဟန့်တားနိုင်တာကြောင့် အခုဆုံးဖြတ်ချက်ဟာ မြေပြင်အခြေအနေကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ပါလက်စတိုင်း နိုင်ငံရေးကျွမ်းကျင်သူတစ်ချို့က သုံးသပ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလမှာ သူတို့ကိုဆန့်ကျင်ပြီး မဲပေးတဲ့သူတွေကို အကူအညီတွေ ဖြတ်တောက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

    Ref: Aljazeera

  • အေမန် ဒါရ်ဘာလီ (သို့) ကူဘက်မြို့က သူရဲကောင်း

    အေမန် ဒါရ်ဘာလီ (သို့) ကူဘက်မြို့က သူရဲကောင်း

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – အေမန် ဒါရ်ဘာလီတစ်ယောက် နောက်ဆုံးမှတ်မိတာတွေထဲက တစ်ခုဟာ ကူဘက်မြို့ဗလီမှာ ၀တ်ပြုဖို့ သူမတ်တပ်ရပ်နေတဲ့အချိန်မှာ သေနတ်သမားတစ်ယောက်က သူ့ဘေးနားမှာရှိနေတဲ့ ၀တ်ပြုသူတွေကို သေနတ်နဲ့ပစ်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

    ဒါပေမယ့် သားသမီး ၃ ယောက်ဖခင် အေမန်ဟာ မတုန်လှုပ်ခဲ့ဘဲ တစ်ခြားဝတ်ပြုသူတွေရဲ့အသက်ကို ကယ်တင်ဖို့အတွက် သေနတ်သမားက သူ့ကို အာရုံ စိုက်လာအောင် လုပ်ခဲ့ပါတယ်။

    “မတုန်လှုပ်ဖို့၊ ထွက်မပြေးဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အာရုံစုစည်းပြီး သူ တစ်ခြားလူတွေကို မပစ်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်။ တစ်ခြားလူတွေကို တစ်ခုခုမကူညီဘဲ ကိုလွတ်ရုန်းပြီး ပြေးတာထက် တစ်သက်လုံး ဒီလို ဒုက္ခိတဘ၀နဲ့နေရတာကို ကျွန်တော်ပိုပြီး ကျေနပ်ပါတယ်” လို့ အေမန်က The Globe and Mail ကို ပြောကြားခဲ့ပါတယ်။

    ကူဘတ်ဗလီဝတ်ကျောင်းတော်မှာ ဇန်န၀ါရီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ မွတ်စလင် ၆ ဦး သေဆုံးခဲ့ပါတယ်။

    အေမန်ဟာ အချက်ပေါင်းများစွာ အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး ကူဘတ်စီးတီးက ဆေးရုံမှာ ၂ လလောက် သတိမရဘဲ ကိုးမားဝင်ခဲ့ပါတယ်။

    သတိရလာတဲ့အခါမှာတော့ ဘယ်တော့မှ လမ်းမလျှောက်နိုင်ဘူးဆိုတာ အေမန်တစ်ယောက် သိရှိခဲ့ရပါတယ်။

    သူရဲကောင်း

    အခုအချိန်မှာတော့ ကနေဒါ ပြည်သူတွေဟာ ဘီးတပ်ကုလားထိုင်နဲ့ အသက်ဆက်ရှင်ရတော့မယ့် အေမန်ကို ကူညီဖို့အတွက် အလှူငွေတွေ ထည့်ဝင်နေကြပါတယ်။ အေမန်ဟာ လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး သူ နေရထိုင်ရ အဆင်ပြေမယ့် အိမ်သစ်ကို မိသားစုနဲ့အတူ ရွှေ့ပြောင်းခဲ့ရပါတယ်။

    “သူဟာ တကယ့်သူရဲကောင်းတစ်ဦးပါ” လို့ အိုတာဝါအခြေစိုက် မွတ်စလင်အကူအညီပေးရေးအဖွဲ့ DawaNet က အေမီရာ အလ်ဂါဝါဘီက ပြောကြားခဲ့ပါတယ်။ သူတို့အဖွဲ့က ဦးဆောင်ပြီး အေမန်ကို ထောက်ပံ့ဖို့ အလှူငွေတွေ ကောက်ခံနေတာပါ။

    “သူဟာ ၇ ချက် အပစ်ခံခဲ့ရပြီး ကျည်နှစ်တောင့်က သူ့ရဲ့ နာ့ဗ်ကျောမကြီးထဲဝင်သွားကာ လုံးဝ ပြန်ထုတ်လို့ မရတော့ပါဘူး။ အောက်ပိုင်းသေသွားခဲ့ပြီး ဒီဖြစ်ရပ်ဆိုး ဖြစ်ခဲ့ပြီးကတည်းက သူဟာ ပြန်လည်ထူထောင်ရေးစင်တာမှာ နေထိုင်ခဲ့ရပါတယ်”

    အေမန်ရဲ့ဇနီးနဲ့ ကလေး ၃ ဦးဟာ လက်ရှိ ကူဘတ်စီးတီးက တိုက်ခန်းငယ်လေးတစ်ခုမှာ နေထိုင်နေရပါတယ်။

    “သွားရလာရ တော်တော်ခက်ခဲတဲ့နေရာပါ။ အရေးပေါ်အခြေအနေမျိုး ဖြစ်ပြီဆိုရင် ဥပမာအားဖြင့် မီးလောင်ပြီဆိုရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ထွက်ပေါက်မရှိပါဘူး” လို့ အလ်ဂါဝါဘီက ဆိုပါတယ်။

    DawaNet မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ အေမန်က သူ့ရဲ့အခြေအနေဟာ နေ့စဉ် တိုးတက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ရဲ့လက်တွေကို လှုပ်ရှားလို့ ရလာပြီး၊ ကြွက်သားလေ့ကျင့်ခန်းတွေလည်း လုပ်နေပါတယ်” လို့ အေမန်က ပြောကြားခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေကို တခုတ်တရ မေးမြန်းကြသူတွေကို ကျေးဇူးတင်ကြောင်း အေမန်က ဗီဒီယိုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့အထိ အေမန်အတွက် ထည့်ဝင်ကြတဲ့ အလှူငွေပမာဏဟာ ကန်ဒေါ်လာ ၃၃၈၀၀ ရှိနေပါတယ်။

    ကမကထလုပ်သူတွေကတော့ ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ရ အဆင်ပြေမယ့် အိမ်အသစ်ကို ရွှေ့ပြောင်းနိုင်ရေး ကူညီပေးဖို့အတွက် ကန်ဒေါ်လာ ၃၁၁၀၀၀ လောက်ရဖို့ မျှော်လင့်နေပါတယ်။

    တိုက်ခိုက်ခံရတဲ့ ကူဘတ်ဗလီဝတ်ကျောင်းတော်အနီးမှာ နေထိုင်ရဖို့ဟာ သူ့အတွက်အရေးကြီးတယ်လို့ အေမန်က ပြောကြားခဲ့ပါတယ်။

    “သူ့ရဲ့နှလုံးသားဟာ အဲဒီနေရာပဲ ရှိနေတာပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ခဲ့ပေမယ့် သူဟာ ဒေသတွင်းလူ့အဖွဲ့အစည်းနဲ့ တော်တော်လေး ဆက်နွယ်မှုရှိပြီး သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ဒီနေရာမှာ ရှိနေတာပါ။ သူ့ရဲ့ဘ၀ကို မြှင့်တင်ပေးဖို့၊ သူရဲကောင်းတစ်ဦးအဖြစ် ဆက်ရှိနေဖို့ ကျွန်မတို့အားလုံးအပေါ်မှာ မူတည်နေပါတယ်” လို့ အလ်ဂါဝါဘီက ပြောကြားခဲ့ပါတယ်။

    အမုန်းရာဇ၀တ်မှု

    ကူဘတ်နဲ့ ကနေဒါတစ်ဝှမ်းက မွတ်စလင်လူ့အဖွဲ့အစည်းတွေဟာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး စိတ်သောက ရောက်နေကြပါတယ်။

    ကူဘတ်ဗလီ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကူဘတ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ အလက်ဇန်ဒရီ ဘစ်ဆွန်နတီကို ဖမ်းဆီးကာ လူသတ်မှုစွဲချက် ၆ ခု၊ လူသတ်ရန်ကြံစည်မှု စွဲချက် ၅ ခုနဲ့ တရားစွဲဆိုထားပါတယ်။

    အဲဒီ ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှု တစ်နှစ်တာ ကြာမြင်ခဲ့ပေမယ့် ကူဘတ်စီးတီး တာဝန်ရှိသူတွေက ၂၀၁၇ ခုနှစ်အတွင်း ဒေသတွင်း မွတ်စလင်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတဲ့ အမုန်းဖြစ်ရပ်တွေ မြင့်တက်လာတယ်လို့ သတိပေးခဲ့ပါတယ်။

    မြို့ရဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ရောဘတ်ပစ်ဂျင်က ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်းက မွတ်စလင်လူ့အဖွဲ့အစည်း၊ မွတ်စလင်အသင်းအဖွဲ့တွေကို ပစ်မှတ်ထားတဲ့ အမုန်းရာဇ၀တ်မှုဟာ ၂ဆလောက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ဒီနှစ်အတွင်း အခုအချိန်အထိ ကူဘတ်မြို့အတွင်း အမုန်းအခြေခံတိုက်ခိုက်မှု ၇၁ ခု ဖြစ်ခဲ့ပြီး ၄၂ ခုက မွတ်စလင်တွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပစ်ဂျစ်ရဲ့ပြောကြားမှုကို ကိုးကားပြီး CBC News က ဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အမုန်းအခြေခံတိုက်ခိုက်မှု ၅၇ ခုနှစ်မှာ ၂၁ ခုက မွတ်စလင်တွေကို တိုက်ရိုက်ပစ်မှတ်ထားတာဖြစ်ပါတယ်။

    အလ်ဂါဝါဘီက အေမန်ရဲ့ ဇာတ်လမ်းဟာ ‘အမုန်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူရသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုရဲ့ အံ့ချီးဖွယ်ပြယုဂ်ဖြစ်တယ်’ လို့ ဆိုပါတယ်။

    “အမုန်းကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက မေတ္တာတရားဖြစ်ပါတယ်။ အေမန်နဲ့ သူ့ရဲ့ မိသားစုကိုအပေါ် ရွာသွန်းဖြိုးလာတဲ့ မေတ္တာမိုးဟာ တကယ့်ကို မျှော်လင့်ချက် တစ်စုံတရာပါပဲ”

    Ref: Aljazeera