News @ M-Media

Blog

  • အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် မိမိတို့စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားလိုက်သည်။

    ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားရှိ ရက်ခ်ချီကရီဒေသတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားစစ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    မိမိတို့ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ ရာဂျူရီဒေသတွင် ပါကစ္စတန်က ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး စနေနေ့က သေဆုံးခဲ့သည်ဟု အိန္ဒိယက ပြောကြားခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသကြောင့် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ထိန်းချုပ်နယ်မြေ ဟိုဘက်ဒီဘက်ကို ကျော်၍ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယက မိမိတို့ထိန်းချုပ်နယ်မြေကိုကျော်ကာ အကြိမ်ပေါင်း ၁၃၀၀ ကျော် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး အရပ်သား ၅၄ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အိန္ဒိယကလည်း ယခုနှစ်အတွင်း ပါကစ္စတန်မှာ အပစ်ရပ်ရေးကို ၇၂၄ ကြိမ် ချိုးဖောက်ခဲ့ပြီး အရပ်သား ၁၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ၎င်းတို့နှစ်နိုင်ငံမှာ ယခင်ကလည်း ထိုကဲ့သို့ အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့သည်။

    Ref: Aljazeera

     

  • မိသားစုလက်ဆုံစားမှုက ကလေးငယ်များ၏ လူမှုဆက်ဆံရေးကို အထောက်ကူဖြစ်နိုင်

    မိသားစုလက်ဆုံစားမှုက ကလေးငယ်များ၏ လူမှုဆက်ဆံရေးကို အထောက်ကူဖြစ်နိုင်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – အသက် ၆ နှစ်အရွယ်မှာ မိသားစုဝင်တွေနဲ့ မကြာခဏ လက်ဆုံစားတတ်တဲ့ ကလေးငယ်တွေဟာ ဒီလို အလေ့အကျင့်မရှိတဲ့ ကလေးတွေထက် ပိုပြီး လူမှုဆက်ဆံရေးကောင်းတာ၊ ကြံ့ခိုင်မှုရှိတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိတယ်လို့ ကနေဒါက လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Université de Montréal တက္ကသိုလ်က ပညာရှင် လင်ဒါ ပါဂါနီနဲ့ သူတို့အဖွဲ့က လေ့လာမှုရလဒ်ကို Developmental & Behavioral Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    ၁၉၉၇ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်အကြား မွေးဖွားတဲ့ ကလေးငယ်ပေါင်း ၁၄၉၂ ဦးကို သုတေသနမှာ ပါဝင်စေပြီး အသက် ၅ လအရွယ်ကနေ စတင်လေ့လာခဲ့တာဖြစ်ပါတယ်။

    အသက် ၆ နှစ်အရွယ်မှာ မိသားစုအနေနဲ့ သူတို့ရဲ့ လက်ဆုံစားမှု အနေအထားကိုပါ လင်ဒါတို့အဖွဲ့က စောင့်ကြည့်ခဲ့ပြီး ဒီအလေ့အကျင့်က ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ရိုက်ခတ်မှုကို သုံးသပ်ခဲ့ပါတယ်။

    မိသားစုနဲ့ ပုံမှန် လက်ဆုံစားလေ့ရှိတဲ့ ကလေးငယ်တွေဟာ အသက် ၁၀ နှစ်အရွယ်ရောက်တဲ့အခါ ဒီလိုအလေ့ကျင့် မရှိတဲ့သူတွေထက် ပိုပြီး လူပေါင်းဆံ့တာ၊ ကြံ့ခိုင်မှုပိုကောင်းတာ၊ အချိုရည် သောက်သုံးမှု နည်းလာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

    လင်ဒါက ထမင်းစားပွဲမှာ မိဘတွေနဲ့ အတူတူ စားသုံးတာဟာ ကလေးငယ်တွေအတွက် လူမှုဆက်ဆံရေး အခွင့်အလမ်းကောင်းတစ်ခုကို ရရှိစေပြီး နေ့စဉ်ကိစ္စတွေ၊ ပြဿနာတွေကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ခွင့်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အပြုသဘောဆောင်တဲ့ ပြောဆိုဆက်ဆံမှုက မိသားစုပြင်ပမှာ ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်”

    မိသားစု လက်ဆုံစားမှုနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ အဲဒီအလေ့အကျင့်ရှိတဲ့ ကလေးငယ်တွေဟာ အခြား ကလေးတွေထက် အ၀လွန်နှုန်းကျဆင်းတာကို တွေ့ခဲ့ရပါတယ်။

    လင်ဒါကတော့ ယနေ့ခေတ်မှာ မိသားစု လက်ဆုံစားတဲ့ဓလေ့ ပျောက်ဆုံးလာတာကို သတိပေးခဲ့ပြီး သူတို့ရဲ့ လ့လာမှုက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။

    Ref: Medical News Today

  • ဂျေရုစလင်သို့ သံရုံးပြောင်းရန် နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ထားဟု အစ္စရေးပြော

    ဂျေရုစလင်သို့ သံရုံးပြောင်းရန် နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ထားဟု အစ္စရေးပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်သို့ သံရုံများပြောင်းရွှေ့ရေးအတွက် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ပြောဆိုထားသည်ဟု အစ္စရေးလက်ထောက်နိုင်ငံခြားရေ၀န်ကြီး တဇီပီ ဟိုတိုဗလီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အခုလအစောပိုင်းတွင် အမေရိကန်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး တလ်အဗီးရှိ အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ပြောင်းရွှေ့သွားမည်ဟု ပြောကြားခဲ့သည်။ ဂွာတီမာလာနိုင်ငံကလည်း ၎င်းတို့သံရုံး ဂျေရုစလင်သို့ ပြောင်းရွှေ့မည့်အစီအစဉ်ကို တနင်္ဂနွေနေ့တွင် ကြေငြာခဲ့သည်။

    ဟိုတိုဗလီက နိုင်ငံပိုင်ရေဒီယိုနှင့် ယမန်နေ့အင်တာဗျူးတွင် သံရုံးများ ဂျေရုစလင်သို့ပြောင်းရန် ၎င်းတို့အစိုးရအားအနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ပြောဆိုထားသည်ဟု ဖြေကြားခဲ့သည်။

    မည်သည့်နိုင်ငံများဖြစ်သည်ကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ဥရောပနိုင်ငံအချို့ ပါဝင်သည်ဟု သူမက ဆိုသည်။

    အမေရိကန်၏ ထိုဆုံးဖြတ်ချက်ကို ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ် ကုလသမဂ္ဂတွင်လည်း ထိုလုပ်ရပ်ကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခုကို မဲအများစုဖြင့် အတည်ပြုနိုင်ခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့ အမေရိကန်၏ ကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦးမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • မာရသွန်ပြေးပြီး ပြည်သူ့ကျန်းမာရေးအတွက် ဒေါ်လာ ၃၃ သန်းရှာခဲ့တဲ့ ထိုင်းရော့ခ်ကာ

    မာရသွန်ပြေးပြီး ပြည်သူ့ကျန်းမာရေးအတွက် ဒေါ်လာ ၃၃ သန်းရှာခဲ့တဲ့ ထိုင်းရော့ခ်ကာ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ထိုင်းနိုင်ငံက နာမည်ကြီး ရော့ခ်အဆိုတော် အာတီဝါရာ အာကာဟာ ၅၅ ရက်ကြာ မာရသွန်ပြေးကာ ပြည်သူ့ကျန်းမာရေးအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃.၆ သန်း (ဘတ် ၁.၁ ဘီလီယံ) ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။

    Toon Bodyslam လို့ လူသိများတဲ့ သူဟာ နိုဝင်ဘာ ၁ ရက်နေ့က ယာလာပြည်နယ် ဘီတွန်မြို့ကနေ စတင် တာထွက်ခဲ့တာဖြစ်ပြီး တနင်္လာနေ့က နယ်စပ်မြို့ မယ်ဆိုင်မှာ ပန်းဝင်ခဲ့တာပါ။

    အာတီဝါရာက သူ့ရဲ့ခရီးစဉ်အတွင်းမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြဖို့ ထိုင်းနိုင်ငံသားတွေကို တိုက်တွန်းခဲ့ပြီး မူလက ဘတ် သန်း ၇၀၀ ရရှိအောင် ရည်ရွယ်ခဲ့ပေမယ့် ဒီထက်ပိုများကာ ဘတ် ၁.၁ ဘီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီအလှူငွေတွေကို နိုင်ငံတစ်ဝှမ်းက ဆေးရုံပေါင်း ၁၁ ခုမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ၀ယ်ဖို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

    မယ်ဆိုင်မှာ ပန်းဝင်ခဲ့တဲ့ အာတီဝါရာကို ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

    Ref: Bannkok Post

  • ဂျေရုစလင်က အမြင့်မြတ်ဆုံး ခရစ်ယာန်ဘုရားကျောင်းသော့ကိုင်ဟာ မွတ်စလင်မိသားစုဖြစ်တယ်ဆိုတာ သင်သိပါသလား (မြန်မာစာတမ်းထိုး)

    ဂျေရုစလင်က အမြင့်မြတ်ဆုံး ခရစ်ယာန်ဘုရားကျောင်းသော့ကိုင်ဟာ မွတ်စလင်မိသားစုဖြစ်တယ်ဆိုတာ သင်သိပါသလား (မြန်မာစာတမ်းထိုး)

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ၁၁၈၇ ခုနှစ်မှာ မွတ်စလင်အင်ပါယာရှင် ဆလာဟူဒင် အိုက်ယူဘီဟာ ဂျေရုစလင်မြို့ကို ဥရောပ ခရူးဆိတ်စစ်သားတွေလက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    အဲဒီနောက်မှာ ဆာလာဟူဒင်က ယေရှုခရစ်တော် မြှုပ်နှံထားရာ Holy Sepulchre ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မွတ်စလင်မိသားစုတစ်ခုကို တာဝန်ပေးခဲ့ပြီး ဘုရားကျောင်းရဲ့သော့ကိုလည်း အပ်နှံခဲ့ပါတယ်။

    ဂျူဒါဟ်လို့ခေါ်တဲ့ ဒီမိသားစုဟာ ယနေ့အချိန်အထိ ခရစ်ယာန်တွေ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းရဲ့သော့ကို စောင့်ရှောက်ထားပြီး ဒီဗီဒီယိုမှာ ဒီအကြောင်းကို ရှုစားရမှာပါ။

    Source – CNN