News @ M-Media

Blog

  • ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံတည်ရှိရေးအတွက် အဖြေရှာရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံတည်ရှိရေးအတွက် အဖြေရှာရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဒီဇင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရေးမှာ နှစ်နိုင်ငံတည်ရှိရေးအဖြေနဲ့ ဆောင်ရွက်သွားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပြီး အမေရိကန်ရဲ့ ဂျေရုစလင် ရပ်တည်ချက်ကြောင့် တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန် ပုပ်ရဟန်းမင်းကြီးရဲ့ ဒီလိုမှတ်ချက်မျိုး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဒီကနေ့ ဗာတီကန်မှာပြောကြားတဲ့ ခရစ္စမတ်အထိမ်းအမှတ် မိန့်ခွန်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အရှေ့အလယ်ပိုင်းမှာ ကလေးငယ်တွေဟာ ဆက်လက် ထိခိုက်ခံစားနေတယ်လို့လည်း ဆိုပါတယ်။

    “သက်ဆိုင်သူတွေအကြားမှာ ဆွေးနွေးမှု ပြန်လည်စတင်ချင်တဲ့ သဘောထားမျိုး ရှိလာဖို့နဲ၊ နှစ်ဖက်သဘောတူညီမှု၊ နိုင်ငံတကာက အသိအမှတ်ပြုမှုတွေရှိတဲ့ နယ်ခြားအတိုင်း နှစ်နိုင်ငံ ခြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေး ဖြစ်စေတဲ့ ညှိနှိုင်းဆွေးနွေးပြီးတဲ့ အဖြေတစ်ခု နောက်ဆုံးမှာ ထွက်လာဖို့ ဆုတောင်းကြရအောင်”

    ပါလက်စတိုင်း ပြဿနာအပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယား၊ ယီမင်နဲ့ အီရတ်တို့မှာ ငြိမ်းချမ်းရေးရဖို့၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားတင်းမာမှု အဆုံးသတ်ဖို့ စတာတွေအတွက်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ထည့်သွင်းဆုတောင်းခဲ့ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး သူတို့သံရုံးကိုလည်း ဂျေရုစလင်ကို ရွှေ့ပြောင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ပုပ်ရဟန်းမင်းကြီး အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာလည်း ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားက အနည်းဆုံး ၁၅ ဦး အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • ဟိန္ဒူမျိုးချစ်အုပ်စုများ၏ ပစ်မှတ်ထားမှုကို တိုးမြှင့်ခံစားလာရတဲ့ အိန္ဒိယက လူနည်းစု ခရစ်ယာန်များ

    ဟိန္ဒူမျိုးချစ်အုပ်စုများ၏ ပစ်မှတ်ထားမှုကို တိုးမြှင့်ခံစားလာရတဲ့ အိန္ဒိယက လူနည်းစု ခရစ်ယာန်များ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    ၂၀၁၅ ခုနှစ်က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နယူဒေလီမှ ခရစ်ယာန်ဘုရားကျောင်း

    – အိန္ဒိယမှာ ခရစ္စမတ်ပွဲတော် နီးကပ်လာတာနဲ့အမျှ စိုးရိမ်မကင်းဖြစ်မှုတွေ မြင့်တက်လာတယ်လို့ ခရစ်ယာန်အဖွဲ့တွေက ဖွင့်ဟပြောဆိုပါတယ်။

    “ခရစ္စမတ်ပွဲတော် ‘မကျင်းပရ’ ဆိုပြီး အူတာပရာဒက်ရှ်ပြည်နယ်မှာ စာသင်ကျောင်းတွေကို အိတ်ဖွင့်ပေးစာ ရေးပို့ကြတယ်။ ဒီတိုင်းပြည်မှာ ဘာဖြစ်နေတာလဲမသိတော့ဘူး။ ဒါက ဟိန္ဒူကိစ္စ၊ ခရစ်ယာန်ကိစ္စ၊ မွတ်စလင်ကိစ္စ၊ ဆစ်ခ်ကိစ္စမဟုတ်ဘူးဗျ။ ကျွန်တော်တို့ချစ်ရတဲ့ အိန္ဒိယတစ်ခုလုံးနဲ့ ဆိုင်နေတာ” လို့ ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့က အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် သီယိုဒိုရီ မက်စ်ကာရန်ဟက်စ်က ပြောကြားခဲ့ပါတယ်။

    အခုလအစောပိုင်းက မဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ ဟိန္ဒူအစွန်းရောက်အဖွဲတွေက ဓမ္မတေးလိုက်ဆိုတဲ့ ခရစ်ယာန်အဖွဲ့ကို တိုက်ခိုက်ပြီး ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဟိန္ဒူ လက်ယာစွန်းရောက်အဖွဲ့ Bajrang Dal က ‘ခရစ်ယာန်ဘုန်းကြီးတွေဟာ ဆင်းရဲတဲ့ ဟိန္ဒူတွေကို အဓမ္မ ဘာသာပြောင်းခိုင်းတယ်’ ဆိုတဲ့ သက်သေ အထောက်အထားတွေ သူတို့ ဆီမှာ အခိုင်အမာရှိနေတယ်လို့ ပြောလာပါတယ်။ အဲဒီ အုပ်စုဟာ ၀န်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးအဖွဲ့ BJP ပါတီနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိပါတယ်။

    ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရဲတပ်ဖွဲ့ဟာ ကက်သလစ်ဘုန်းတော်ကြီးနှစ်ဦးအပါအ၀င် ခရစ်ယာန် ဓမ္မတေးသီဆိုတဲ့အဖွဲ့က အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပြီး ဆန်တာမြို့မှာ နာရီတော်တော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီခရစ်ယာန်အုပ်စုဟာ အဓမ္မ ဘာသာပြောင်းခိုင်းတယ်ဆိုပြီး ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့က စွပ်စွဲတဲ့အတွက် ရဲတပ်ဖွဲ့က ဒီလို ဖမ်းဆီးလိုက်တာပါ။ ကက်သလစ် ဘုန်းတော်ကြီးများအသင်းက ခရစ်ယာန်ဓမ္မတက္ကသိုလ်တစ်ခုဖြစ်တဲ့ St Ephrem’s Theological College က ကျောင်းသား ၃၀ နဲ့ ဘုန်းကြီး ၂ ပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

    အာဏာရ BJP ပါတီနဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ Hindu Jagran Manch ကလည်း ပြည်နယ်အတွင်းက ခရစ်ယာန် သာသနာပြုကျောင်းတွေမှာ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ သတိပေးထားပြီး ဒီရက်ဟာ ‘အဓမ္မ ဘာသာသွတ်သွင်းမှု’ ကို အရှိန်မြှင့်တဲ့ရက်ဖြစ်ကြောင်း၊ ခရစ္စမတ်လက်ဆောင်တွေလဲလှယ်ကာ ‘ကလေးတွေကို ခရစ်ယာန်ဘာသာထဲ သိမ်းသွင်းကြကြောင်း’ စွပ်စွဲခဲ့ပါတယ်။

    အခြေအနေဆိုးလာ

    ၁၉၉၉ ခုနှစ်တွင် ဟိန္ဒူအစွန်းရောက်များ၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရသည့် သြစေတးလျ ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ် ဂရေဟမ်နှင့် သားများ

    လွန်ခဲ့တဲ့ ၈ နှစ်အရင်က သြစတေးလျ ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ် ဂရေဟမ် စတိန်းနဲ့ သူ့ရဲ့ သားငယ်နှစ်ယောက်ကို ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အိန္ဒိယက ခရစ်ယာန်တွေဟာ အမုန်းဆောင်အခြေအနေတွေကို တိုးမြင့်ကြုံတွေ့လာခဲ့ရပါတယ်။ ဒီသတ်ဖြတ်မှုဟာ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အမုန်းဆောင်ရာဇ၀တ်မှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    စတိန်း၊ သူ့ရဲ့ အသက် ၁၀ နှစ်နဲ့ ၈ နှစ်အရွယ် သားနှစ်ယောက်ဖြစ်တဲ့ တီမောသီနဲ့ ဖိလစ်တို့ဟာ ၁၉၉၉ ခုနှစ် ဇန်န၀ါရီလက အိုဒီရှာပြည်နယ် ဘုရားကျောင်းတစ်ခုရဲ့ အပြင်ဘက် ကားထဲ အိပ်ပျော်နေစဉ်အတွင်း ဟိန္ဒူအယူသီးအုပ်စုရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သားအဖ ၃ ယောက်ဟာ မီးလောင်နေတဲ့ကားအတွင်းက ထွက်ပြေးဖို့ ကြိုးစားမှုကိုလည်း အဲဒီ ဟိန္ဒူလူအုပ်ကြီးက တားဆီးခဲ့ပါတယ်။

    ဟိန္ဒူလက်ယာစွန်းရောက်အုပ်စုတွေကတော့ သူတို့ဟာ ‘အိန္ဒိယလူ့အဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်ထိုးဖောက်နေတဲ့ နိုင်ငံခြားသြဇာကို’ တိုက်ဖျက်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ခရစ္စမတ်နေ့ကိစ္စ မဟုတ်ပါဘူး။ ဟိန္ဒူယဉ်ကျေးမှု၊ ကျွန်တော်တို့နဲ့မဆိုင်တဲ့ နိုင်ငံရပ်ခြားယဉ်ကျေးမှုကိစ္စပါ။ ခရစ္စမတ်နေ့ပဲဖြစ်ဖြစ်၊ ချစ်သူများနေ့ပဲဖြစ်ဖြစ် ဒါဟာ အိန္ဒိယယဉ်ကျေးမှု မဟုတ်ပါဘူး။ နိုင်ငံခြား ပွဲတော်တွေကို လက်ခံကျင်းပနေတဲ့အတွက် ဟိန္ဒူလူငယ်တွေဟာ သူတို့ရဲ့ ဇာတိပုညနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို မေ့ပျောက်လာကြပါတယ်။ ကျွန်တော်တို့က ဒါကို ဆန့်ကျင်နေတာပါ။ ဒီလို နိုင်ငံခြား အယူအဆတွေကို ရပ်တန့်ပစ်ရမယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” လို့ Hindu Jagran Manch အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဗီနက်ရှ် ရာနာက ပြောကြားခဲ့ပါတယ်။

    သူတို့အဖွဲ့ဟာ အိန္ဒိယက ဟိန္ဒူအမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။

    ခရစ်ယာန်ခေါင်းဆောင်တွေကတော့ ဒီလို ‘အမုန်းဝန်းကျင်’ အတွက် စိုးရိမ်မှုနဲ့အတူ သတိထား စောင့်ကြည့်လာကြပြီး ‘အရေးမယူဘဲ ပေါ်တင် လစ်လျူရှုထားမှုက’ ဒီအမုန်းဆောင်အုပ်စုတွေကို အတင့်ရဲလာစေတယ်လို့ ပြောကြားခဲ့ပါတယ်

    “ခရစ်ယာန်တွေအပေါ် ဒီလိုတိုက်ခိုက်မှု တော်တော်များများမှာ ရဲတွေဟာ လက်ပိုက်ရပ်ကြည့်နေကြတာမျိုးတင်မကဘဲ အကြမ်းဖက်မှုမှာ ပါဝင်တာမျိုးတွေအထိ ရှိပါတယ်။ အိန္ဒိယနိုင်ငံသားတစ်ယောက်က အခြား အိန္ဒိယနိင်ငံသားတစ်ယောက်ကို ဒီလို ခြိမ်းခြောက်တာမျိုး ဘာဖြစ်လို့ လုပ်လို့ရနေတာလဲ။ ရဲတပ်ဖွဲ့နဲ့ အစိုးရက အရေးယူရမှာပါ။ သူတို့ ဘယ်တော့မှ အရေးယူမလဲဆိုတာ မသိပါဘူး” လို့ တက်ကြွလှုပ်ရှားသူ ဂျွန် ဒါယာလ်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေ မြင့်တက်

    BJP ပါတီ ၂၀၁၄ ခုနှစ်မှာ အာဏာရပြီးကတည်းက အိန္ဒိယမှာ လူနည်းစုတွေ အထူးသဖြင့် မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ တိုက်ခိုက်မှုတွေကို ပိုမိုခံစားလာရပါတယ်။

    ၂၀၁၄ ခုနှစ်ကတည်းကစလို့ United Christian Forum အဖွဲ့ရဲ့ အကူအညီပေးရေး အခမဲ့ဖုန်းလိုင်းကို ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုပေါင်း ၇၀၀ ကျော် သတင်းပို့တိုင်ကြားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အစ္စလာမ်နဲ့ ခရစ်ယာန်တွေလို ‘လူမျိုးခြားဘာသာ’ တွေက ဘာသာဝင်တွေ ဟိန္ဒူဘာသာကို ပြောင်းလဲရေးဆိုတဲ့ ဟိန္ဒူအုပ်စုတွေရဲ့ လှုပ်ရှားမှုအတွင်း ခရစ်ယာန်ဘုရားကျောင်း ၆ ခုလောက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

    မဒ်ယာပရာဒက်ရှ်ပြည်နယ်က ဘာသာကူးပြောင်းမှု ဥပဒေဟာ အိန္ဒိယက အခြားသော ပြည်နယ်တွေလို တော်တော်လေး တင်းကြပ်ပါတယ်။ လူမျိုးစုငယ်တွေအကြားမှာ လှုပ်ရှားနေတဲ့ ဟိန္ဒူအုပ်စုတွေက အခြားဘာသာပြောင်းလဲမှုကို ဆန့်ကျင်ကာ ဟိန္ဒူဘာသာကို ပြန်လည်ပြောင်းလဲရေးဆိုတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေပြီး ဒီကိစ္စမှာလည်း အငြင်းပွားဖွယ်တွေ ရှိနေပါတယ်။

    ဘာသာပြောင်းမယ့်သူတွေဟာ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင် အကြောင်းကြားစာ ပေးပို့ရပါတယ်။

    “မွတ်စလင်တွေကို နာမည်ပျက်အောင် ဆောင်ရွက်ရာမှာ သုံးခဲ့တဲ့ အဓမ္မ ဘာသာပြောင်းခိုင်းတယ်ဆိုတဲ့ ဒီစွပ်စွဲချက်နဲ့ ခရစ်ယာန်တွေရဲ့ ပုံရိပ်ကို ညှိုးနွမ်းအောင် ရာဇ၀တ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်မှုပါ။ ခရစ်ယာန်တွေကို ချောက်ချဖို့ကြိးစားတဲ့ အကြံအစည်ပါ” လို့ ဒါယာလ်က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယလူဦးရေ ၁.၂၇ ဘီလီယံရဲ့ ၅ ပုံတစ်ပုံဟာ ဟိန္ဒူဘာသာဝင်တွေ မဟုတ်ကြဘဲ ခရစ်ယာန်ဘာသာဝင်က ၂.၃ ရာခိုင်နှုန်း ရှိနေပါတယ်။

    ‘အဓမ္မ ဘာသာပြောင်းခိုင်းတယ်’ ဆိုတဲ့ စွဲချက်ကို ခရစ်ယာန်အဖွဲ့ တော်တော်များများက ငြင်းဆိုပါတယ်။ မက်စ်ကာရန်ဟက်စ်က ‘မဟုတ်တမ်းတရားတွေနဲ့ ကြောက်ရွံ့မှုကို ဖန်တီးနေတာဟာ တိုင်းပြည်အတွက်မကောင်းဘူး’ လို့ ထောက်ပြခဲ့ပါတယ်။

    “သူတို့တွေဟာ လူ့အဖွဲ့အစည်းကို အဆိပ်ကျွေးနေတာဖြစ်ပြီး ‘အဓမ္မဘာသာပြောင်းခိုင်းတယ်’ ဆိုတဲ့ ၀ါဒဖြန်တာတွေကိုလည်း သူတို့ ပြုလုပ်နေပါတယ်။ ဆန်တာမှာ ၁၉၇၇ ခုနှစ်ကတည်း ခရစ်ယာန် ၃၀၀၀ လောက်သာရှိပါတယ်။ သူတို့ထဲက ၈၀ ရာခိုင်နှုန်းက ပြောင်းရွှေ့အခြေချသူတွေပါ။ ဘာသာပြောင်းတယ်ဆိုတာ ဘယ်မှာလဲ။ ကျွန်တော်တို့ ဘာသာပြောင်းခိုင်းတယ်ဆိုတဲ့ မုသာဝါဒတွေကို သူတို့ ဘာ့ကြောင့် ပြောနေတာလဲ။ ကက်သလစ် စာသင်ကျောင်းတွေဟာ သန်းနဲ့ချီတဲ့လူတွေကို စာသင်ပေးနေတာကြောင့် ဒီကျောင်းတွေကို သာဘာသာပြောင်းဖို့ အသုံးပြုမယ်ဆိုရင် အိန္ဒိယမှာ ခရစ်ယာန် သန်းရာနဲ့ချီ ရှိလာမှာပေါ့”

    ‘အဓမ္မ၊ လာဘ်လာဘနဲ့ လိမ်လည်ဘာသာပြောင်းမှု’ ကို အိန္ဒိယက ပြည်နယ်တော်တော်များများမှာ တရားမ၀င်အဖြစ် သတ်မှတ်ထားပါတယ်။

    “ဆန်တာမြို့မှာ ခရစ်ယာန်ဘုန်းကြီးတွေအပေါ် တိုက်ခိုက်အကြမ်းဖက်တဲ့လူတွေကို ဖမ်းဆီးရမယ့်အစား သူတို့တွေဟာ ခရစ်ယာန်ဘုန်းကြီးတွေကို တိုင်ကြားတာတွေ လုပ်ပါတယ်။ ဒါမျိုး မကြားဖူးတဲ့ကိစ္စပါ။ ရွာသားတွေဟာ လူအုပ်စုတွေ၊ လူဆိုးဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုကိုသာမက ရဲတွေရဲ့ လစ်လျူရှုမှုကိုပါ ခံစားနေရတာကြောင့် စိုးရိမ်ကြောက်ရွံ့တွေ ရှိနေပါတယ်။ ဒါဟာ တိုင်းပြည်အတွက်လည်း စိုးရိမ်စရာလက္ခဏာတစ်ခု ဖြစ်ပါတယ်” လို့ မက်စ်ကာရန်ဟက်စ်က ပြောကြားခဲ့ပါတယ်။

    ကြံ့ကြံ့ခံ

    မိုဒီအစိုးရကတော့ သူတို့အနေနဲ့ ခရစ်ယာန်၊ မွတ်စလင်တွေနဲ့ ပတ်သက်လာရင် ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာဂ်ျနက်သ်ဆင်းနဲ့ တွေ့ဆုံခဲ့ပြီ လတ်တလော ခြိမ်းခြောက်ခံရမှုတွေ၊ အကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

    BJP ရဲ့ အယူဝါဒဆိုင်ရာ မိခင်အဖွဲ့ RSS ရဲ့ အကြီးအကဲ မိုဟမန် ဘဂ်ဝက်က ကိုလ်ကတားမြို့မှာ ချို့တဲ့သူတွေကို စောင့်ရှောက်ရင်း ဘ၀တစ်ခုလုံးကို ပေးဆပ်ခဲ့တဲ့ ခရစ်ယာန်သီလရှင် မာသာထရီဇာကို စော်ကားတဲ့ စကားမျိုးတွေ၊ မှတ်ချက်မျိုးတွေ ပြောကြားလာပါတယ်။ မာသာထရီဇာကို ရိုမန်ကက်သလစ်အသင်းတော်က ပြီးခဲ့တဲ့နှစ်မှာ သူတော်စင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    မာသာထရီဇာဟာ ‘လူတွေကို ခရစ်ယာန် မဖြစ်ဖြစ်လာအောင် ဖန်တီးတယ်’ လို့ ဘဂ်ဝက်က စွပ်စွဲခဲ့တာပါ။

    ၂၀၁၅ ခုနှစ်အတွင်း နယူးဒေလီမြို့မှာ ရာနဲ့ချီတဲ့ ခရစ်ယာန်တွေဟာ ဆန္ဒပြခဲ့ကြပြီး ဟိန္ဒူအစွန်းရောက်အုပ်စုတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကနေ သူတို့ကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီဆန္ဒပြမှုကို အင်အားသုံး နှိမ်နင်းခဲ့ပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

    ဒါပေမယ့် အိန္ဒိယက ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ‘ကြံ့ကြံ့ခံနိုင်တဲ့’ လူ့အဖွဲ့အစည်းမျိုးဖြစ်တယ်လို့ ဆရာတော် မက်စ်ကာရန်ဟက်စ်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ သာသနာအပေါ်မှာ ဆက်လက်ရပ်တည်သွားမှာပါ။ ဖိနှိပ်ညှင်းပမ်းခံရဆုံး အချိန်တွေမှာ ခရစ်ယာန်သာသနာဟာ ပိုပြီး တိုးတက်အထွန်းကားဆုံး ဖြစ်လာတတ်ပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Christmas in India tarnished by ‘climate of hate’ ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက်ကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်ပိုင်း ရှုတ်ချ

    အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက်ကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်ပိုင်း ရှုတ်ချ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ပါလက်စတိုင်း ခရစ်ယာန်ခေါင်းဆောင်တွေက ပယ်ချလိုက်ပြီး ‘အန္တရာယ်ရှိတဲ့’ ‘စော်ကားတဲ့’ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    “အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဂျေရုစလင်ကို သူတို့ရဲ့ အမြင့်မြတ်ဆုံးနဲ့ နာမ်ပိုင်းဆိုင်ရာနဲ့ အမျိုးသားအမွေအနှစ် သန္ဓေတည်ရာလို့ မှတ်ယူထားကြတဲ့ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်နဲ့ မွတ်စလင်တွေကို စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုတာကို ကျွန်တော်တို့ ပါလက်စတိုင်းသား ခရစ်ယာန်၊ မွတ်စလင်အားလုံး လက်မခံပါဘူး။ ကျူးကျော်သူတွေနဲ့ မထိုက်တန်တာကို အမေရိကန်က ပေးလိုက်တာပါ” လို့ ဂျေရုစလင်က ဂရိအော်သိုဒေါ့စ်အသင်းတော်ရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး အာတာလာ ဟန်နာက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့မှာ ပြုလုပ်တဲ့ ပါလက်စတိုင်း ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အကြိုပွဲတော်ကို မွတ်စလင်တွေကလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး ပါလက်စတိုင်းပြည်သူတွေရဲ့ ညီညွတ်မှု၊ စည်းလုံးမှုတွေကို ပြသခဲ့ကြပါတယ်။

    ဘက်သလီဟမ် ဒေသကောင်စီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဟာရ် ကာနာဗာတီက ဒီလို မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ စုပေါင်းပြီး ခရစ္စမတ်ပွဲတော် ဆင်နွှဲတာဟာ ‘ငြိမ်းချမ်ရေး၊ မေတ္တာနဲ့ နားလည်မှု’ တွေကို ဖော်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ နေထိုင်ချင်ပြီး၊ ဂျေရုစလင်ကို မျှဝေအသုံးပြုတာ၊ ပါလက်စတိုင်းသားအဖြစ် လွယ်လွယ်ကူကူ ၀င်လိုရတာမျိုးတွေ ဖြစ်ချင်ပါတယ်” လို့ အစ္စရေးက ပါလက်စတိုင်းတွေကို ဂျေရုစလင်ဝင်ရောက်ခွင့် ကန့်သတ်ထားတာကို ရည်ညွှန်းကာ ကာနာဗာတီက ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာပြီးတဲ့နောက် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

    ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရှုတ်ချခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ရဲ့ ဂျေရုစလင်ရပ်တည်ချက် ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလက ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် တမ်ဘင်အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူမှာ ၁၀၀ ကျော် ရှိလာပြီး ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    အဆိုပါမုန်တိုင်းမှာ သောကြာနေ့က မင်ဒါနာအို ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဘူဘော့ဒ်နှင့် ပီယာဂါပိုမြို့တို့မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကာ နေအိမ်အများစုမှာ ရွှံညွန်များအောက်တွင် နစ်မြုပ်ခဲ့သည်။

    ဖိလစ်ပိုင်တွင် နှစ်စဉ် အပူပိုင်းမုန်တိုင်းများ ၀င်ရောက်လေ့ရှိသော်လည်း မင်ဒါနာအိုကျွန်းမှာ မုန်တိုင်းဒဏ်ကို တစ်ခါတစ်ရံမှသာ ခံစားရလေ့ရှိသည်။

    လက်ရှိတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့များမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒေသအချို့တွင်ရေကြီးရေလျှံမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများ ရှိသောကြောင့် သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ကိုင်တက် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    ဖိလစ်ပိုင်မှာ ၂၀၁၃ ခုနှစ်က တိုင်ဖုန်း ဟိုင်ယန်ဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့သည်။

    Ref: BBC

  • ‘ဘာသာမပြောင်းရ’ ဥပဒေ ရှိနေပေမယ့် နီပေါမှာ ဆက်လက်ထွန်းကားနေဆဲ ခရစ်ယာန်သာသာနာ

    ‘ဘာသာမပြောင်းရ’ ဥပဒေ ရှိနေပေမယ့် နီပေါမှာ ဆက်လက်ထွန်းကားနေဆဲ ခရစ်ယာန်သာသာနာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ငလျင်ကြောင့် နီပေါက ရီချက်ရွာလေး ပြားသွားတာ ၂ နှစ်ကျော်ရှိသွားခဲ့ပြီး ဒေသခံအများစုဟာ ဖြစ်သလိုတည်ဆောက်ထားတဲ့ အဆောက်အဦးတွေမှာ နေထိုင်နေရဆဲပါ။ ခရစ်ယာန်သာသနာပြုအဖွဲ့တွေရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ခရစ်ယာန်ဘုရားကျောင်းသာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး သာသနာပြုအဖွဲ့တွေရဲ့ သြဇာကလည်း ဟိန္ဒူအများစုရှိတဲ့ နီပေါလ်မှာ ကြီးထွားလာခဲ့ပါတယ်။

    ဘာသာကူးပြောင်းမှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပေမယ့် ခရစ်ယာန်သာသနာဟာ နီပေါလ်မှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အလျင်အမြန် ပြန့်ပွားခဲ့ပြီး အမြစ်တွယ်နေတဲ့ ဇာတ်ခွဲခြားမှုစနစ်ကနေ လွတ်မြောက်ရာဟာ ခရစ်ယာန်သာသနာသာဖြစ်တယ်လို့ အများစုက ရှုမြင်နေကြပါတယ်။

    ဟိမ၀န္တာတောင်ပေါ်တိုင်းပြည်တစ်ခုဖြစ်တဲ့ နီပေါလ်ကို ဟိန္ဒူဘုရင်တွေက ရာစုနှစ် ၂ စုကျော်လောက် အုပ်စိုးခဲ့ပြီး ၂၀၀၈ ခုနှစ်ရောက်မှ ဘုရင်စနစ် ချုပ်ငြိမ်းသွားတာဖြစ်ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း တောင်းတန်းဒေသတွေမှာတော့ ဗုဒ္ဓဘာသာ အားကောင်းပါတယ်။

    ဒါပေမယ့် ရီချက်ရွာတည်ရှိတဲ့ လာပါချိုင့်ဝှမ်းဒေသဟာ အခုအချိန်မှာ ခရစ်ယာအများစုရှိတဲ့နေရာ ဖြစ်နေပါပြီ။

    ဒေသခံတော်တော်များများဟာ မကြာသေးမီကမှ ခရစ်ယာန်သာသနာကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲကတစ်ယောက်က ရီကာ တာမန်ဆိုသူဖြစ်ပြီး နေမကောင်းဖြစ်နေတဲ့မိခင် သက်သာလာအောင် နတ်ဘုရားကို တိရစ္ဆာန်နဲ့ပူဇော်ဖို့ ဘုန်းကြီးကို ယတြာဖိုး မပေးနိုင်တဲ့အဆုံး ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်လာတာ ဖြစ်ပါတယ်။

    “ကျွန်တော် ရှာသမျှ ဘုရားရှင်ကို ပူဇော်ရတာနဲ့ ကုန်တာပဲ။ ခရစ်ယာန်ကိုပြောင်းလိုက်တော့ ကျွန်တော် ပူဇော်ပသနေစရာ မလိုတော့ဘူး။ ၀န်ထုပ်ဝန်ပိုးတစ်ခု လျော့သွားတာပေါ့ဗျာ” လို့ လက်ရှိ လာပါချိုင့်ဝှမ်းက ရွာတစ်ရွာမှာ သင်းအုပ်ဆရာဖြစ်နေတဲ့ တာမန်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ယူမှုအရ နီပေါလ်နိုင်ငံရဲ့ လူဦးရေ ၂၉ သန်းမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူက ၁.၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ဒါပေမယ့် ခရစ်ယာန်အဖွဲ့တွေက အရေအတွက်ဟာ ၃ သန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ မျိုးနွယ်နာမည်ကိုလိုက်ပြီး ဘာသာတရားကို ဖြည့်သွင်းတာကြောင့် ဘာသာပြောင်းထားသူတော်တော်များများ စာရင်းမပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ရီချက်ရွာဟာ နိုင်ငံမြောက်ပိုင်း ဒါဒင်းခရိုင်မှာရှိနေပြီး ဒီခရိုင်ဟာ နီပေါလ်မှာ ခရစ်ယာသာသနာ ပထမဆုံးအခြေတည်တဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကနေတစ်ဆင့် အားကောင်းတဲ့ ဧ၀ံဂေလိ ဘုရားကျောင်းတွေ ကွန်ယက်ကြောင့် နိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပါတယ်။

    ဒါပေမယ့် တစ်ချို့တွေကတော့ ငွေတောင့်တဲ့ နိုင်ငံရပ်ခြား သာသနာပြုအဖွဲ့တွေဟာ ဆင်းရဲတဲ့ နီပေါလ်နိုင်ငံကလူတွေကို အကူအညီတွေပေးပြီး ဘာသာပြောင်းစေတယ်လို့ ပြောကြပါတယ်။

    ဘာသာရေးတင်းမာမှု 

    ၂၀၁၅ ခုနှစ် ဧပြီလက အင်အားပြင်းတဲ့ငလျင်ကြောင့် တောင်ကိုရီးယားနဲ့ စင်ကာပူက သာသနာပြုအဖွဲ့တွေ ရောက်တဲ့အချိန်မှာ ရီချက်ရွာလေးဟာ ကွင်းပြင်လုံးလုံး ဖြစ်နေပါပြီ။

    သာသနာပြုအဖွဲ့တွေဟာ ပျက်ဆီးဆုံးရှုံးမှုတွေကို စာရင်းကောက်ခဲ့ပြီး လအနည်းငယ်ကြာတဲ့အခါမှာတော့ ရွာက ဘုရားကျောင်းဆောက်ဖို့အတွက် ဘိလပ်မြေအိတ်တွေ ရောက်ရှိလာခဲ့ပါတယ်။

    အနီးအနားက ကာချက်ရွာမှာလည်း ဒီလိုပဲဖြစ်ပြီး အဲဒီက ဘုရားကျောင်းအသစ်အတွက် တောင်ကိုရီးယား သာသနာပြုအဖွဲ့တွေက ငွေကြေးထောက်ပံ့ပေးကာ မကြာသေးခင်ကမှ တည်ဆောက်ပြီးစီးသွားခဲ့တာပါ။

    “ဘုရားကျောင်းသွားပြီး လဟာပြင်မှာ ၀တ်ပြုဆုတောင်းရတဲ့ဘ၀ကနေ လွတ်သွားတာကြောင့် ကျွန်တော်တို့ အရမ်း ပီတိဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အိမ်တွေ ဆောက်ဖို့အတွက် ထောက်ပံ့မှုရရင်တော့ ဒီထက်ပိုပျော်မှာပါ” လို့ ရီချက်မှာနေထိုင်တဲ့ အေမန် တာမန်က ပြောကြားခဲ့ပါတယ်။

    အဲဒီနားက ဘိုရန်ဆိုတဲ့ရွာကာ ဗုဒ္ဓဘာသာအများစု ရှိတဲ့ရွာဖြစ်ပြီး အကူအညီအတွေကို ကွက်ပြီးပေးတာက ဘာသာမတူ လူ့အဖွဲ့အစည်းတွေအတွင်းမှာ တင်းမာမှုဖြစ်စေတယ်လို့ ရွာသူကြီး ပရာရှန့် တာမန်က ဆိုပါတယ်။

    “လိုအပ်နေတဲ့အချိန်မှာ ချို့တဲ့သူတွေကို ခရစ်ယာန်တွေက အကူအညီပေးပြီး သူတို့ဘာသာကိုပြောင်းဖို့ ဖိအားပေးတဲ့အခါ တစ်ခါတစ်ရံမှာ တင်းမာမှုတွေ မြင့်တက်လာပါတယ်”

    ဆွယ်တရားအတွက် ထောင်ဒဏ်

    ဘာသာရေး ဆွယ်တရားဟောတာဟာ နီပေါမှာ တရားမ၀င်ပါဘူး။

    ဒါပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှာ စတင်အသက်ဝင်ဖွယ်ရှိနေတဲ့ ရာဇ၀တ်ပုဒ်မအသစ်အရ ဆွယ်တရားဟောသူတွေဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်ပြီး နိုင်ငံခြားသားဆိုရင်တော့ ထောင်ကလွတ်တာနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။

    တက်ကြွလှုပ်ရှားသူတွေက ဒါဟာ အလျင်အမြန်တိုးပွားလာတဲ့ ခရစ်ယာန်သာသနာကို တားဆီးဖို့ ရည်ရွယ်ပြီး ပါကစ္စတန်က သာသနာညှိုးနွမ်းစေတဲ့ ဥပဒေနဲ့ အတူတူပဲလို့ ထောက်ပြကြပါတယ်။ ပါကစ္စတန်မှာ ဒီဥပဒေကြောင့် လူနည်းစုတွေဟာ လူအုပ်ကြီးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မကြာခဏ ခံရလေ့ရှိပါတယ်။

    “ပါကစ္စတန်မှာ ဘယ်လိုတွေဖြစ်လဲဆိုတာ ကျွန်တော်တို့ တွေ့တာပဲ။ လုံလောက်တဲ့ကာကွယ်မှု မရှိဘူးဆိုရင် နီပေါလ်က ဥပဒေတွေကိုလည်း လိုသလိုသုံးကြပါလိမ့်မယ်” လို့ ယူကေအခြေစိုက် Christian Solidarity Worldwide အဖွဲ့က တောင်အာရှဆိုင်ရာကျွမ်းကျင်သူ စတီဗင် ဆဲလ်ဗာရာ့ဂ်ျက ပြောကြားခဲ့ပါတယ်။

    နီပေါက ကြီးထွားလာတဲ့ ဧ၀ံဂေလိအသင်းတော်ကွန်ယက်ကြောင့် လူတွေဟာ ခရစ်ယာန်သာသနာကို စိတ်ဝင်စားလာကြပြီး တော်တော်များများက ဒီဥပဒေသစ်နဲ့ သူတို့ကို ပစ်မှတ်ထားမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

    “နီပေါက ခရစ်ယာန်ဘုရားကျောင်းတွေက ယုံကြည်သူတွေအနေနဲ့ အခြားသူတွေကို ခရစ်တော်ရဲ့ ပညတ်တော်တွေကို ဟောကြားဖို့၊ ခရစ်တော်အကြောင်း ပြောပြကြဖို့ သွန်သင်ပါတယ်။ ဒါ့ကြောင့် အဲဒီသူတွေ ဖမ်းဆီးခံရပြီး၊ ဒုက္ခရောက်မယ့်၊ ထောင်ကျမယ့်၊ ဒဏ်ငွေဆောင်ရမယ့် အန္တရာယ်ကလည်း မြင့်တက်လာပါတယ်” လို့ ခတ္တာမန်ဒူက သင်းအုပ်ဆရာဖြစ်တဲ့ တန်ကာ ဆူဘီဒီက ပြောကြားခဲ့ပါတယ်။

    Ref: CNA

    (CNA သတင်းဌာနတွင် ဖော်ပြထားသည့် Despite conversion ban, Christianity spreads in Nepal ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)