News @ M-Media

Blog

  • မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အင်ဒိုနီးရှားက အကူအညီများ ပေးပို့မည်

    မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် အင်ဒိုနီးရှားက အကူအညီများ ပေးပို့မည်

    ဇွန် ၁၅၊ ၂၀၂၃

    M-Media 


    -မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး မိုခါကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့သွားမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ 

    အရေးပေါ် ကူညီမှု အဆင့်ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်လှူဒါန်းတာလို့ အင်ဒို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုရေး၀န်ကြီး မူဟာဂျီရ် အီဖန်ဒီက ပြောပါတယ်။ 

    အင်ဒိုနီးရှားရဲ့ အကူအညီတွေဟာ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စတဲ့ကဏ္ဍတွေအတွက် ရည်ရွယ်တာပါ။ 

    “မြန်မာနိုင်ငံကို အကူအညီတွေပေးအပ်ဖို့ သမ္မတ ဂျိုကို၀ီရဲ့ ညွှန်ကြားချက်အတိုင်း ဒီလိုအကူအညီတွေ ပေးအပ်တာ ဖြစ်ပါတယ်” လို့ အီဖန်ဒီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အကူအညီဟာ အင်ဒိုနီးရှားရူပီး ၇ ဘီလီယံဖိုး ရှိမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ပေးပို့မှာ ဖြစ်ပါတယ်။ 

    မေလအတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါဒဏ်ကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

    Ref: Antaranews 

  • အစွန်းရောက်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် အိန္ဒိယ မွတ်စလင်များ

    အစွန်းရောက်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် အိန္ဒိယ မွတ်စလင်များ

    ဇွန် ၁၄၊ ၂၀၂၃

    M-Media 

    -အိန္ဒိယမြောက်ပိုင်းက ရွာငယ်လေးတစ်ရွာမှာ ဒေသခံမွတ်စလင်တွေဟာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

    အူတာရက်ဟန်းပြည်နယ်က ပူရိုလာဆိုတဲ့ရွာမှာ ဖြစ်ပါတယ်။ မွတ်စလင်လူငယ်နှစ်ယောက်က ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ မေလအတွင်းက စွပ်စွဲချက်တစ်ခုကို ဟိန္ဒူအစွန်းရောက်အဖွဲ့နှစ်ခုဖြစ်တဲ့ Vishwa Hindu Parishad နဲ့ Bajrang Dal တို့က အမြတ်ထုတ်လာတာပါ။ 

    ဇွန်လ ၁၅ ရက်နေ့မတိုင်ခင် ရွာကနေ အပြီးပြောင်းရွှေ့ဖို့ မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေမှာ အစွန်းရောက်တွေက စာလိုက်ကပ် ခြိမ်းခြောက်ခဲ့ကြပါတယ်။ 

    ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ ဟိန္ဒူအဖွဲ့တွေက ပြန်ပေးဆွဲမှုဟာ “အချစ်ဂျီဟတ်” ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

    မွတ်စလင်တွေဟာ ဟိန္ဒူအမျိုးသမီးတွေကို လက်ထပ်ကာ ဘာသာပြောင်းခိုင်းပြီး ဟိန္ဒူဘာသာကွယ်ပျောက်အောင် လုပ်ဆောင်နေတယ်လို့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက စွပ်စွဲပြီး ဒါကို “အချစ်ဂျီဟတ်” လို့ သူတို့ကိုယ်တိုင် အမည်ပေးထားတာ ဖြစ်ပါတယ်။ 

    အိန္ဒိယကိုအုပ်စိုးနေတဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရ ကိုယ်တိုင်က နိုင်ငံအတွင်း မွတ်စလင်တွေထံမှာ “အချစ်ဂျီဟတ်” လို စီမံကိန်းမျိုး မရှိဘူးလို့ ၀န်ခံထားပါတယ်။ 

    ပူရိုလာမှာတော့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက “အချစ်ဂျီဟတ်” ခေါင်းစဥ်ကို တွင်တွင်ကျယ်ကျယ်သုံးကာ မွတ်စလင်တွေကို မောင်းထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်။ 

    မေလ ၂၉ ရက်နေ့မှာ ဒီအဖွဲ့တွေက ဆန္ဒပြမှု ပြုလုပ်ကာ မွတ်စလင်တွေကို ရွာကနေ နှင်ထုတ်ဖို့ အစိုးရကို လူသိရှင်ကြား တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်ဟာ မွတ်စလင်တွေကို စော်ကားပြောဆိုမှုတွေလုပ်ကာ အိမ်တွေ၊ ဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ 

    “ကောင်လေးတွေကိုလည်း ဖမ်းထားပြီ။ ရဲကလည်း စုံစမ်းစစ်ဆေးနေပြီ။ ဒီလူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ။ အိမ်တွေ၊ ဆိုင်တွေကနေ ကျွန်တော်တို့ကို ထွက်သွားစေချင်ကြတာလား။ ကျွန်တော်တို့ ဘယ်သွားရမှာလဲ။ ဒီမှာ မျိုးဆက်ပေါင်းများစွာ ကျွန်တော်တို့ နေခဲ့ကြတာပါ” လို့ အမည်မဖော်လိုတဲ့ မွတ်စလင်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။ 

    ဇွန်လ ၁၅ ရက်နေ့မှာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေ အစည်းအ၀ေးတစ်ခု ကျင်းပဖို့ရှိနေပြီး ပူရိုလာရွာက မွတ်စလင်တစ်ချို့ကတော့ ရွာကနေ တိမ်းရှောင်နေကြပါတယ်။ 

    ပူရိုလာနဲ့ မ၀ေးတဲ့ ဘာရ်ကော့ရွာမှာလည်း ဒီလှုပ်ရှားမှု ကူးစက်သွားပြီး မွတ်စလင်တွေပိုင်တဲ့ ဆိုင်တစ်ချို့မှာ အလိုမရှိဆိုတဲ့ စာရွက်တွေ ကပ်ကာ ခြိမ်းခြောက်လာကြပါတယ်။ 

    အူတာရက်ဟန်းကို ဟိန္ဒူသီးသန့်ပြည်နယ်ဖြစ်လာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ အရင်ကတည်းက ရှိခဲ့ပြီး မွတ်စလင်တွေနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေကို အမြဲမပြတ် အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • မကြာခင် ရေနံလောင်းခံရတော့မယ့် မန်ချက်စတာ ယူနိုက်တက်

    မကြာခင် ရေနံလောင်းခံရတော့မယ့် မန်ချက်စတာ ယူနိုက်တက်

    ဇွန် ၁၄၊ ၂၀၂၃

    M-Media 


    -မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရေး ကမ်းလှမ်းမှုတွေထဲမှာ ကာတာဘီလီယံနာ ရှိခ် ဂျာဆင် ဘင် ဟာမဒ် အလ်-သာနီက အနိုင်ရသွားတယ်လို့ ဆိုပါတယ်။ 

    ရှိခ် ဂျာဆင်နဲ့ နီးစပ်တဲ့ ကာတာမီဒီယာ အလ်-၀သန် က ဒီသတင်းကို အင်္ဂါနေ့မှာ ဖော်ပြခဲ့တာပါ။ သက်ဆိုင်သူတွေက မကြာခင် လူသိရှင်ကြား ထုတ်ပြန်လိမ့်မယ်လို့လည်း ဆိုပါတယ်။ 

    မန်ယူအသင်းဖက်ကရော၊ ရှိခ် ဂျာဆင်ကိုယ်တိုင်ကပါ ဒီကိစ္စကို ပြောကြားခြင်း မရှိသေးပါဘူး။ 

    ဒီသတင်းထွက်လာပြီးနောက်ပိုင်း မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၁ ရာခိုင်နှုန်းလောက်အထိ တက်သွားပါတယ်။ 

    မန်ယူရဲ့ လက်ရှိပိုင်ရှင် ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာကတည်းက အသင်းကိုရောင်းဖို့ စီစဥ်ခဲ့တာပါ။ ရှိခ်ဂျာဆင်က ကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံနဲ့ အပြတ်၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဗြိတိန်လုပ်ငန်းရှင် ရက်ကလစ်ဖ်က ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ၀ယ်ဖို့ အဆိုပြုခဲ့ပါတယ်။ 

    Ref: CNBC 

  • စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    စစ်အာဏာသိမ်းမှု လ ၂၀ အတွင်း လူ ၆ ထောင်ကျော် သေဆုံး

    ဇွန် ၁၄၊ ၂၀၂၃

    M-Media


    -၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အရပ်သား ၆ ထောင်ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

    အချက်အလက်တွေကို အော်စလို အခြေစိုက် သုတေသနအဖွဲ့ Peace Research Institute of Oslo က စစ်တမ်းကောက်ယူ ထုတ်ပြန်တာ ဖြစ်ပါတယ်။ 

    “လူတွေထိခိုက်သေဆုံးမှု အရေအတွက်ဟာ အရင်က ထုတ်ပြန်ထားတာတွေထက် ပိုမိုများပြားနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ စစ်တပ်က အဓိကသတ်ဖြတ်တာဖြစ်ပြီး၊ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေရဲ့လက်မှာလည်း သွေးတော်တော်စွန်းထားပါတယ်” လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ စတိုင် တိုနက်ဆန်က ပြောပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံရေးကြောင့် သတ်ဖြတ်ခံရသူ ၆၃၃၇ ဦး ရှိပြီး၊ ဒဏ်ရာရသူက ၂၆၁၄ ဦး ရှိတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။ 

    ဒီအရေအတွက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ အရင်က ထုတ်ပြန်ထားတဲ့ ပမဏာထက် သိသိသာသာ များပြားနေတာ ဖြစ်ပါတယ်။ 

    သေဆုံးသူ ထက်၀က်လောက်ဖြစ်တဲ့ ၃၀၀၃ ဦးကို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ သတ်ဖြတ်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ သတ်ဖြတ်မှုက ၂၁၅၂ ဦး ရှိပါတယ်။ သာမန်ပြည်သူအချင်းချင်း သတ်ဖြတ်ခံရမှုဟာ ၁၂ ဦးရှိပြီး ၁၁၇၀ ဦးရဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရဘူးလို့ Peace Research Institute of Oslo အဖွဲ့က ဆိုပါတယ်။ 

    “မီဒီယာတွေကဖော်ပြတဲ့ အရေအတွက်ထက်ကို ပိုများပါတယ်။ ဒါတောင် စိတ်ချရတဲ့ မီဒီယာဖော်ပြချက်တွေကို အခြေခံပြီး ခန့်မှန်း တွက်ချက်ထားတာပါ။ သတင်းမထွက်လာတာတွေ ရှိတာကြောင့် အမှန်တကယ်အရေအတွက်ဟာ အခုထက်ပိုများမှာ အသေအချာပါပဲ”

    Ref: AFP 

  • ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ရူပီး-ကျပ် တိုးမြှင့်သုံးစွဲရန် အိန္ဒိယက စစ်ကောင်စီကို တွန်အားပေး

    ဇွန် ၁၃၊ ၂၀၂၃

    M-Media 


    -နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား ကျပ်-ရူပီး အပြန်အလှန်သုံးစွဲရေးကို မြန်မြန်အကောင်အထည်ဖော်ဖို့ အိန္ဒိယက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ 

    စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားအရန်ငွေ လျော့နည်းလာတဲ့ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးကို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ငွေကြေးနဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းလာတာပါ။ 

    စစ်ကောင်စီ ကုန်သွယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးရဲ့ လတ်တလောခရီးစဥ်မှာ ဒီလုပ်ငန်းစဥ်ကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ အိန္ဒိယဖက်က တိုက်တွန်းခဲ့ပါတယ်။ 

    လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုးလောက် ရှိနေပြီး ဒေသသုံးငွေကြေး အသုံးပြုနိုင်ရင် ဒီထက် ပမာဏ ပိုများလာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

    ကျပ်-ရူပီး သုံးစွဲရေးအတွက် မြန်မာဖက်က CB နဲ့ UAB ဘဏ်တို့ဟာ အိန္ဒိယဘဏ်မှာ ရူပီအကောင့် ဖွင့်ထားပြီး၊ ပြည်တွင်းက အခြားဘဏ်တွေလည်း ဒီလုပ်ငန်းစဥ်မှာ ပါ၀င်ဖို့ စစ်ကောင်စီက အလိုရှိနေတာ ဖြစ်ပါတယ်။ 

    Ref: Reuters