News @ M-Media

Blog

  • နေရပ်ပြန်ရေး သဘောတူထားသော်လည်း ရိုဟင်ဂျာရွာများ မီးရှို့ဖျက်ဆီးခံနေရဆဲဟု HRW ပြော

    နေရပ်ပြန်ရေး သဘောတူထားသော်လည်း ရိုဟင်ဂျာရွာများ မီးရှို့ဖျက်ဆီးခံနေရဆဲဟု HRW ပြော

    ဒီဇင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီချက် ရရှိပြီး ရက်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်နေရပ်ပြန်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာရွာတွေကို ဖျက်ဆီးမှုကို ကြည့်ရင် ဒုက္ခသည်တွေ အန္တရာယ်ကင်းစွာ နေရပ်ပြန်လာရေး ကတိက၀တ်ဟာ လူကြားကောင်းအောင်ပြောတာမျိုး ဖြစ်တယ်တယ်ဆိုတာ ပြသနေပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။

    အောက်တိုဘာကစလို့ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာအရေအတွက်ဟာ ၄၀ လောက်ရှိနေပြီး သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး စတင်ကတည်းကတွက်ရင် ၃၅၄ ရွာ ဖျက်ဆီးခံခဲ့ရတယ် လို့လည်း HRW က ဆိုပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်ပြန်လည်လက်ခံရေး သဘောတူညီချက်ကို နိုဝင်ဘာ နှောင်းပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မောင်တောမှာ လတ်တလော ရွာတွေ မီးရှို့ဖျက်ဆီးခံရမှုဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်ကြားမှာ ဖြစ်ပွားခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး HRW က ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်က ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ နေအိမ်မီးရှို့တာတွေ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေက ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ကလေးငယ်များအား အဓမ္မကျင့်သူကို ၆ လအတွင်းကွပ်မျက်ရန် အိန္ဒိယအမျိုးသမီးအဖွဲ့ တောင်းဆို

    ကလေးငယ်များအား အဓမ္မကျင့်သူကို ၆ လအတွင်းကွပ်မျက်ရန် အိန္ဒိယအမျိုးသမီးအဖွဲ့ တောင်းဆို

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ကလေးတွေကို အဓမ္မကျင့်တဲ့ တရားခံတွေကို ၆ လအတွင်း ကွပ်မျက်ဖို့အတွက် အမျိုသမီးအခွင့်အရေး ဆောင်ရွက်နေတဲ့အဖွဲ့က အိန္ဒိယက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

    ဒေလီအမျိုးသမီးရေးရာ ကော်မရှင် အကြီးအကဲ ဆွာတီ မာလီဝါလ်က သူတို့တောင်းဆိုချက်ကို စာရေးပြီး ၀န်ကြီးချုပ်မိုဒီထံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

    ဒီလိုတိုက်တွန်းမှုဟာ ၂၀၁၂ ခုနှစ်က အသက် ၂၃ နှစ်အရွယ် ဂျိုတီဆင်းဆိုတဲ့ ကျောင်းသူတစ်ယောက် ရက်ရက်စက်စက် အဓမ္မကျင့် အသတ်ခံရမှု ၅ နှစ်ပြည့် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    “ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြောင်းလဲတာ ဘာမှ မရှိပါဘူး။ ဒေလီဟာ မုဒိမ်းမြို့တော်ကြီးအဖြစ် ဆက်ရှိနေပါတယ်။ ပြီးခဲ့တဲ့လကလည်း အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်၊ အသက် ၇ နှစ်အရွယ်၊ နောက်ထပ် အသက် ၁ နှစ်ခွဲ ကလေးငယ်တွေကို အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ ဖြစ်ခဲ့ပါတယ်” လို့ မာလီဝါလ်က ပြောကြားခဲ့ပါတယ်။

    ဒေလီမှာ ပျမ်းမျှ တစ်နေ့ကို အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၃ ဦး အဓမ္မကျင့်ခံနေရတယ်လို့လည်း သူမက ဆိုပါတယ်။

    ဂျိုတီဆင်း အဓမ္မကျင့် သတ်ဖြတ်ခံရပြီးနောက်ပိုင်း လူထုက အုံကြွလာတဲ့အတွက်ကြောင့် အိန္ဒိယဟာ လျော့လျဲနေတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ပေမယ့် အဓမ္မကျင့်မှုအရေအတွက်ဟာ လျော့ကျသွားခြင်းမရှိဘူးလို့ မှတ်တမ်းတွေက ပြသနေပါတယ်။

    မာလီဝါလ်ရဲ့စာမှာ သူမက အပြစ်ရှိသူတွေကို လပိုင်းအတွင်း ကွပ်မျက်ဖို့ ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။

    ဂျိုတီဆင်းအမှုမှာ တရားခံတွေဟာ အပြစ်ရှိကြောင်း ၀န်ခံကာ သေဒဏ် ချမှတ်ခံရပေမယ့် အခုအအချိန်အထိ သူတို့ကို ကွပ်မျက်ခြင်း မရှိသေးပါဘူး။

    Ref: BBC

  • ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    အပူပိုင်း ကိုင်တက်မုန်တိုင်းဖြစ်ပြီး နိုင်ငံအလယ်ပိုင်း ဘီလီရန်ကျွန်းက မုန်တိုင်းဒဏ်ကို ပြင်းထန်းစွာ ခံစားခဲ့ရကာ သေဆုံးသူ ၂၆ ဦးအပြင် ၂၃ ဦး ပျာက်ဆုံးနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။

    မုန်တိုင်းကြောင့် ဓာတ်အားများ ပြတ်တောက်ကာ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရပြီး လူပေါင်း ၈၈၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ ဘီလီရန်ကျွန်းရှိ ဆိပ်ကမ်းများတွင် သောင်တင်နေသူမှာ ၁၅၀၀၀ ကျော် ရှိနေသည်။

    ဒေသတွင်း ရေလျှံမှုများလည်း ဖြစ်နေပြီး ကောက်ပံသီးနှံများ၊ အခြေခံအဆောက်အဦးများလည်း ပျက်ဆီးခဲ့သည်။

    Ref: CNA

  • တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများ ဖေဖော်ဝါရီလက ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ မြောက်ကိုရီးယားလက်ချက်ဖြစ်မည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ယုံကြည်နေသည်။

    ကမ္ဘာ့ ပဉ္စမမြောက်အကြီးဆုံး အိတ်ချိန်းဖြစ်သော Bithumb အိတ်ချိန်းရှိ Bitcoin နှင့် Ethereum တို့မှ ကန်ဒေါ်လာ အနည်းဆုံး ၇ သန်းဖိုး ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး အသုံးပြုသူ ၃၀၀၀၀ ၏ အချက်အလက်များလည်း ပါသွားခဲ့သည်။

    လက်ရှိတွင် ခိုးယူခံလိုက်ရသည့် ဒစ်ဂျစ်တယ်ငွေကြေးပမာဏမှာ ၈၂.၇ သန်းအထိ တန်ဖိုးတက်နေပြီ ဖြစ်သည်။

    နျူလက်နက်အစီအစဉ်ကြောင့် ပြုလုပ်ထားသည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် မြောက်ကိုရီးယားဟက်ကာများမှာ ဒစ်ဂျစ်တယ်ငွေကြေးများကို ပစ်မှတ်ထားနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆနေကြသည်။

    Bithumb အိတ်ချိန်းမှ ၀န်ထမ်းတစ်ဦး၏ ကွန်ပျူတာကို ပစ်မှတ်ထားကာ ဖေဖော်ဝါရီလက တိုက်ခိုက်မှုကိုဇွန်လကမှ တောင်ကိုရီးယားက သိရှိခဲ့သည်။

    ဟက်ကာများက ၎င်းတို့ ရယူသွားသည့် အသုံးပြုသူများ၏ အချက်အလက်များကို ကန်ဒေါ်လာ ၅.၅ သန်းပေး၍ ရွေးယူရန်နှင့် မရွေးပါက ဖျက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက စက်တင်ဘာလအတွင်း Coinis အိတ်ချိန်း ဆိုက်ဘာတိုက်ခိုက်ခံရမှု၏ နောက်ကွယ်တွင်လည်း မြောက်ကိုရီးယား ရှိနေမည်ဟု ယူဆနေသည်။ အောက်တိုဘာလက တိုက်ခိုက်ရန် ကြိုးစားမှုကို ဟန့်တားနိုင်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများအတွက် တောင်ကိုရီးယားက ဥပဒေပြဌာန်းမှုမျိုး မရှိသေးသော်လည်း တိုက်ခိုက်ခံရမှုများကြောင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် အစိုးရက စီစဉ်နေသည်။

    Ref: BBC