News @ M-Media

Blog

  • ဆော်ဒီတွင် နိုင်ငံ ၁၀၀ ကျော်မှ အလုပ်သမား ၁၁ သန်းရှိပြီး ထပ်မံစွဲဆောင်ရန် အစိုးရက ပြင်ဆင်နေ

    ဆော်ဒီတွင် နိုင်ငံ ၁၀၀ ကျော်မှ အလုပ်သမား ၁၁ သန်းရှိပြီး ထပ်မံစွဲဆောင်ရန် အစိုးရက ပြင်ဆင်နေ

    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၁ သန်းရှိပြီး ကမ္ဘာ့ အကြီးဆုံး နိုင်ငံခြားသား အလုပ်သမားဈေးကွက်တွင် ပါဝင်သော နိုင်ငံတစ်ခု ဖြစ်နေသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ယခုတစ်ပတ်အစောပိုင်းတွင် ဆော်ဒီ ကုန်သည်ကြီးများကောင်စီ၌ ပြုလုပ်သည့် အခမ်းအနားတွင် ဆော်ဒီ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များနှင့် ကိုလံဘိုမှ ကိုယ်စားလှယ် ၃၂ ဦးတို့အား ပြောကြားသော မိန့်ခွန်း၌ ဆော်ဒီ အလုပ်သမားနှင့် လူမှုဖွံ့ဖြိုးရေး ၀န်ကြီးဌာမှ အကြီးတန်းတာဝန်ရှိသူ အဒ်နန် ဘင် အဘ်ဒူလာ အလ်-နအင်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ နိုင်ငံခြားသား အလုပ်သမား ၁၁ သန်းမှာ ဆော်ဒီရှိ နယ်ပယ်အသီးသီးတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂၀၃၀ စီမံကိန်းကာလအတွင်း နိုင်ငံခြားသားအလုပ်သမားများကို ပိုမိုစွဲဆောင်သွားမည်ဟုလည်း နအင်းက ဆိုသည်။

    အလုပ်ခန့်အပ်သူများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်နှင့် နိုင်ငံခြားသားအလုပ်သမားများအကြား ခိုက်ရန်ဖြစ်ပွားမှုများ လျှော့ချရန်အတွက် ဥပဒေများ ပြဌာန်းရန် ဆော်ဒီ အလုပ်သမား ၀န်ကြီးဌာနမှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO)၊ အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည်။

    နအင်းက နိုင်ငံခြားအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ စာချုပ်ဖောက်ဖျက်ခံရခြင်း၊ လစာမရခြင်း၊ လစာနှောင့်နှေးခြင်းတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် နိုင်ငံတကာ သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီ ကုန်သည်ကြီးများကောင်စီတွင် ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော သီရိလင်္ကာ သံအမတ် အဇ်မီ သာဆင်မ်က နိုင်ငံခြားသား အလုပ်သမားများအပေါ် ဆော်ဒီအစိုးရ၏ ကာကွယ်ပေးမှုများအတွက် ချီးကျူးပြောဆိုခဲ့သည်။

    ဆော်ဒီတွင် သီရိလင်္ကာနိုင်ငံမှ အလုပ်သမား ၂ သိန်းကျော် ရှိနေပြီး တစ်ဝက်ခန့်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

    ဆော်ဒီမှာ ကမ္ဘာပေါ်တွင် တတိယမြောက် နိုင်ငံခြားသားအလုပ်သမား အများဆုံးရှိရာ နိုင်ငံဖြစ်သည်။

    Ref: Arabnews

  • ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့

    ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့

    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှန်တရားဟာ အပေးအယူလုပ်ရမယ့် ကိစ္စမဟုတ်ဘဲ ဒီလူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ မြန်မာအရပ်ဖက်၊ စစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဖွင့်ဟလိုက်ပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်ပြီးနောက်ပိုင်း မနေ့က ရောမကို ပြန်မယ့်အချိန်  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖရန်စစ်က ဒီလို ပြောကြားလိုက်တာပါ။

    မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့အတွက် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က တာဝန်ရှိတွေ တိုက်တွန်းခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီစကားလုံးကို မိန့်ခွန်းတွေမှာ အသုံးမပြုခဲ့ပါဘူး။

    ဒါ့ကြောင့် တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ပေမယ့် သူတို့တွေ ခံစားနေရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ အခွင့်အရေးတွေအကြောင်း ပြောခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

    “တရားဝင်မိန့်ခွန်းတွေမှာ ဒီစကားလုံးကို အသုံးပြုမယ်ဆိုရင် ကျွန်တော့်ကို စိတ်ကွက်မှာပါ။ ဒါ့ကြောင့် လူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခြေအနေတွေ၊ အခွင့်အရေးအကြောင်းတွေ၊ နိုင်ငံသားဖြစ်ရေးမှာ ဘယ်သူ့ကိုမှ ချန်ထားလို့ မရဘူး ဆိုတာလောက်ကိုပဲ ပြောခဲ့ပြီး သီးခြားတွေ့ဆုံမှုတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြန်ဖြေခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ ရိုဟင်ဂျာတွေဖက်က ရပ်တည်ခဲ့ပြီး သူတို့ရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တယ်ဆိုတာ ပြောကြားခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

    သောကြာနေ့က ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် မျက်ရည်ကျမိတယ်လို့လည်း ဖရန်စစ်က ဖွင့်ဟခဲ့ပါတယ်။

    တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်ဟာ စစ်ခေါင်းဆောင်တွေကို ကြာသာပတေးနေ့မှ တွေ့ဆုံဖို့ စီစဉ်ထားပေးမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ တနင်္လာနေ့ ညပိုင်းမှာပဲ ရန်ကုန်မှာ ပုပ်ရဟန်းမင်းကြီးကို လာရောက်တွေ့ဆုံခဲ့တာပါ။

    အရပ်ဖက်ခေါင်းဆောင်တွေကို မတွေ့ခင် စစ်ခေါင်းဆောင်တွေကို တွေ့ဆုံတာဟာ သံတမန်ကျင့်ဝတ်ကို ကျော်လွန်လုပ်ဆောင်ရာရောက်တယ်ဆိုတာ မိမိတို့ သိရှိကြောင်း ဗာတီကန်က ၀န်ခံခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုဟာ ကောင်းမွန်တယ်လို့ ပုပ်ရဟန်မင်းကြီးက ပြောပါတယ်။

    “ကောင်းမွန်တဲ့ ဆွေးနွေးမှုပါ။ အမှန်တရားနဲ့တော့ အပေးအယူမလုပ်ပါဘူး”

    အဲဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာဆိုတဲ့စကားလုံး သုံးခဲ့သလားဆိုတဲ့အမေးကိုတော့ “သူတို့ နားလည်သဘောပေါက်စေမယ့် စကားလုံးကိုတွေကို ရွေးသုံးခဲ့တယ်။ သူတို့နားလည်ပြီဆိုရင်တော့ ကျွန်တော် ပြောချင်တာကို ပြောဖို့ နောက်မတွန့်တော့ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အဲဒီအဖြေနောက်မှာ လက်တင်စကား Intelligenti Pauca ဆိုတာကို ဖရန်စစ်က ထည့်ပြောခဲ့ပြီး ‘အရိပ်ပြရင် အကောင်မြင်သူအတွက် စကားလုံးနည်းနည်းက လုံလောက်ပါတယ်’ ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေ မလိုလားတဲ့စကားလုံးကို အသုံးပြုခဲ့တယ်လို့ သွယ်ဝိုက်ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

    Ref: Reuters

  • နိုက်ဂျီးရီးယားဈေးတစ်ခုတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ နီးပါး သေဆုံး

    နိုက်ဂျီးရီးယားဈေးတစ်ခုတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ နီးပါး သေဆုံး

    ဒီဇင်ဘာ ၂၊ ၂၀၁၇
    M-Media

    – နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘီအူမြို့ရှိ ဈေးတစ်ခုတွင် ဘိုကိုဟရမ် အကြမ်းဖက်သမားများဟု ယူဆရသူများက အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၄၇ ဦးအနက် အများစုမှာ စိုးရိမ်ရသည့်အနေအထား ရှိနေသည်။

    နိုက်ဂျီးရီးယားရှိ လူစည်ကားသည့်နေရာများတွင် တိုက်ခိုက်မှုများကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က လုပ်ဆောင်လေ့ရှိပြီး ယခု လုပ်ရပ်မှာ ၎င်းတို့လက်ချက် ဖြစ်နိုင်သည်ဟု နိုက်ဂျီးရီးယား တာဝန်ရှိသူများက သုံးသပ်ကြသည်။

    ၂၀၀၉ ခုနှစ်မှစ၍ ဘိုကိုဟရမ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂ သိန်းခန့် သေဆုံးခဲ့ပြီး ၁.၇ သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုအဖွဲ့ကို နှိမ်နှင်းရန် နိုက်ဂျီးရီးယားစစ်တပ်က စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်နေသော်လည်း နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်က တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။

    ဧပြီလမှစ၍ ဘိုကိုဟရမ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နိုက်ဂျီးရီးယားတွင် သေဆုံးသူ ဦးရေမှာ အနည်းဆုံး ၄၀၀ ခန့် ရှိနေသည်ဟု Amnesty International က ထုတ်ပြန်ထားသည်။

    Ref: Aljazeera

  • ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဒဏ်ခံပြည်သူများအား ကူညီရန် လိုအပ်ငွေ စံချိန်တင်

    ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဒဏ်ခံပြည်သူများအား ကူညီရန် လိုအပ်ငွေ စံချိန်တင်

    ဒီဇင်ဘာ ၂၊ ၂၀၁၇
    M-Media

    ဆီးရီးယားမှ ကလေးငယ်များ

    – ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများကြောင့် အတိဒုက္ခခံစားနေရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ၂၀၁၈ခုနှစ်တွင် ကန်ဒေါ်လာ ၂၂.၅ ဘီလီယံ လိုအပ်မည်ဟု ကုလက ပြောကြားလိုက်ပြီး စံချိန်တင် ပမာဏလည်းဖြစ်သည်။

    တောင်ဆူဒန်၊ ဆီးရီးယား၊ အာဖဂန်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ဒုက္ခသည်များ အပါအ၀င် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁၃၅ သန်းမှာ အကူအညီများ လိုအပ်နေပြီး ယီမင်နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဆိုးဝါးဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရသည်။

    စစ်ပွဲများ ဖြစ်ပွားနေသည့် ယီမင်တွင် အစားအသောက် ပြတ်လတ်မှုနှင့် ၀မ်းရောဂါ ဖြစ်ပွားနေပြီး အကူအညီလိုအပ်နေသူမှာ ၂၂ သန်း ကျော် ရှိနေသည်။

    နိုက်ဂျီးရီးယားတွင် စစ်တပ်နှင့် လက်နက်ကိုင်အုပ်စုများအကြား တိုက်ခိုက်မှုများကြောင့် အမျိုးသမီးအများစုအပါအ၀င် လူပေါင်း ၁၄.၅ သန်းမှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည်။ အာဖရိကရှိ ပဋိပက္ခဖြစ်ပွားရာ အခြားနိုင်ငံတစ်ခုမှာ ကွန်ဂိုနိုင်ငံဖြစ်ပြီး လူပေါင်း ၁၃ သန်းကျော်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုးရွား
    သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

    ကုလက တောင်းဆိုသည့် ငွေပမာဏ၏ ၃ ပုံတစ်ပုံမှာ ၇ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံမှ ဆီးရီးယားပြည်သူ ၂၂ သန်းကျော်မှာ အကူအညီများ ပေးအပ်ရန် ဖြစ်သည်။

    အတိဒုက္ခရောက်နေသည့် လူပေါင်း ၁၃၅ သန်းမှ ၉၁ သန်းကိုသာ ကုလက ကူညီမည်ဖြစ်ပြီး လိုအပ်သည့် ၂၂.၅ ဘီလီယံကို အပြည့်အ၀ ရရှိရန်မှာ မလွယ်ကူပေ။

    ပြီးခဲ့သည့်နှစ်က ဒုက္ခသည်များကို ကူညီရန်အတွက် ကုလက တောင်းဆိုခဲ့သည့် ရန်ပုံငွေ၏ စုစုပေါင်း ၅၂.၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    Ref: Aljazeera

     

  • သုံးသွလားက် တစ်ကြိမ်တည်းပေးသူကို ထောင် ၃ နှစ်အထိ ချနိုင်မည့် ဥပဒေကို အိန္ဒိယ ပြဌာန်းမည်

    သုံးသွလားက် တစ်ကြိမ်တည်းပေးသူကို ထောင် ၃ နှစ်အထိ ချနိုင်မည့် ဥပဒေကို အိန္ဒိယ ပြဌာန်းမည်

    ဒီဇင်ဘာ ၂၊ ၂၀၁၇

    M-Media

    – သုံးသွလားက်ကို တစ်ကြိမ်းတည်းပေးကာ ကွာရှင်းတဲ့ မွတ်စလင်အမျိုးသားတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်မယ့် မွတ်စလင်အမျိုးသမီးများ ကာကွယ်ပေးရေး ဥပဒေတစ်ခု ပြဌာန်းဖို့ အိန္ဒိယနိုင်ငံက စီစဉ်နေတယ်လို့ သိရပါတယ်။

    အစ္စလာမ့်ထုံးတမ်းဥပဒေအရ ဇနီးမောင်နှံနှစ်ဦး သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းတာကို သွလားက်လို့ ခေါ်ပြီး ခင်ပွန်းဖြစ်သူက စောင့်ဆိုင်းကာလ ၂ ခုခြားက ၃ ကြိမ်ပေးရတာ ဖြစ်ပါတယ်။ ဒီစောင့်ဆိုင်းကာလအတွင်းမှာ နှစ်ဖက်မိဘတွေက ဇနီးမောင်နှံတွေအကြား ပြန်လည်သင့်မြတ်လာအောင် ဆောင်ရွက်ပေးရတာပါ။

    အိန္ဒိယမွတ်စလင်တွေဟာ အဲဒီစောင့်ဆိုင်းကာလ နှစ်ခုမခြားပဲ အီးမေးလ်ကနေဖြစ်စေ၊ ဖုန်းမက်ဆေ့ခ်ျကနေဖြစ်စေ သွလားက် တစ်ခါတည်း သုံးကြိမ်ပေး ကွာရှင်းမှုတွေ များလာတာကြောင့် မွတ်စလင်အမျိုးသမီးတွေ နစ်နာရမှု ဖြစ်လာခဲ့ပြီး အဲဒီဓလေ့ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ သြဂုတ်လမှာ အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုကွာရှင်းမှုတွေ ဆက်ဖြစ်နေတဲ့အတွက် ‘မွတ်စလင် အမျိုးသမီးများ၏ ထိမ်းမြားမှုဆိုင်ရာ အခွင့်အရေး ကာကွယ်မှုဥပဒေ’ ကို ပြဌာန်းဖို့ အိန္ဒိယအစိုးရက စီစဉ်လာခဲ့ပြီး လတ်တလောမှာ မူကြမ်းကို ပြည်နယ်အစိုးရတွေဆီ ပေးပို့ကာ အကြံပြုချက်တွေ တောင်းခံထားပါတယ်။

    မူကြမ်းမှာ သုံးသွလားက် ပုံစံအားလုံးကို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုအတိုင်း ပိတ်ပင်ထားပြီး ကွာရှင်းမှု စောင့်ဆိုင်းကာလအတွင်း ဇနီးသည်အတွက် စားရိတ်ပေးရေး၊ အုပ်ထိန်းသူတွေက ပြန်လည်သင့်မြတ်အောင် စီစဉ်ပေးရေးတွေ ပါဝင်ပါတယ်။ ဥပဒေချိုးဖောက်ပြီး သုံးသွလားက် တစ်ကြိမ်းတည်းပေးတဲ့ ခင်ပွန်းအနေနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာဖြစ်ပြီး ဇနီးသည်ကိုလည်း နစ်နာကြေးပေးရမယ်လို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဒီဇင်ဘာလ အလယ်ပိုင်းမှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဒီမူကြမ်းကို ဆွေးနွေးသွားမယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref : BBC