News @ M-Media

Blog

  • ဟူသီ-ဆော်ဒီကိစ္စ အီရန်ကိုအရေးယူရန် ကုလကို ကန်တိုက်တွန်း

    ဟူသီ-ဆော်ဒီကိစ္စ အီရန်ကိုအရေးယူရန် ကုလကို ကန်တိုက်တွန်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ယီမင်နိုင်ငံ ဟူသီသူပုန်တွေကနေတဆင့် အီရန်နိုင်ငံက စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်ကြောင်း အမေရိကန်မဟာမိတ် ဆော်ဒီက စွပ်စွဲပြောဆိုပြီးနောက် ၎င်းလုပ်ရပ်အပေါ် အရေးယူရန် ကုလသမဂ္ဂကို အမေရိကန်က တိုက်တွန်းလိုက်သည်။

    စနေနေ့ ရီယာ့ဒ်မြို့တော် နိုင်ငံတကာလေဆိပ်သို့ဦးတည်၍ အီရန်သည် ဟူသီတပ်စွဲထားသည့် နယ်မြေမှတဆင့် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်း အင်္ဂါနေ့က ထောက်ပြပြောဆိုခဲ့သည်။

    ဆော်ဒီမှာ ၎င်းဒုံးကျည်ကို ပစ်မှတ်သို့ မရောက်မီ နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့သည်။

    ဟူသီသူပုန်များကို ထောက်ပံ့ထားသည်ဟု ယုံကြည်ရသည့် အီရန်က ထိုဒုံးကျည် ပံ့ပိုးပေးခြင်းမရှိကြောင်းပြောပြီး ဆော်ဒီ၏ စွပ်စွဲချက်မှာ အရှိတရားနှင့် သွေဖည်နေကြောင်း ငြင်းဆိုခဲ့သည်။

    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က ယင်းဒုံးကျည်ကို ဟူသီတပ်ဖွဲ့တွေဆီ အီရန်က ထောက်ပံ့ထားကြောင်းနှင့် ရီယာဒ့်သို့ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မှာ အီရန်လက်ချက်ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

    “ယီမင်က ဟူသီသူပုန်တွေဆီ ဒီလိုလက်နက်မျိုး ထောက်ပံ့ပေးလိုက်ခြင်းဖြင့် အီရန်ဟာကုလသမဂ္ဂရဲ့ ပဋိညာဉ် စာချုပ်ပါ အချက်နှစ်ချက်ကို တစ်ပြိုင်တည်းချိုးဖောက်လိုက်ရာရောက်ပါတယ်” ဟု Haley က ပြောသည်။

    Ref : Aljazeera

  • ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ

    ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ

    M-Media
    နိုဝင်ဘာ ၁၁၊ ၂၀၁၇

    – ၂၀၁၅ ခုနှစ်တွင် ကွန်မန်ဒို ၄၄ ဦးသေဆုံးစေခဲ့သည့် ရဲတပ်ဖွဲ့စီနင်းမှုတစ်ခုနှင့်ပတ်သက်၍ သမ္မတဟောင်း ဘီနစ်ဂ်နို အကွီနိုအား ဖိလစ်ပိုင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

    သမ္မတဟောင်း အကွီနိုမှာ မင်ဒါနာအို၊ မာမာဆာပါနိုမြို့ရှိ ဗုံးထောင်သူဟု သံသယရှိသူအား ဖမ်းဆီးရန် အတည်ပြုချက်အတွက် တရားဝင်ခွင့်ပြုချက်များကို မရိုးမဖြောင့်နည်းဖြင့် အတင်းအဓမ္မအသုံးပြုခဲ့သည်ဟု ဌာနကဆိုသည်။

    အဆိုပါ စီးနင်းမှုအား ဦးဆောင်ရန် ၂၀၁၅ ခုနှစ်က အကျင့်ပျက်ခြစားမှုဖြင့် တာဝန်ရပ်နားထားခံရသည့် ရဲချုပ် Alan Purisima ကို တာဝန်ပေးခဲ့သည်။

    ထိုသို့ ၀င်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ကွန်မန်ဒိုများသည် တိုက်ခိုက်ရေးသမားအမြောက်အမြား ၀ိုင်းရံခံရကာ ပြင်းထန်သော သေနတ်ပစ်ခတ်မှုများဖြင့် အတုန်းအရုန်းကျဆုံးခဲ့ရသည်။

    ရဲအရာရှိများ သေဆုံးမှုက ဖိလစ်ပိုင်ပြည်သူများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်လာစေခဲ့သည်။

    ၎င်းအဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်း မိုရိုပြည်သူများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် အစိုးရနှင့် ညှိနှိုင်းဆွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ၂၀၁၀ မှ ၂၀၁၆ ထိ တာဝန်ထမ်းဆောင်ခဲ့သော အကွီနိုသည် အဆိုပါစီးနင်းမှုအား စီမံတာဝန်ပေးခြင်းကို ၎င်းကိုယ်တိုင် တိုက်ရိုက်မကိုင်တွယ်ခဲ့ဟု ကာကွယ်ပြောဆိုခဲ့သည်။

    မိမိအနေဖြင့် အစီအစဉ်ကို အစီရင်ခံရုံသာ သိခဲ့ရပြီး အတည်ပြုရန် မိမိ၏အမိန့် မလိုအပ်ဟု ဆိုသည်။

    Ref; Aljazeera

  • ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း

    ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ အလုပ်သမားရေးရာအဖွဲ့က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပမည့် ကာတာနိုင်ငံတွင် ပြည်ပအလုပ်သမားများအား မတရားပြုမူဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းမှုကို ပိတ်သိမ်းလိုက်ပြီး ကာတာ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် ချီးကျူးခဲ့သည်။

    တက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားသော နိုင်ငံတကာအလုပ်သမားသမဂ္ဂများက ကာတာနိုင်ငံသည် ဖီဖာဘောလုံးပြိုင်ပွဲကျင်းပရန် အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ရေးတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကျွန်သဖွယ် စေခိုင်းမှုများ ရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။

    ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ချုပ်က ကာတာအနေဖြင့် အလုပ်သမားများပေါ် အဓမ္မစေခိုင်းခြင်း ရှိ၊ မရှိနှင့် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေအရ လုံလောက်သော အကာအကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

    ယင်းအချိန်ကတည်းက ကာတာသည် အနည်းဆုံးလုပ်ခအပါအ၀င်၊ နေထိုင်စရာပေးရေး၊ တိုင်းပြည်မှ ထွက်ခွာမရအောင် ပြုလုပ်ထားခြင်းမျိုး မရှိစေရေး စသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သဘောတူခဲ့သည်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ကာတာက အလုပ်သမားများအနေဖြင့် လုပ်ခငွေများကို နေ့စား၊ သို့မဟုတ် တစ်လချင်းစီကို ကတ်စနစ်ဖြင့် ပေးချေသည့် လုပ်ခကာကွယ်ရေးစနစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကာတာသည် လူပြောခံရဆုံးဖြစ်သည့် kafala စနစ် (အလုပ်လုပ်ရန်၊ နေထိုင်ခွင့်ကျရန်၊ အလုပ်ပြောင်းရန် သို့မဟုတ် တိုင်းပြည်မှထွက်ခွာရန် မိမိဒေသမှ အာမခံပေးသူရှိရမည့်စနစ်) ကို ပယ်ဖျက်လိုက်ကြောင်း ကြေငြာခဲ့သည်။

    Ref; CNA

  • အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းများကို ဆော်ဒီပိတ်သိမ်း

    အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းများကို ဆော်ဒီပိတ်သိမ်း

    နိုင်ဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဇွန်လတွင် အရိုက်အရာမှ ဖယ်ပးခဲ့ရသည့် ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ်၏ ဘဏ်အကောင့်များကို ဆော်ဒီအစိုးရက ပိတ်သိမ်းလိုက်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    မိုဟာမက် ဘင် နာယက်နှင့် နီးစပ်သောဆွေမျိုးများ၏ ဘဏ်စာရင်းများကိုပါ ဆော်ဒီအာဏာပိုင်များက ပိတ်ပစ်ခဲ့သည်ဟု ရိုက်တာသတင်းဌာနနှင့် Wall Street ဂျာနယ်တို့က ဖော်ပြကြသည်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်ကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစီမံကိန်းကို စနေနေ့က စတင်ဆောင်ရွက်ခဲ့ပြီး မကြာခင် အိမ်ရှေ့မင်းသားဟောင်း၏ ဘဏ်စာရင်းပိတ်သိမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    ခြစားမှုတိုက်ဖျက်ရေးတွင် တော်ဝင်မျိုးနွယ်များ၊ အစိုးရအရာရှိများနှင့် သြဇာကြီးသော စီးပွားရေးလုပ်ငန်းရှင်များလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ငွေကြေးခ၀ါချခြင်းနှင့် လာဘ်စားမှုအပါအ၀င် စွပ်စွဲမှုပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။

    ထိန်းသိမ်းထားခံရသူများအနက် မင်းသား ၁၁ ယောက်၊ လက်ရှိဝန်ကြီး ၄ ဦးနှင့် ဝန်ကြီးဟောင်းများစွာ ပါဝင်ပြီး မမျှော်လင့်ထားသည့် အခြေအနေနှင့် ကြုံတွေ့ကာ ထိတ်လန့်နေကြသည်။

    ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်တွင် ပိတ်သိမ်းခံရသော ပြည်တွင်းဘဏ်စာရင်းများမှာ ၁၇၀၀ ကျော် ရှိနေပြီး ထပ်မံတိုးတက်လာဖွယ် ရှိနေသည်။

    Ref: Aljazeera

    (Photo- ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုာမက် ဘင် နာယက်ဖ်)

  • တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားသမ္မတ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး လက်မှတ်ရေးထိုးခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့သည့် သမ္မတ မွန်ဂျီအင်မှာ စီးပွားရေဖိုရမ်တစ်ခု မတက်ရောက်ခင် ထိုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း ထိုနေ့နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ယင်းသဘောတူညီချက်ထဲ၌ နှစ်ဖက်အစိုးရများ လက်မှတ်ရေးထိုးထားသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်ခုလည်း ပာဝင်သည်ဟု သမ္မတရုံးမှ ချုံ ဝေဒီက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကဏ္ဍတွင် ကန်ဒေါ်လာ ၁.၉ ဘီလီယံတန်သည့် နောက်ထပ် MOU ငါးခုကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

    Ref:CNA