News @ M-Media

ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံသူ ဗိုလ်စွဲ

နိုဝင်ဘာ ၂၀၊ ၂၀၁၇
M-Media

– တရုတ်နိုင်ငံ ကမ်းရိုးတမ်းမြို့ ဆန်ယာမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အလှမယ် (Miss World) ပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံသူ မနူရှီ ချာဟီလာဟာ အလှမယ်သရဖူရရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆေးကျောင်းသူ ချာဟီလာဟာ နာမည်ကြီး ဘောလီးဝုဒ်မင်းသမီးတွေဖြစ်ကြတဲ့ ပရီယန်ကာ ချောပရာ၊ အိုက်ရှ်ဝါယာရိုင်းတို့လို အိန္ဒိယက ကမ္ဘာ့အလှမယ်ဟောင်းတွေရဲ့ ခြေရာကို နင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

၆၇ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ Miss World ပြိုင်ပွဲမှာ အိန္ဒိယအလှမယ်တွေ သရဖူရရှိတာဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံနဲ့အတူ အအောင်မြင်ဆုံးနိုင်ငံအဖြစ် အိန္ဒိယက ရပ်တည်နေပါတယ်။

“ကျွန်မကို အားပေးတဲ့အတွက်၊ ချစ်ခင်တဲ့အတွက်၊ ဆုတောင်းပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ အိန္ဒိယနိုင်ငံအတွက်ပါ” လို့ ချာဟီလာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ချာဟီလာကို မနှစ်က ကမ္ဘာ့အလှမယ်ဟောင်း ပေါ်တိုရီကိုနိုင်ငံသူ စတီဖာနီ ဒဲလ် ဗာလီက သရဖူဆင်မြန်းပေးခဲ့ပါတယ်။ အင်္ဂလန်က စတီဖန်နီ ဟေးလ်နဲ့ မက္ကစီကိုက အန်ဒရီယာမီဇာတို့ဟာ ဒုတိယနဲ့ တတိယ အသီးသီး ရရှိခဲ့ပါတယ်။

ကမ္ဘာ့အလှမယ်ဘွဲ့ကို ပထမဆုံးရရှိခဲ့တဲ့ အိန္ဒိယနိုင်ငံသူက ရီတာ ဖာရီယာဖြစ်ပြီး ၁၉၆၆ ခုနှစ် လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အိုက်ရှ်ဝါယာရိုင်း၊ ၁၉၉၇ ခုနှစ်မှာ ဒိုင်ယာနာ ဟေဒန်၊ ၁၉၉၉ ခုနှစ်မှာ ပရီယန်ကာ ချောပရာနဲ့ ယူက်တာ မူခေးတို့က ကမ္ဘာ့အလှမယ်ဘွဲ့ေ
တွကို အသီးသီး ရရှိခဲ့ပါတယ်။

Ref: CNA