News @ M-Media

Blog

  • ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    ပိတ်မိနေသူများကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဉ်

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ရုပ်သံဌာနတစ်ခုကို ယနေ့တွင် လက်နက်ကိုင်များက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲဝတ်စုံဝတ်ဆင်ထားသူများမှာ ရုပ်သံဌာန ဂိတ်ပေါက်ဝတွင် ဗုံးခွဲကာ အတွင်းသို့ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးဘဲ ယခင်က ထိုကဲ့သို့ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ဖူးသည့် တာလီဘန်အဖွဲ့က ၎င်းတို့လက်ချက်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    စီးနင်းတိုက်ခိုက်မှုမှာ တစ်နာရီကြာ ဖြစ်ပွားခဲ့သည်။

    အာဖဂန်တွင် ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှုများမှာ မြင့်တက်လာခဲ့ပြီး မေလအတွင်းက နိုင်ငံအရှေ့ပိုင်း ဂျလာလာဘ်မြို့ရှိ တီဗီနှင့် ရေဒီယိုဌာနအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဂျာနယ်လစ် ၆ ဦး သေဆုံးခဲ့သည်။

    ၂၀၁၆ ခုနှစ်အတွင်း အာဖဂန်တွင် အနည်းဆုံး ဂျာနယ်လစ် ၁၃ ဦး အသတ်ခံခဲ့ရသည်။

    Ref: Aljazeera

  • ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှု ပထမအဆင့်သာရှိသေး

    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှု ပထမအဆင့်သာရှိသေး

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ဆော်ဒီ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးယူမှုတွေဟာ ရပ်တန့်မသွားသေးဘဲ ပိုမို ကျယ်ပြန့်လာပါတယ်။

    တနင်္ဂနွေနေ့မှာ တိုင်းပြည်ရဲ့ ထိပ်တန်း စီးပွားရေးသမားတွေ၊ တော်ဝင်အသိုင်းအ၀ိုင်းက မင်းသားတွေကို ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်ထားရုံသာမက ဆော်ဒီဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ လေယာဉ်မစီးရစာရင်း ထုတ်ပြန်တာတွေကိုလည်း လုပ်ခဲ့ပါတယ်။

    မနေ့က ဆော်ဒီရဲ့ အကြီးဆုံးခရီးသွားကုမ္ပဏီက ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နာဆာရ် ဘင် အကီလ် အလ်-တေယာကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

    ခြစားမှုစွဲချက်နဲ့ လက်ရှိဖမ်းဆီးထားသူတွေထဲမှာ မင်းသား ၁၁ ဦး၊ ၀န်ကြီး ၄ ဦး၊ ၀န်ကြီးဟောင်းအများအပြားပါဝင်ပြီး ဆော်ဒီရဲ့ မကြုံစဖူး ဆောင်ရွက်ချက်ဖြစ်ပါတယ်။

    မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကို သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက်က ကြီးကြပ်မယ်လို့ ဆော်ဒီဘုရင် ဆလ်မန်က စနေနေ့မှာ ကြေငြာခဲ့ပြီး ဒီကော်မရှင်ဟာ တိုင်းပြည်အတွင်း ခြစားမှုတိုက်ဖျက်ရေးအတွက်လို့ ဆိုပါတယ်။

    ဆလ်မန်ဟာ ဘုရင်ဖြစ်ပြီးနောက်ပိုင်း တူဖြစ်သူ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ်ကို ဖယ်ရှားကာ သူ့သားကို အိမ်ရှေ့မင်းသားနေရာကို ပေးခဲ့တာဖြစ်ပါတယ်။ အိမ်ရှေ့မင်းသားဖြစ်လာတဲ့ မိုဟာမက် ဘင် ဆလ်မန်ဟာ နိုင်ငံအတွင်းမှာရော ပြင်ပမှာပါ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဦးစားပေး ဆောင်ရွက်လာပါတယ်။

    ဆော်ဒီ ရှေ့နေချုပ် ရှိခ် စအွဒ် အလ်-မိုဂျက်ဘ်က လတ်တလော ခြစားမှုအတွက် အရေးယူမှုဟာ ပထမအဆင့်သာ ရှိသေးပြီး ဖမ်းဆီးထားသူတွေကို စစ်ဆေးမေးမြန်းနေကြောင်း၊ ဥပဒေရေးရာ ဘောင်မကျော်ဖို့နဲ့ တရားမျှတမှုကနေ သွေဖည်မသွားဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆင်ဆင်ခြင်ခြင် ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ ဆော်ဒီရဲ့ ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Kingdom Holding ကို ပိုင်ဆိုင်တဲ့ မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်၊ အမျိုးသားအစောင့်တပ်ဖွဲ့အကြီးအကဲ မင်းသား မီသာ့ဘ် ဘင် အဘ်ဒူလာ၊ စီးပွားရေးဝန်ကြီး အဒဲလ် ဖာကီဟ်တို့လည်း ပါဝင်ပါတယ်။

    သံသယရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့်တွေကို အစိုးရက ထိန်းချုပ်လိုက်ပြီး လေယာဉ်မစီးရတဲ့ စာရင်းကိုလည်း ထုတ်ပြန်လိုက်ကာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်လေယာဉ်တွေ မပျံသန်းရဆိုပြီး ဆော်ဒီလေဆိပ်တွေမှာ အမိန့်ထုတ်ထားပါတယ်။

    Ref: Aljazeera

  • ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ ဆော်ဒီမြို့တော် ရီယာ့ဒ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်သည်ဟု ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ စွပ်စွဲပြောကြားမှုကို အီရန်က ပယ်ချလိုက်သည်။

    တနင်္လာနေ့တွင် ထုတ်ပြန်သောကြေညာချက်၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရန် ကာစီမီက စနေနေ့နှောင်းပိုင်း ဟူသီများ၏ ဒုံးကျည်ပစ်လွှတ်မှုတွင် အီရန်က တာဝန်ရှိသည်ဟူသော ပြောကြားချက်မှာ အငြိုးထားသော၊ တာဝန်မယူသော၊ ဖျက်လိုဖျက်ဆီးလုပ်လိုသော၊ ရန်မူလိုသောလုပ်ရပ် ဖြ
    စ်သည်ဟု ပြောကြားခဲ့သည်။

    “ယီမင်တွေရဲ့ တုန့်ပြန်မှုဟာ သူ့ဟာသူလုပ်တာဖြစ်ပြီး ဆော်ဒီရဲ့ ကျူးကျော်ရန်စမှု ရလဒ်ဖြစ်ပါတယ်။ ဒါဟာ အခြားနိုင်ငံတစ်နိုင်ငံက လုပ်တာမျိုး မဟုတ်ပါဘူး” ဟု ကာစီမီက ဆိုသည်။

    ဆော်ဒီက အဆိုပါတိုက်ခိုက်မှုတွင် အီရန်ပါဝင်ကြောင်း အထောက်အထားရှိသည်ဟု ဆိုပြီး အီရန်က ထိန်းချုပ်ထားသော ဟူသီစစ်သွေးကြွများ၏ ဆိုးရွားယုတ်မာသော ရန်ပြုမှုဟု ခေါ်ဆိုရှုတ်ချခဲ့ပြီးနောက် ကာစီမီ၏ ယခု တုန့်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ဆော်ဒီကထုတ်ပြန်သော ကြေငြာချက်တွင် ထိုပစ်ခတ်မှုမှာ စစ်ကြေငြာမှု ဖြစ်နိုင်သည်ဟုဆိုပြီး အီရန်၏ အခန်းကဏ္ဍနှင့် ဟူသီများ၏ တစ်ဖက်လှည့်ဖြင့် ချုပ်ကိုင်ထားသောကြောင့် ယခုကိစ္စမှာ အီရန်၏ ကျူးကျော်ရန်စမှုဖြစ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ယင်းဒုံးကျည်များ ဟူသီသူပုန်များထံ မည်သို့ခိုးသွင်းလာသည်ကို သိရှိနိုင်ရန် စုံစမ်းမှုပြုလုပ်စဉ် ယီမင်နိုင်ငံ ကုန်းလမ်း၊ လေကြောင်းလမ်း၊ ပင်လယ်ဆိပ်ကမ်းများအားလုံးကို ပိတ်ဆို့ထားမည်ဟုလည်း ဆော်ဒီက ပြောကြားခဲ့သည်။

    Ref : Aljazeera

  • တက္ကဆက်ခရစ်ယာန်ဘုရားကျောင်းပစ်ခတ်မှု ယောက္ခမကို မကျေနပ်ရာမှ အစပြု

    တက္ကဆက်ခရစ်ယာန်ဘုရားကျောင်းပစ်ခတ်မှု ယောက္ခမကို မကျေနပ်ရာမှ အစပြု

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့က တက္ကဆက်ပြည်နယ် ဆူသာလန်း စပရင်း တောမြို့လေးက ခရစ်ယာန်ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ယောက္ခမကို မကျေနပ်ရာကနေ ဖြစ်လာတယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒီဗင် ပက်ထရစ် ကီလီဆိုတဲ့ အသက် ၂၆ နှစ်အရွယ် လူဖြူအမျိုးသားဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက် ၀တ်ပြုဆုတောင်းနေတဲ့အချိန် ၀င်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၈ လကနေ ၇၁ နှစ်အရွယ် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

    ပက်ထရစ်ကီလီရဲ့ ယောက္ခမဟာ အခင်းဖြစ်ပွားတဲ့ First Baptist ဘုရားကျောင်းကို တစ်ခါတစ်ရံမှာ သွားတက်လေ့ရှိပြီး အဲဒါနဲ့ပတ်သက်လို့ ပက်ထရစ်ကီလီက ခြိမ်းခြောက်စာတွေပို့တယ်လို့လည်း ဆိုပါတယ်။

    “ဒီဘုရားကျောင်းကိုတက်တဲ့ သူ့ယောက္ခမကို မကျေနပ်ကြောင်း ပြောတာတွေရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါဟာ မိသားစုတစ်ခုအတွင်းမှာ ဖြစ်ပွားတဲ့ ကိစ္စပါ” လို့ တက္ကဆက် အများပြည်သူလုံခြုံရေးဌာနက ဖရီးမန်းမာတင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကီလီရဲ့ မိန်းမဖက်က ညီအစ်ကိုမောင်နှမတွေဟာ ဒီဘုရားကျောင်းကို ပုံမှန်တက်လေ့ရှိပေမယ့် အခင်းဖြစ်တဲ့နေ့က ဘယ်သူမှ လာရောက်ခြင်း မရှိပါဘူး။

    ရဲတပ်ဖွဲ့က ဘုရားကျောင်းအပြင်ဘက်မှာ ကီလီကို ပစ်ခတ်နိုင်ခဲ့ပြီး နောက်ပိုင်း ကားထဲမှာ သေဆုံးနေတာကို တွေ့ရကြောင်း၊ ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးသွာတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အလောင်းခွဲစိပ်စစ် ဆေးမှု ရလဒ်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    ကီလီမှာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် မရှိဘဲ ဘုရားကျောင်းမှာ ရိုင်ဖယ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး သူ့ကားပေါ်မှာ နောက်ထပ် ပစ္စတို ၂ လက်ကို တွေ့ခဲ့ရပါတယ်။ အမေရိကန်လေတပ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့အထိ ကီလီဟာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပစ်ခတ်မှုဟာ စိတ်ကျန်းမာရေးပြဿနာကြောင့်ဖြစ်တယ်လို့ ပြောပေမယ့် ပက်ထရစ်ကီလီမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ ဆေးမှတ်တမ်းမျိုး မရှိပါဘူး။

    သေဆုံးသူ ၂၆ ဦးထဲမှာ အသက် ၁၈ လအရွယ်အပါဝင် ကလေးငယ်တစ်ချို့နဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပါဝင်ပါတယ်။

    ဒဏ်ရာရသူကတော့ ၂၀ လောက်ရှိပြီး ၁၀ ဦးဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ သင်းအုပ်ဆရာရဲ့ အသက် ၁၄ နှစ်အရွယ် သမီးလည်း ပါဝင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သင်းအုပ်ဆရာနဲ့ ဇနီးဖြစ်သူတို့ ဘုရားကျောင်းထဲမှာ ရှိမနေပါဘူ။

    Ref: Aljzeera

  • ရခိုင်ပြည်နယ်ကိစ္စ လုံခြုံရေးကောင်စီက တရားဝင်ကြေငြာချက်ထုတ်

    ရခိုင်ပြည်နယ်ကိစ္စ လုံခြုံရေးကောင်စီက တရားဝင်ကြေငြာချက်ထုတ်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    လုံခြုံရေးကောင်စီ အစည်းအဝေး

    – ရခိုင်ပြည်နယ်မှာ စစ်တပ်က အင်အားအလွန်အကျွံအသုံးချမှုကို ဆက်လက်လုပ်ဆောင်မှုမပြုဖို့အတွက် ကုလ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ တရားဝင်ကြေငြာချက်မှာ ဒီလို တိုက်တွန်းလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ လူမျိုးစုလိုက်သုတ်သင်မှုရဲ့ နမူနာဖြစ်နေကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ဗီတိုအာဏာ ကိုင်ထားကြတဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ ကန့်ကွက်မှုကို ရှောင်လွှဲလိုတဲ့အတွက် ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခုထွက်လာဖို့ တွန်းအားမပေးခဲ့တဲ့ တရားဝင်ကြေငြာချက်တစ်ခုကိုသာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် လုံခြုံရေးတပ်ဖွဲ့တွေအပါအ၀င် အုပ်စုတွေက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုအတွက် အလွန်အမင်း စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

    “ရခိုင်ပြည်နယ်မှာ အင်အား အလွန်အကျွံအသုံးပြုတာမျိုး ဆက်မလုပ်ဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်အသက်သွင်းဖို့၊ တရားဥပဒေစိုးမိုးရေး လုပ်ဖို့၊ လူအခွင့်အရေးကို လေးစားရမယ်ဆိုတဲ့ တာဝန်တွေ၊ ကတိက၀တ်တွေနဲ့အညီ လုပ်စရာရှိတာတွေ ချက်ခြင်းလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို တိုက်တွန်းပါ
    တယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ငြင်းဆိုထားပါတယ်။

    အဲဒီမတည်ငြိမ်မှုအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    “တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာတာ၊ လူ့အခွင့်အရေးကို လေးစား မြှင့်တင် ကာကွယ်ပေးတာတွေကနေတစ်ဆင့် ပြည်သူတွေကို ကာကွယ်ပေးဖို့ဟာ မြန်မာအစိုးရရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ ကုလ လုံခြုံရေးကောင်စီက အလေးအနက်ထား ပြောကြားချင်ပါတယ်”

    လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အရေးကြီးကြောင်း၊ ကုလလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ သဘောတူညီချက်တွေ၊ နည်းလမ်းတွေနဲ့အညီ ဆောင်ရွက်သွားဖို့လိုကြောင်း လုံခြုံရေးကောင်စီက ထည့်သွင်း ပြောကြားခဲ့ပါ
    တယ်။

    ရခိုင်ပြည်နယ်အတွင်း ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက ၀င်ရောက်ခွင့်မပေးဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာနေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်မယ်လို့ ပြောကြားပါတယ်။

    ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုအခြေအနေ လျင်လျင်မြန်မြန် ပျက်ယွင်းလာမှုအတွက် စိုးရိမ်မိပြီး ဒုက္ခသည်တွေ မြင့်တက်လာမှုက ဒေသတည်ငြိမ်ရေးကို ထိခိုစေမယ်လို့လည်း လုံခြုံရေးကောင်စီက ပြောကြားခဲ့ပါတယ်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ချက်ခြင်းဝင်ရောက်ခွင့်ပေးဖို့ ကြေငြာချက်မှာ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီး၊ ဒီအခြေအနေနဲ့ပတ်သက်လို့ ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံစာတင်ဖို့ အထွေထွေအတွင်းရေးမျူး အန်တိုနီယို ဂူတာရက်စ်ကိုလည်း တောင်းဆိုခဲ့ပါတယ်။

    Ref: Reuters