News @ M-Media

စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ဇင်ဘာဘွေသမ္မတ လူမြင်ကွင်းထွက်

နိုဝင်ဘာ ၁၇၊ ၂၀၁၇
M-Media

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသည့် မူဂါဘီ

– ဗုဒ္ဓဟူးနေ့က စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည့် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီမှာ ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့မှောက်သို့ ထွက်လာခဲ့သည်။

မြို့တော် ဟာရာရီရှိ Zimbabwe Open တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ပြီး လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာချထားသည့် မူဂါဘီကို ပရိတ်သတ်များက သြဘာပေးခဲ့ကြသည်။

ဇင်ဘာဘွေစစ်တပ်မှာ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပိုင် ZBC ရုပ်သံဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်ခဲ့ပြီး မူဂါဘီနှင့် မိသားစုကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ သို့သော်လည်း အာဏာသိမ်းခြင်းမဟုတ်ဟု ပြောဆိုခဲ့သည်။

စစ်တပ်က ZBC မှတစ်ဆင့် ယနေ့ထုတ်ပြန်သော ကြေငြာချက်တွင် စစ်ခေါင်းဆောင်များမှာ မူဂါဘီနှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေပြီး သမ္မတ မူဂါဘီ၏ ပတ်ဝန်းကျင်တွင်ရှိနေသော ရာဇ၀တ်ကောင်များကို ဖယ်ရှားရာတွင် တိုးတက်မှုများ ရှိနေကြောင်း၊ ရလဒ်ကို တတ်နိုင်သမျှမြန်မြန် နိုင်ငံအား ကြေငြာသွားမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။

Ref: Aljazeera