News @ M-Media

Blog

  • ဆန့်ကျင်မှုတွေကြားက အိန္ဒိယရဲ့ လွှတ်တော်သစ်ဖွင့်ပွဲ

    ဆန့်ကျင်မှုတွေကြားက အိန္ဒိယရဲ့ လွှတ်တော်သစ်ဖွင့်ပွဲ

    မေ ၂၈၊ ၂၀၂၃

    M-Media 


    -အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ ဒီကနေ့မှာ လွှတ်တော်အဆောက်အအုံသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ 

    ဗြိတိသျှလက်ထက်က ဆောက်လုပ်ခဲ့ပြီး မနှစ်ကအထိ အသုံးပြုခဲ့တဲ့ လွှတ်တော်ဟောင်းရဲ့ အရှေ့မှာ လွှတ်တော်သစ်ကို ဆောက်လုပ်ထားတာပါ။ 

    လွှတ်တော်ဟောင်းကို ပြတိုက်အဖြစ် ထားရှိမှာ ဖြစ်ပါတယ်။ 

    လွှတ်တော်သစ်ဖွင့်ပွဲမှာ နိုင်ငံဦးသျှောင် သမ္မတ ဒရူပါဒီ မာရ်မူကို နေရာမပေးတာနဲ့ ဟိန္ဒူလူမျိုးကြီး၀ါဒီ ဗီဒီ ဆာဗာရ်ကာရဲ့ မွေးနေ့မှာ ဖွင့်ပွဲလုပ်တာတွေကြောင့် အဓိက အတိုက်အခံ ကွန်ဂရက်ပါတီအပါအ၀င် အတိုက်အခံပါတီ ၁၉ ခုက ဒီဖွင့်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ 

    အိန္ဒိယ နပန်းသမားများအဖွဲ့က ဒီကနေ့မနက်ပိုင်း လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးနှိမ်နှင်းတာတွေ လုပ်ခဲ့ပါတယ်။ 

    လွှတ်တော်သစ်အတွက် ကန်ဒေါ်လာ ၁၁၇ သန်း ကုန်ကျခဲ့ပါတယ်။ အောက်လွှတ်တော်ကို အိန္ဒိယ အမျိုးသား အမှတ်သညာဖြစ်တဲ့ ဒေါင်းပုံစံ၊ အထက်လွှတ်တော်ကို ကြာပွင့်ပုံစံ ဖန်တီးထားပါတယ်။ 

    Ref: BBC 

  • ရင်ထဲမှာ ပန်းတွေ ပွင့်မနေပါဘူး

    ရင်ထဲမှာ ပန်းတွေ ပွင့်မနေပါဘူး

    ရာသီကုန် ရလဒ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ သိပ်ပြီး ကျေနပ်တာတော့ မဟုတ်ပါဘူး။ အချိန်နည်းနည်းကြာသွားလို့ နေသာထိုင်သာရှိသွားရင် ရလဒ်ကိုသုံးသပ်ပြီး ဂုဏ်ယူမိချင်လည်း မိလိမ့်မယ်။ အခုကတော့ တော်တော် ခံစားနေရပါတယ်။  

    ရာသီတစ်လျှောက်လုံးရှိခဲ့တဲ့ ကျွန်တော်တို့အဆင့်နဲ့ဆိုရင် ဒုတိယနေရာဟာ ကျေနပ်စရာ မဟုတ်ပါဘူး။ ရာသီမစခင် အနေအထားမျိုးနဲ့က ဒုတိယနေရာရတာဟာ အောင်မြင်မှု ဖြစ်ပေမယ့် ထိပ်ဆုံးရောက်နေမှတော့ ချန်ပီယံ ဖြစ်ချင်တာပေါ့။ ဒီအတွက် စိတ်ပျက်တာက ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်။ 

    မာတင် အိုဒီဂတ် (အာဆင်နယ် ကွင်းလယ်လူ)

  • မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များကို ဓားစားခံလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်လာသည့် အိန္ဒိယအစိုးရ

    မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များကို ဓားစားခံလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်လာသည့် အိန္ဒိယအစိုးရ

    မေ ၂၆၊ ၂၀၂၃

    M-Media 


    -မကြာသေးခင်က မဏိပူရပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက၀င်လာတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေအပေါ် ၀ေဖန်ပြစ်တင်လာပါတယ်။ 

    မဏိပူရပြည်နယ်ဟာ လူမျိုးစုံတဲ့ပြည်နယ် ဖြစ်ပါတယ်။ ဟိန္ဒူလူများစုမှာ ပါ၀င်တဲ့ ကသည်းလူမျိုးတွေက နိုင်ငံရေးကို စိုးမိုးထားပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတဲ့ နာဂနဲ့ ကူကီးလူမျိုးတွေက လူနည်းစုတွေ ဖြစ်ပါတယ်။

    ကူကီးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးတွေနဲ့ သွေးနီးပြီး စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်ကြတဲ့ ချင်းလူမျိုးတွေကို ကူညီသူတွေလည်း ဖြစ်ပါတယ်။

    ကသည်းလူမျိုးတွေက ပြည်နယ်တွင်းမှာ ရှိနေတဲ့ လူနည်းစု တိုင်းရင်းသားတွေနည်းတူ အထူးအခွင့်အရေး ပိုတောင်းတာကို လူမျိုးစုတွေက ကန့်ကွက်ရာကနေ ဧပြီနဲ့ မေလအတွင်း မဏိပူရမှာ လူမျိုးရေးအဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    နှစ်ဖက်လူ့အဖွဲ့အစည်းမှာ အနည်းဆုံး လူ ၇၀ လောက် သေဆုံးခဲ့ပြီး ၄၈၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေ တော်တော်များများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အုပ်စိုးတဲ့ အိန္ဒိယအစိုးရက ဒီပြဿနာမှာ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ချင်းလူမျိုးတွေ အဓိကပါ၀င်တယ်လို့ ပြစ်တင်ပြောဆိုပါတယ်။

    “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်တွေ အများအပြား၀င်လာပြီး ပြည်တွင်းမှာ ပြဿနာတွေဖြစ်အောင် ဖန်တီးတာကို ကျွန်တော်တို့ ပထမဆုံး မြင်ရတာပါ” လို့ BJP အစိုးရရဲ့ ပြည်ထဲရေး၀န်ကြီးဟောင်း၊ အိန္ဒိယ အရှေ့မြောက်ပိုင်းဆိုင်ရာ တွဲဖက်အတွင်းရေးမှူးဟောင်း Gopal Krishna Pillai က ပြောပါတယ်။ 

    မဏိပူရပြည်နယ်အစိုးရကို BJP ပါတီ၀င် ကသည်းလူမျိုးတွေက လွှမ်းမိုးထားပါတယ်။ 

    “မြန်မာပြည်က ဒုက္ခသည်တွေလို့ ခေါ်ရင် ကျွန်တော်တို့ အရမ်းစိတ်ဆိုးတယ်။ ဒီပြဿနာကို နိုင်ငံရေးအမြတ်ထုတ်ဖို့ အဲဒီလို ခေါ်ကြတာ။ နိုင်ငံတကာကိစ္စဖြစ်အောင်လုပ်မယ်။ ပြီးရင် အစိုးရက ကျွန်တော်တို့ကို အရေးယူမှာပါ” လို့ ကသည်းလူအုပ်စု တိုက်ခိုက်မီးရှို့မှုကြောင့် ပြည်နယ်မြို့တော် အင်ဖာလ်ကနေ ထွက်ပြေးလာရတဲ့ ကူကီးလူမျိုး Letminlal Hoakip က ပြောပါတယ်။ 

    လွှတ်တော်အမတ်ဟောင်း Kim Gangte ကလည်း အဓိကရုဏ်းကြောင့် အင်ဖာလ်ကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒီပြဿနာကို ပိုဆိုးလာအောင် BJP အစိုးရက ဖန်တီးတာလို့ သူမက ဆိုပါတယ်။ 

    “ဘာသာရေးလွတ်လပ်ခွင့်ကို လူတိုင်းခံစားနိုင်ရမယ့် အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမျိုးမှာ ခရစ်ယာန်ဘုရားကျောင်း ၂၀၀ ကျော် ဘာဖြစ်လို့ မီးရှို့ခံလိုက်ရတာလဲ။ မီဒီယာမှာ သူတစ်ပြန်ကိုယ်တစ်ပြန် စွပ်စွဲပြောဆိုနေကြတဲ့ လူ့အဖွဲ့အစည်းရဲ့ ဒေါသတွေ ပြေပျောက်အောင် အစိုးရခေါင်းဆောင်တွေက ကြိုတင်တားဆီးမှု မရှိတာဟာ ၀မ်းနည်းစရာပါပဲ” 

    မြန်မာနိုင်ငံက ၀င်လာတဲ့ ချင်းတွေဟာ မဏိပူရက ကူကီးတွေနဲ့ပေါင်းပြီး ဘိန်းစိုက်တာ၊ ဘိန်းရောင်း၀ယ်တာတွေ လုပ်နေတယ်လို့ မဏိပူရပြည်နယ် ၀န်ကြီးချုပ်က မတ်လအတွင်းမှာ ပြောကြားဖူးပါတယ်။

    နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက BJP အစိုးရဟာ လူမျိုးစုတွေကို ဓားစာခံလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ သုံးသပ်ပါတယ်။ 

    “အခုဆိုရင် ကူကီးတွေကို ခိုး၀င်လာသူတွေလို့ တံဆိပ်ကပ်ဖို့ ပိုလွယ်သွားပြီ။ နယ်ခြားမသတ်မှတ်ခင် နှစ်ရာပေါင်းများစွာကတည်းက ကူကီးတွေဟာ မဏိပူရမှာ နေထိုင်ခဲ့ကြတာပါ” လို့ ဒေလီအခြေစိုက် သုတေသနအဖွဲ့ Center for Policy Research က ကျွမ်းကျင်သူ  Angshuman Choudhury က ပြောပါတယ်။ 

    အဓိကရုဏ်းလေ့လာရေး အဖွဲ့အ၀င်တစ်ဦးအဖြစ် မဏိပူရကို အခုလအတွင်း သွားရောက်လေ့လာခဲ့တဲ့ အတိုက်အခံ Indian National Congress ပါတီက Ajoy Kumar ကလည်း BJP အစိုးရဟာ လူ့အဖွဲ့အစည်းတွေအကြား အကွဲအပြဲတွေဖြစ်အောင် ဖန်တီးနေတယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    “အထူးအခွင့်အရေးရ လူမျိုးစုစာရင်းမှာပါ၀င်တဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ခိုး၀င်၊ မူးယစ်ရာဇာ၊ ဘိန်းစိုက်သူတွေလို့ ကင်းပွန်းတပ်ခံလာရပါတယ်” 

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၀င်လာတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေကို နှိမ်နှင်းဖို့အတွက် ကသည်းလူမျိုးတွေက တောင်းဆိုတာကြောင့် မဏိပူရအစိုးရဟာ ဒုက္ခသည်တွေ နေထိုင်တဲ့ နေရာတွေကို ဖျက်ဆီးရှင်းလင်းတာ၊ မောင်းထုတ်တာတွေ လုပ်လာပါတယ်။ 

    ပြည်နယ်လွှတ်တော်မှာ ရှိနေကြတဲ့ ကူကီးလွှတ်တော်အမတ်တွေက အဓိကရုဏ်းတွေ၊ BJP ရဲ့ လူမျိုးရေး အမြတ်ထုတ်မှုတွေကြောင့် ကူကီးတွေကို ပြည်နယ်သီးသန့်ခွဲထုတ်ကာ အုပ်ချုပ်ရေးထားရှိဖို့ ဗဟိုအစိုးရကို တောင်းဆိုမှု ပြုလုပ်ထားပါတယ်။

    Ref: Washington Post 

  • ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    မေ ၂၅၊ ၂၀၂၃

    M-Media


    -၁၉၄၈ ခုနှစ် ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်စဥ် လူအမြောက်အများ သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာသစ် အနည်းဆုံး ၃ ခုကို တွေ့ရှိထားတယ်လို့ သုတေသန အဖွဲ့က ပြောပါတယ်။ 

    ယနေ့ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့အနီးက တန်တူရာလို့ခေါ်တဲ့ ရွာမှာဖြစ်ပါတယ်။ တန်တူရာဟာ ၁၉၄၈ ခုနှစ် မတိုင်ခင်က ပါလက်စတိုင်း ၁၅၀၀ လောက် နေထိုင်တဲ့ ရွာတစ်ခုပါ။ 

    ၁၉၄၈ ခုနှစ်မှာ နောက်ပိုင်း အစ္စရေးစစ်တပ်ဖြစ်လာမယ့် ဂျူးလက်နက်ကိုင်အဖွဲ့က ဒီရွာကို ၀င်ရောက်တိုက်ခိုက်ပြီး ပါလက်စတိုင်းတွေကို မောင်းထုတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နည်းဆုံး လူ ၂၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

    တန်တူရာရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေကို သုတေသနအဖွဲ့အစည်းတွေက ရှာဖွေနေတာ ကြာပါပြီ။ 

    လန်ဒန်အခြေစိုက် Forensic Architecture သုတေသနအဖွဲ့တစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေ၊အသက်ရှင်ကျန်ရစ်သူတွေ၊ ပါလက်စတိုင်းကို ဗြိတိသျှအုပ်စိုးစဥ်က မှတ်တမ်းတွေကနေတစ်ဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာ ၃ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    ၂ ခုက တန်တူရာရွာ ကမ်းခြေက ကားပါကင်မှာဖြစ်ပါတယ်။

    ကျန်ရစ်သူ မိသားစုတွေ ရုပ်ကြွင်းတွေကို တူးဖော်သင်္ဂြိုဟ်ခွင့် ရနိုင်ရေးအတွက် တွေ့ရှိထားတဲ့ အထောက်အထားတွေကို Forensic Architecture အဖွဲ့က အစ္စရေးအာဏာပိုင်တွေထံ တင်ပြသွားဖို့ ရှိနေပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေက ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ချိန် ပါလက်စတိုင်းမြို့ရွာပေါင်း အနည်းဆုံး ၅၀၀ လောက် ဖျက်ဆီးခံခဲ့ရပြီး လူ ၇ သိန်းခွဲလောက် နေရပ်ကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ 

    Ref: Arab News 

  • ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရန်ခေါင်းစဥ်ဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

    ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရန်ခေါင်းစဥ်ဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

    မေ ၂၅၊ ၂၀၂၃

    M-Media


    -ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး စီစဥ်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပါတယ်။ 

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၉၇၀ လောက်ကစပြီး မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ နေရပ်က အဓမ္မမောင်းထုတ်မှုတွေကို ခံခဲ့ရတာပါ။ 

    ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရမှု၊ မောင်းထုတ်ခံရမှုကို ကမ္ဘာက ပိုမိုအာရုံစိုက်လာပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ခိုလှုံနေရပါတယ်။ 

    စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မှုဟာ ရှေ့ပြေးအနေနဲ့ ရိုဟင်ဂျာ ၁၂၀၀ လောက်ကို နေရပ်ပြန်ခေါ်ဖို့ ဖြစ်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ လက်ထောက်ကော်မရှင်နာ ရှမ်စ် အွဒ် ဒူဇာက အဖွဲ့၀င် ၁၄ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဥ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက်ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    နိုင်ငံတကာရဲ့ ၀ေဖန်ပြစ်တင်မှုကို လျှော့ချလိုတဲ့အတွက် အဆက်ဆက် မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် မူလ ပိုင်ဆိုင်ခဲ့တဲ့ နေရပ်ကို ပြန်ပို့တာမျိုးမဟုတ်ဘဲ ဒုက္ခသည်စခန်းတည်ဆောက်ကာ ထားရှိတာ ဖြစ်ပါတယ်။ 

    Ref: CNA