ဇွန် ၃၀၊ ၂၀၂၃
M-Media
-၁၂ နှစ်တာ ဆီးရီးယားပြည်တွင်းစစ်မှာ ပျောက်ဆုံးသွားတဲ့ လူပေါင်း ၁၃၀၀၀၀ ကျော်ရဲ့ ကံကြမ္မာကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကုလ အထွေထွေညီလာခံက လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။
အဖွဲ့ဖွဲ့ဖို့ မနေ့က မဲခွဲရာမှာ ၈၃ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး၊ ၁၁ နိုင်ငံက ကန့်ကွက်မဲပေးကာ ၆၂ နိုင်ငံက ကြားနေခဲ့ပါတယ်။ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစု၀င်တွေက ဒီကိစ္စကို ဖြေရှင်းဖို့ တောင်းဆိုရာကနေ ကုလမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ ဆီးရီးယားအစိုးရ၊ ရုရှား၊ တရုတ်၊ ဘယ်လာရုဇ်၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ အီရန်တို့ ပါ၀င်ပါတယ်။
အခုအဖွဲ့မှာ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုတွေပါ ကိုယ်စားပြု ပါ၀င်မှာဖြစ်ပြီး မျှတရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ အချက်အလက် လုံခြုံမှုရှိရေး စတဲ့ မူတွေအပေါ်မှာ အခြေခံ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ဟာ ရက်ပေါင်း ၈၀ အတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေကို ရေးဆွဲတင်ပြမှာ ဖြစ်ပါတယ်။
ကုလဆိုင်ရာ ဆီးရီးယားသံအမတ် ဘာဆမ် ဆဘ်ဘာက ဒီအဖွဲ့ ဖွဲ့စည်းတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါ၀င်နေပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားအပေါ် ရန်လိုတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ အာဏာရှင်အာဆတ်ကို ဆန့်ကျင်တဲ့ ပြည်သူ့ ဆန္ဒပြမှုကနေ ဆီးရီးယားမှာ ပြည်တွင်းစစ်မီး တောက်လာခဲ့တာဖြစ်ပြီး အနည်းဆုံး လူသန်း၀က်လောက် သေဆုံးကာ ၂၃ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
Ref: Aljazeera
Comments