News @ M-Media

Blog

  • အလုပ်ခန့်ရာ၌ လူမျိုးဘာသာခွဲခြားပါက အပြစ်ပေးခံရမည်ဟု ဒူဘိုင်းသတိပေး

    အလုပ်ခန့်ရာ၌ လူမျိုးဘာသာခွဲခြားပါက အပြစ်ပေးခံရမည်ဟု ဒူဘိုင်းသတိပေး

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)တွင် အလုပ်ခန့်အပ်ရာ၌ ခွဲခြားဆက်ဆံမှုများ တွေ့ရှိပါက အလုပ်ရှင်များမှာ ဒီရ်ဟမ် ၂ သန်း အထိ ဒဏ်ငွေရိုက်ခံရမည်ဟု ဒူဘိုင်းရှေ့နေတစ်ဦးက သတိပေးလိုက်သည်။

    ဒူဘိုင်းရှိ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အချိန်ပိုင်းအလုပ် ရှာဖွေသူများကို ခွဲခြားဆက်ဆံမှု ရှိသည်ဟု သတင်းများ ထွက်လာပြီးနောက်ပိုင်း Stephenson Harwood Middle East မှ အကြီးတန်းရှေ့နေ ရှာရစ်ဖ် စီသီက ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

    ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော ယူအေအီးနိုင်ငံ၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေအရ ချိုးဖောက်သူကို ထောင်ဒဏ် အနည်းဆုံး ၆ လမှ အများဆုံး ၁၀ နှစ်အထိ၊ ဒဏ်ငွေ ဒီရ်ဟမ် ငါးသောင်းမှ ၂ သန်းအထိ ချမှတ်နိုင်သည်ကို ၎င်းက ထောက်ပြခဲ့သည်။

    အလုပ်လျှောက်ထားသူများက ၎င်းတို့၏ ဇာတိနိုင်ငံကြောင့် သို့မဟုတ် ဟီဂျဘ် ခေါင်းဆောင်းပုဝါ ၀တ်ဆင်ထားခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းခံရသည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

    အချို့ မားကတ်တင်းလုပ်ငန်းများက ဆိုရှယ်မီဒီယာတွင် အလုပ်သမားခေါ်ယူရာ၌ အချို့နိုင်ငံသားများသာ လျှောက်ထားရမည် သို့မဟုတ် ထိုအလုပ်အတွက်ကိုပင် လူမျိုးကိုလိုက်၍ လုပ်ခလျှော့ပေးမည်ဆိုသည့် ကြော်ငြာများကို ပြောင်ပြောင်တင်တင်း ဖော်ပြထားသည်ဟုလည်း ၎င်းတို့က ထောက်ပြခဲ့ကြသည်။

    ဒူဘိုင်းတွင် အရောင်းမြှင့်တင်ရေးလုပ်ငန်းများမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသည့် နိုင်ငံခြားကျောင်းသားများအကြားတွင် ရေပန်းစားသည့် အလုပ်မျိုးဖြစ်ပြီး အလုပ်ရှင်တစ်ဦးက ၎င်းတို့၏ ရွေးချယ်မှုမှာ လူမျိုးကို ကြည့်ခြင်းမဟုတ်ဘဲ ရုပ်ရည်ကိုကြည့်ခြင်းဖြစ်ကြောင်း၊ လုပ်ခလစာကို မည်သူမဆို တူညီစွာ ရရှိကြောင်း ပြော
    ကြားခဲ့သည်။

    အခြား အရှောင်းမြှင်တင်ရေးသမားတစ်ဦးကမူ မြေပြင်တွင် လာရောက်သည့်နိုင်ငံ မတူညီသောကြောင့် လုပ်ခလစာ ကွဲပြားမှုများ အမှန်တကယ်ရှိနေကြောင်း ၀န်ခံပြောကြားခဲ့သည်။

    Ref : Khaleejtimes

  • ဘေဂျင်းသို့ရောက်လာသည့် ထရမ့်ကို ခမ်းခမ်းနားနားဧည့်ခံရန် တရုတ်စီစဉ်ထား

    ဘေဂျင်းသို့ရောက်လာသည့် ထရမ့်ကို ခမ်းခမ်းနားနားဧည့်ခံရန် တရုတ်စီစဉ်ထား

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ယနေ့တွင် တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်သွယ်ရေးနှင့် မြောက်ကိုရီးယားအရေး အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေသည်။

    ဘေဂျင်းတို့ ရောက်ရှိလာသည့် ထရမ့်နှင့် ဇနီးကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့က တရုတ်ဧကရာဇ် နန်းတော်ဟောင်းတွင် လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့သည်။

    မနက်ဖြန်တွင် ခေါင်းဆောင်နှစ်ဦးမှာ တစ်နေ့လုံး ဆွေးနွေးမှုများ ပြုလုပ်ကာ တရုတ်၏ မဟာမိတ်ဖြစ်သော မြောက်ကိုရီးယားအကြောင်းကို အဓိကထားဖွယ် ရှိနေသည်။

    ကုန်သွယ်ရေးတွင် တရုတ်ကို ၉၀ ရာခိုင်နှုန်း မှီခိုနေရသည့် မြောက်ကိုရီးယားကို တရုတ်က ချုပ်ကိုင်နိုင်သည်ဟု ထရမ့်အစိုးရက ရှုမြင်နေသည်။

    ထရမ့်မှာ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲဖြစ် ရှီ ပြန်လည်အရွေးခံရမှုကို Twitter စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့ပြီး နိုင်ငံရေးကျွမ်းကျင်သူများက တရုတ်နှင့် မြောက်ကိုရီးယားကိစ္စ၊ ကုန်သွယ်ရေးကိစ္စများကို အခြေအတင် ပြောဆိုရန်ရှိနေသဖြင့် လေချိုသွေးခြင်းဖြစ်ည်ဟု သုံးသပ်ခဲ့သည်။

    တရုတ်အစိုးရက ထရမ့်၏ လည်ပတ်မှုအတွင်း အော်ပရာ၊ စားပွဲကြီးများနှင့် အခြားအစီအစဉ်များဖြင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဧည့်ခံရန် ပြင်ဆင်ထားသည်။

    Ref: CNA

  • ရုရှားနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ထရမ့် မဲဆွယ်ရေးအကြံပေး ၀န်ခံ

    ရုရှားနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ထရမ့် မဲဆွယ်ရေးအကြံပေး ၀န်ခံ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – ဒေါ်နယ်ထရမ့်၏ သမ္မတလောင်းမဲဆွယ်ရေးအစီအစဉ်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယအကြံပေးက ယမန်နှစ်က ရွေးကောက်ပွဲအတွင်း ရုရှားအရာရှိများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ပြီး မဲဆွယ်ကာလအတွင်း ရုရှားသို့ ထရမ့်သွားရန် အကြံပြုခဲ့ကြောင်း ၀န်ခံပြောကြားလိုက်သည်။

    ဘဏ်လုပ်ငန်းရှင်းဟောင်းတစ်ဦးဖြစ်ပြီး ရုရှားကျွမ်းကျင်သူ Carter Page က ၎င်းအနေနှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လက မော်စကိုသို့သွားစဉ် ရုရှားဒုဝန်ကြီးချုပ် Arkady Dvorkovick နှင့် အကျမ်းဖျဉ်း တွေ့ဆုံခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီသို့ ပြောပြခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်သည့် ၎င်း၏ သက်သေခံချက်များတွင် တွေ့ရှိရသည်။

    ဒေါ်နယ်ထရမ့် ရုရှားသို့သွား၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမိန့်ခွန်းပြောရန်ကိစ္စကို ၂၀၁၆ ခုနှစ် မေလတွင် စီစဉ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုအချိန်မှာ ထရမ့်၏ အခြား နိုင်ငံခြားရေးအကြံပေး George Papadopoulos က ထရမ့်အား မော်စကိုသို့ သွားရောက်ရန် အကြံပြုခဲ့သည်ဟု ပြီးခဲ့သည့်တစ်ပတ် တရားရုံးတွင် ထွက်ဆိုခဲ့သည့် လနှင့်လည်း တူညီနေသည်။

    ထရမ့်အဖွဲ့က ၂၀၁၆ ခုနှစ် ယင်းမဲဆွယ်စည်းရုံးပွဲ၌ ဟီလာရီကလင်တန်ကို အနိုင်ယူရန် ရုရှား၏ အကူအညီဖြင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိ၊ မရှိကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီများမှာ တရားရေးဌာနနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

    ပြီးခဲ့သည့် ကြာသပတေးနေ့က တံခါးပိတ်ကြားနာမှုတစ်ခုတွင် Page က ၎င်းသည် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့၌ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့ပြီး ထရမ့်နှင့် တိုက်ရိုက်၊ တွေ့ဆုံစကားပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း ရုရှားနှင့် မလျော်ကန်သော ဆက်သွယ်မှု မလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သို့သော် ဇူလိုင်လနှင့် ဒီဇင်ဘာလ ရုရှားသို့သွားရောက်စဉ်က ဒုဝန်ကြီးချုပ်နှင့် အခြားအရာရှိကြီးများ၊ စီးပွားရေးသမားများ၊ ပညာရှင်အကြီးအကဲများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

    ထရမ့်၏ မဲဆွယ်ရေးအကြီးအကဲဟောင်း ပေါလ် မာနာဖို့မှာ ယခုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုအတွင်း ငွေကြေးခ၀ါချမှု၌ ပူးပေါင်းကြံစည်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် နေအိမ်အကျယ်ချုပ် ချခံထားရသည်။

    Ref : Arab News

  • သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    သက်ကြားအိုများအား အယုံသွင်း၍ ငွေကြေးယူပြီး သတ်ဖြတ်သူ အမျိုးသမီးကို ဂျပန်က သေဒဏ်ချမှတ်

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – သက်ကြားအို ရည်စားများကို ဆိုင်ယာနိုက်အဆိပ်ခတ်၍ အသက်သေအောင်ပြုလုပ်ပြီး အမွေနှင့် အာမခံများထုတ်၍ ငွေသန်းပေါင်းများစွာရယူခဲ့သူ အမျိုးသမီးကို ဂျပန်က ယမန်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၇၀ အရွယ် ချီဆာကို ကာကီဟီဖြစ်ပြီး ‘ဒုစရိုက်မုဆိုးမ’ ဟု နာမည်ကျော်သည့်သူမကို ခင်ပွန်းသည်အပါအ၀င် အမျိုးသား ၃ ဦးကို သတ်ဖြတ်မှု၊ အခြားသူများကို သတ်ဖြတ်ရန် ကြိုးစားမှုတို့ဖြင့် တိုကျို ခရိုင်တရားရုံးက ကြိုးပေးသတ်ရန် အမိန့်ချခဲ့တာ တိုင်းပြည်ကို တုန်လှုပ်စေခဲ့သည့် အမှုကြီးတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။

    ကာကီဟီမှာ အသက်ကြီးကြီး အမျိုးသားများနှင့် ချစ်ရည်လူးပြီးနောက် အဆိပ်ခတ်သတ်မှုဖြင့် တိုင်းပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သံဝါသပြုပြီး ကိုယ့်အဖော်ကို ပြန်သတ်သော ပင့်ကူနှင့် နှိုင်းယှဉ်ခြင်း ခံခဲ့ရသည်။

    သူမ၏အမှုမှာ ၁၃၅ ရက် ကြာမြင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဂျပန်က ခုံသမာဓိအဖွဲ့နှင့် စစ်ဆေးသည့် စနစ်ကို စတင်ခဲ့ပြီးနာက်ပိုင်း ဒုတိမြောက် ရက်အကြာဆုံး စစ်ဆေးရသည့် အမှုဖြစ်သည်။

    တရားရုံးက ကာကီဟီမှာ ဒေါ်လာသန်းချီသည့် အသက်အာမခံကြေးကို သူမအမည်နှင့် ရရှိပြီးနောက်တွင် အဖော်အမျိုးသားများအား အဆိပ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    သူမမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထိုနည်းလမ်းဖြင့် ယန်း ၁ ဘီလီယံ (ကန်ဒေါ်လာ ၈.၈ သန်း) ရရှိခဲ့ပြီး နောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကွက်၌ အများအပြား ဆုံးရှုံးသွားခဲ့သည်။

    စုံတွဲများကို ချိန်းပေးသည့် ၀ဘ်ဆိုက်များမှတစ်ဆင့် ကြွယ်ဝပြီး ကလေးမရှိသော သက်ကြားအိုအမျိုးသားများ၊ နေမကောင်းသည့် အမျိုးသားများနှင့် ကာကီဟီက ဆက်သွယ်ကာ အယုံသွင်း သတ်ဖြတ်ခြင်းဖြစ်သည်။

    အမိန့်ချမှတ်သည့်အချိန်တွင် ကာကီဟီမှာ မည်သည့် တုန့်လှုပ်မှုမှ ပြသခဲ့ခြင်း မရှိပေ။

    Ref : CNA

  • လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာတဲ့အတွက် အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း (IMA) က ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး၊ စာသင်ကျောင်းတွေ ပိတ်ပစ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

    “ဒါဟာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပါ။ ဒါ့ကြောင့် လူတိုင်းဟာ အိမ်ထဲမှာ နေသင့်ပြီး အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေ မလုပ်ရပါဘူး” လို့ IMA ရဲ့ အကြီးအကဲ ဒေါက်တာ ခရစ်ရှန် ကူမားရ် အဂ္ဂါဝါလ်က ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့မနက်ပိုင်းမှာ အမေရိကန်သံရုံးရဲ့ လေထုညစ်ညမ်းမှု တိုင်းတာရေးစက်အရ အဆုတ်နဲ့ သွေးပတ်လမ်းကြောင်းမှာ ၀င်ရောက်နည်ထိုင်နိုင်တဲ့ အမှုန် PM 2.5 ရဲ့ အဆင့်ဟာ ဒေလီလေထုအတွင်း ၇၀၃ အထိ ရှိနေပြီး ဒါဟာ အန္တရာယ်ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေ့ရဲ့ သတ်မှတ်မှု ၃၀၀ ထက် ၂ ဆလောက် မြင့်တက်နေတာ ဖြစ်ပါတယ်။

    နေ့လည်ပိုင်းမှာ ၇၂၈ အထိရောက်ခဲ့ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ လူတစ်ယောက်တောင်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

    ဒေလီဝန်ကြီးချုပ်က မြို့တော်ဟာ ဓတ်ငွေ့ခန်းဖြစ်လာနေပြီလို့ သတိပေးခဲ့ပြီး ပတ်ဝန်းကျင်ပြည်နယ်တွေမှာ စိုက်ခင်းမီးရှို့တာတွေနဲ့ ပတ်သက်လို့ အဖြေတစ်ခု ရှာရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    IMA က ဒီလို လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုမိုအန္တရာယ်ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဆေးပညာဂျာနယ် Lancet က PM2.5 ကြောင့် တစ်နှစ်ကို အိန္ဒိယပြည်သူ သန်းဝက်လောက်ဟာ အချိန်မတိုင်ခင် သေဆုံးနေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera