News @ M-Media
Blog
  • တက္ကဆက်ဘုရားကျောင်း ပစ်ခတ်မှုမှာ စိတ်ကျန်းမာရေးပြဿနာဟု ထရမ့်ပြော
    တက္ကဆက်ဘုရားကျောင်း ပစ်ခတ်မှုမှာ စိတ်ကျန်းမာရေးပြဿနာဟု ထရမ့်ပြော
    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media
    သေနတ်သမား ဒီဗင် ပက်ထရစ်ကီလီ
    – ယမန်နေ့က တက္ကဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုမှာ သေနတ်ကိုင်ဆောင်မှုပြဿနာမဟုတ်ဘဲ စိတ်ကျန်းမာရေးပြဿနာဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
    “ကျွန်တော်တို့တိုင်းပြည်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာ တော်တော်များပါတယ်။ ဒါပေမယ့် ဒါဟာ သေနတ်ကိုင်ဆောင်မှု ပြဿနာမဟုတ်ပါဘူး” ဟု ဂျပန်သို့ရောက်ရှိနေသည့် ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာတွင် ရေး သားခဲ့သည်။
    ထို့ပြင် သေနတ်သမားမှာ စိတ်ဖောက်ပြန်သူဖြစ်ပြီး ယခုပစ်ခတ်မှုက စိတ်ကျန်းမာရေးပြဿနာ အမြင့်ဆုံးအဆင့် ရောက်နေမှုကို ဖော်ပြနေသည်ဟုလည်း ဆိုသည်။
    တောမြို့လေးဖြစ်သော ဆူသာလန်း စပရင်းရှိ First Baptist ဘုရားကျောင်း၌ နံနက် ၁၁ နာရီခန့် ၀တ်ပြုဆုတောင်းနေစဉ် အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အသက် ၂၆ နှစ်အရွယ် ဒီဗင် ပက်ထရစ်ကီလီဆိုသူက ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ အသက် ၅ နှစ်မှ ၇၁ နှစ်အရွယ်အထိ ရှိ
    ကြသည်။
    သေဆုံးသူများတွင် သင်းအုပ်ဆရာ၏ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။
    ပက်ထရစ်ကီလီမှာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဒေသခံများက လိုက်ဖမ်းရာ ကားဖြင့် ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် တိုက်ထားသောကား၌ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
    လက်ဗီးဂက်စ်တွင် သေနတ်သမားတစ်ဦးက ဂီတပွဲကြည့်ရှုနေသည့် လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၅၈ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီး တစ်လမပြည့်ခင် ပေါ်ပေါက်လာသည့် ယခုအဖြစ်အပျက်က အမေရိကန်နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်မှုပြဿနာနှင့်ပတ်သက်၍ ကန့်ကွက်မှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။
    သေနတ်ရာဇတ်ဝတ်မှုစောင့်ကြည့်အဖွဲ့ Mass Shooting Tracker က အမေရိကန်နိုင်ငံတွင် ပြီးခဲ့တဲ့လအတွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်မှု အနည်းဆုံး ၂၄ ခု ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်အတွင်း ၁၄၉၅ ခု ဖြစ်ခဲ့သည်ဟု ပြောကြားထားသည်။
    Ref: Aljazeera
  • ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း၏သား ရဟတ်ယာဉ်ပျက်ကျသေဆုံး
    ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း၏သား ရဟတ်ယာဉ်ပျက်ကျသေဆုံး
    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media
    သေဆုံးသွားခဲ့သည့် မင်းသား မန်ဆူရ် ဘင် မက်ရင်
    – ဆော်ဒီအာရေဗျနိုင်ငံ အဆီရ်ဒေသတွင် အစိုးရရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုအတွင်း ဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး မင်းသား မန်ဆူရ် ဘင် မက်ရင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
    မင်းသားနှင့်အတူ ဆော်ဒီအစိုးရအရာရှိများ လိုက်ပါကာ ဒေသအား ကောင်းကင်မှ ကြည့်ရှုစစ်ဆေးခဲ့သည့် အဆိုပါရဟတ်ယာဉ်မှာ ယမန်နေ့က ယီမင်နယ်စပ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။
    လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသူများ၏ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အတည်မပြုနိုင်သည့် သတင်းများက အသက်ရှင်သူ တစ်ဦးမှမရှိဟု ဆိုသည်။
    သေဆုံးသွားခဲ့သည့် မင်းသား မန်ဆူရ်မှာ အိမ်ရှေ့မင်းသားဟောင်း မက်ကရင်၏ ဘင် အဘ်ဒူလ်အဇစ်၏ သားဖြစ်သည်။ မက်ကရင် ဘင် အလ်ဒူလ်အဇစ်မှာ ၎င်း၏ ဖအေတူမအေကွဲ ညီဖြစ်သူ ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် ဘုရင်ဖြစ်လာပြီးနောက်ပိုင်း ချောင်ထိုးခံခဲ့ရသည်။
    Ref : BBC
  • တက္ကဆက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂၀ ကျော် သေဆုံး
    တက္ကဆက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂၀ ကျော် သေဆုံး
    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆူသာလန်းစပရင်းမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူတစ်ယောက်က မနေ့မှာ သေနတ်နဲ့ ၀င်ပစ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၆ ဦး သဆုံးခဲ့တယ်လို့ သိရပါတယ်။
    First Baptist ဘုရားကျောင်းမှာ မနက် ၁၁ နာရီ ၀တ်ပြုဆုတောင်းနေတဲ့အချိန် ဒီလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ခရိုင်ရဲမင်းကြီး ရောဘတ်မာဖီက သေနတ်သမားဟာ သေဆုံးသွားပြီလို့ ပြောကြားခဲ့ပါတယ်။
    အာဏာပိုင်တွေရဲ့ နောက်ပိုင်းထုတ်ပြန်မှုမှာ သံသယရှိသူ သေနတ်သမားကို ကားပေါ်မှာ သေဆုံးလျက်တွေ့ရပြီး သူ့ကိုယ်သူသတ်သေတာလား၊ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
    တိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်ကနေ ၇၂ နှစ်အရွယ်ကြားက လူ ၂၆ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးက ဘုရားကျောင်းအတွင်းထဲ၊ ၂ ဦးက အပြင်ဘက်နဲ့ တစ်ဦးက ဆေးရုံပို့နေစဉ် အသီးသီး သေဆုံးခဲ့တာဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ်ျ အဘော့တ်နဲ့ အခြား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    သေနတ်သမားရဲ့အမည်ကို အစိုးရက ထုတ်ပြန်ခြင်းမရှိသေးဘဲ ကျည်ကာအင်္ကျီနဲ့ အပေါ်အောက်အနက်ရောင်ဝတ်ဆင်ထားတဲ့ လူဖြူလူငယ်တစ်ဦးဖြစ်တယ်လို့သာ ဖော်ပြပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူလည်း အများအပြား ရှိခဲ့ပါတယ်။
    ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ဆူသာလန်းစပရင်းဟာ ဆန်အန်တိုနီယိုအပြင်ဘက် ၅၅ ကီလိုမီတာအကွာမှာရှိတဲ့ တောမြို့လေးတစ်မြို့ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့လက လက်စ်ဗီးဂက်စ်မှာ အသက် ၅၈ နှစ်အရွယ် စတီဖင် ပက်ဒေါ့က်ဆိုသူဟာ ဂီတပွဲလူအုပ်ထဲကို ရိုင်ဖယ်တွေနဲ့ ပစ်ခဲ့တာကြောင့် အနည်းဆုံး ၅၈ ဦးသေဆုံးပြီး လူ ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ပစ်ခတ်မှုလည်းဖြစ်ပါတယ်။ ပက်ဒေါ့က်ကလည်း သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။
    သေနတ်ရာဇတ်ဝတ်မှုစောင့်ကြည့်အဖွဲ့ Mass Shooting Tracker က အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်မှု အနည်းဆုံး ၂၄ ခု ဖြစ်ပွားခဲ့ပြီး၊ အခုနှစ်အတွင်းမှာ ၁၄၉၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
    Ref: Aljazeera
  • အီဂျစ်ပိရမစ်တွင် အခန်းဝှက်တွေ့ရှိခဲ့ပြီး ဖာရိုဘုရင်များအကြာင်း စိတ်ဝင်စားမှု မြင့်တက်ဖွယ်ရှိ
    အီဂျစ်ပိရမစ်တွင် အခန်းဝှက်တွေ့ရှိခဲ့ပြီး ဖာရိုဘုရင်များအကြာင်း စိတ်ဝင်စားမှု မြင့်တက်ဖွယ်ရှိ
    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media
    – အီဂျစ်နိုင်ငံ ဂီဇာရှိ မဟာပိရမစ်ကြီးတွင် အခန်းဝှက်တစ်ခုကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပြီး ၁၉ ရာစု နောက်ပိုင်းမှစ၍ ပထမဆုံး တွေ့ရှိမှုလည်းဖြစ်ကာ ဖာရိုဘုရင်များ၏ လျှို့ဝှက်ချက်များအကြောင်း စိတ်ဝင်စားမှု မြင့်တက်လာဖွယ် ရှိနေသည်။
    ကြာသာပတေးနေ့က Nature ဂျာနယ်တွင် ပါဝင်သော ဆောင်းပါတစ်ပုဒ်၌ မီတာ ၃၀ နက်သော အဆိုပါ အခန်းဝှက်မှာ ပိရမစ်၏ ဟောခန်းအပေါ်တွင် တည်ရှိနေပြီး၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုအခန်းထားရှိခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဖော်ပြခဲ့သည်။
    သိပ္ပံပညာရှင်များက cosmic-ray ရောင်ခြည်ဖြင့် အုတ်နံရံများကို ဖောက်ထွင်းကာ ပုံဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    ကိုင်ရိုမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် အဆိုပါ ဂီဇာမဟာရိပရစ်ကို ဘီစီ ၂၅၀၉ မှ ၂၄၈၃ ခုနှစ်အထိ အုပ်ချုပ်မင်းလုပ်ခဲ့သော ၄ ဆက်မြောက် ဖာရိုဘုရင် ခူဖူက တည်ဆောက်ထားခြင်းဖြစ်ပြီး ခူဖူပိရမစ်ဟုလည်းခေါ်သည်။
    ပိရမစ်အလယ်ရှိ ဟောခန်းကို လမ်းလျှောက်ဝင်ရောက်နိုင်သော လှိုင်ခေါင်းဖြင့် ဆက်သွယ်ထားပြီး ယခုတွေ့ရှိခဲ့သည့် အခန်းဝှက်မှာ အတွင်းလမ်းကြောင်းများနှင့် ဆက်စပ်မှုမရှိပေ။
    စူးစမ်းမှုတွေ ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များက ယခုတွေ့ရှိမှုမှာ ရှေးဟောင်းသမိုင်းဆိုင်ရာ ဖော်ထုတ်မှုနယ်ပယ်တွင် ခေတ်သစ် သိပ္ပံပညာ၏ အသုံးဝင်မှုကို မီးမောင်းထိုးပြခဲ့သည့် ဖောက်ထွက်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဂီဇာရှိ ပိရမစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အရင်က တည်ဆောက်ထားခဲ့ပြီး ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် ပိရမစ်ကြီးများဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုကိုလည်း ခံရသည့်နေရာဖြစ်သည်။
    အဆိုပါပိရမစ်များအား မည်ကဲ့သို့ တည်ဆောက်ခဲ့သလဲဆိုသည်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များအကြား ထင်မြင်ချက် ကွဲလွဲမှုများ ယန့အချိနအထိ ရှိနေသည်။
    Ref; Khaleejtimes
  • မြန်မာက ရိုဟင်ဂျာများကိုမောင်းထုတ်မှု ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည်ဟု ရှိခ်ဟာဆီနာပြော
    မြန်မာက ရိုဟင်ဂျာများကိုမောင်းထုတ်မှု ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည်ဟု ရှိခ်ဟာဆီနာပြော
    နိုဝင်ဘာ ၅၊ ၂၀၁၇
    M-Media
    – ရိုဟင်ဂျာတွေကို ဖိနှိပ်မှု ရပ်တန့်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အမြန်ဆုံးပြန်ခေါ်ရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ဓနသဟာယနိုင်ငံတွေကို တိုက်တွန်းဆော်သြလိုက်ပါတယ်။
    ဒီနေ့ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှာ ကျင်းပပြုလုပ်ခဲ့သည့် ၆၃ ကြိမ်မြောက် ဓနသဟာယနိုင်ငံများ၏ လွှတ်တော်အမတ်များ စုံညီအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဟာဆီနာက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာတွေကို ဒီလို မောင်းထုတ်တာဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုဖြစ်စေတယ်လို့လည်း သူမက ဆိုပါတယ်။
    “ရိုဟင်ဂျာပြဿနာကို ဦးပေးပြီးဆွေးနွေးဖို့၊ သူတို့ရဲ့ နိုင်ငံသားတွေကို ညှင်းပမ်းတာမျိုး ရပ်တန့်ရေးနဲ့ သူတို့ကို အမြန်ဆုံးပြန်ခေါ်ရေး မြန်မာနိုင်ငံကို ထိထိရောက်ရောက်ဖိအားပေးဖို့ အားလုံးကို ကျွန်မ တောင်းဆိုချင်ပါတယ်”
    ၁၉၇၈ ခုနှစ်နောက်ပိုင်း ၀င်ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၄ သိန်းလောက်ရှိပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှာ ၆၂၂၀၀၀ လောက် ထပ်မံဝင်ရောက်လာတယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    လတ်တလောဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မတည်ငြိမ်မှုအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံခြားမှာ ဆက်ဆံရေးတင်းမာမှုတစ်ချို့ ရှိခဲ့ပါတယ်။
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာနိုင်ငံက အဆင်သင့်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်ဖက်က ကြန့်ကြာမှုကြောင့် မစတင်နိုင်သေးတာဖြစ်ကြောင်း၊ နိုင်ငံတကာက ငွေကြေးအကူအညီတွေကို မျှော်နေတာလားဆိုတာ စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့စကားလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    Ref: BDNews 24