News @ M-Media

Blog

  • မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    မျက်မမြင် လမ်းလျောက်ပြိုင်ပွဲဝင်များ အား မွတ်စလင်မ် အဖွဲ့များမှ လက်ဆောင်များ ဝေဌ

    ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၆ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲတွင် (White Cane Day ) အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများ နှင့် မြန်မာမွတ်စလင်မ် အရပ်ဘက် အဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်များအတွက် လက်ဆောင်ပစ္စည်းများ ဝေငှ ခဲ့ကြောင်း သိရှိရသည်။

    ဓါတ်ပုံ- Thu Ya Zaw/Kyaw Htut

  • ထရမ့်ကိုတုန့်ပြန်သည့်အနေဖြင့် ကန်ဘီလျံနာက ပတ်ဝန်းကျင်ထိန်းသိမ်းရေး သန်း ၆၀ ကျော်လှူမည်

    ထရမ့်ကိုတုန့်ပြန်သည့်အနေဖြင့် ကန်ဘီလျံနာက ပတ်ဝန်းကျင်ထိန်းသိမ်းရေး သန်း ၆၀ ကျော်လှူမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန် ဘီလျံနာသူဌေးကြီး မိုက်ကယ် ဘလွန်းဘာ့ဂ်က ၎င်းအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများကို ဒေါ်လာ ၆၄ သန်း ပေးလှူမည်ဟု ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်ပြီး ရာသီဥတုဖောက်ပြန်မှု လျော့ချရေး အိုဘားမားအစိုးရ၏ ဆောင်ရွက်ချက်များကို ထရမ့်အစိုးရက ရုတ်သိမ်းမှုအား တုန့်ပြန်လိုက်ခြင်းြ
    ဖစ်သည်။

    ဒေါ်နယ်ထရမ့်သည် သန့်ရှင်းသော စွမ်းအင်စီမံကိန်း (CPP) အား ဖျက်သိမ်းမည်ဟု မဲဆွယ်ပွဲတွင် ကတိပြုခဲ့ပြီး သမ္မတဖြစ်လာသည့်အခါတွင် ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး ၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ကြောင်း ဇွန်လတွင် ကြေငြာခဲ့သည်။

    နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ဂ်က အဆိုပါလုပ်ရပ်ကို မှားယွင်းသောလုပ်ဆောင်ချက်ဟု သမုတ်ခဲ့ပြီး၊ ဓာတ်အားပေးစက်ရုံများကြောင့် ညစ်ညမ်းမှုကို ကန့်သတ်ရး လုပ်ဆောင်ရာတွင် တိုးတက်မှုများ ရရှိနေကြောင်း၊ အမေရိကန်၏ ဦးဆောင်မှု မပါဝင်သော်လည်း ထိုကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘလွန်းဘာ့ဂ်၏လှူဒါန်းမှုကို လက်ခံရရှိသည့်အဖွဲ့များတွင် Sierra Club ၏ Beyond Coal လှုပ်ရှားမှုအဖွဲ့လည်း ပါဝင်သည်။ အဆိုပါအဖွဲ့မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟောင်းများ ပိတ်ပစ်ရေးနှင့် အသစ်များ ထပ်မံမတည်ဆောက်ရေး တားဆီးရန်ဖြစ်သည်။

    Ref : englis.alarabiya.net

  • အင်္ဂလန်ရှိ စော်ကားခံ ဂျူးဘုရားကျောင်းကို မွတ်စလင်များ သွားရောက်အားပေးကာ စည်းလုံးကြောင်း ပြသ

    အင်္ဂလန်ရှိ စော်ကားခံ ဂျူးဘုရားကျောင်းကို မွတ်စလင်များ သွားရောက်အားပေးကာ စည်းလုံးကြောင်း ပြသ

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    ဂျူးဘုရားကျောင်း စော်ကားခံခဲ့ရသည့် ပုံရိပ်

     

    – အင်္ဂလန်နိုင်ငံ လိဒ်မြို့မှာ ဘာသာရေးခွဲခြား စော်ကားခံခဲ့ရတဲ့ ဂျူးဘုရားကျောင်းကို ဒေသခံ မွတ်စလင်တွေက သွားရောက်အားပေးနှစ်သိမ့်ခဲ့ကြပြီး လူနည်းစုအချင်းအချင်း ဒီလို ရိုင်းပင်း ကူညီမှုအတွက် အင်္ဂလန်ပြည်သူတွေက ချီးကျူးခဲ့ကြပါတယ်။

    Etz Chaim ဆိုတဲ့ ဂျူးဘုရားကျောင်း အပြင်ဘက်မှာ အခုတစ်ပတ်အင်္ဂါနေ့က နာဇီစင်္ကြာစတံဆိပ်နဲ့ ဂျူးဆန့်ကျင်ရေး စော်ကားတဲ့စာကြောင်းတွေ ရေးသားခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်က ဂျူးလူ့အဖွဲ့အစည်းကို တုန့်လှုပ်စေခဲ့ပါတယ်။

    ဒီလုပ်ရပ် ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ဒေသခံ မွတ်စလင်တွေက ပန်းစီတွေကိုယ်စီနဲ့ ဂျူးဘုရားကျောင်းကို သွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့ကြပြီး မွတ်စလင်တွေအနေနဲ့ ဂျူးတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ပါတယ်။

    “ခင်ဗျားတို့ရဲ့ ပန်းစည်းတွေ၊ အပြုအမူတွေက ကျွန်တော့်အတွက် တကယ့်ကို အားဖြစ်စေပါတယ်။ ကျွန်တော်တို့ ဒီလိုပဲ မြင်ချင်တာပါ။ ဂျူးလူ့အဖွဲ့အစည်းအနေနဲ့ မွတ်စလင်တွေသာမကဘဲ တစ်ခြားသော ဘာသာတရားတွေအထိပါ ဖြန့်ကျက်သင့်ပါတယ်။ နှစ်လိုဖွယ်မကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပေမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံး နှစ်ထောင်းအားရဖြစ်စေတဲ့ အားပေးထောက်ခံမှုမျိုး ရရှိခဲ့ပါတယ်” လို့ ဘုရားကျောင်းကို ပုံမှန် လာရောက်နေတဲ့ ဂျူးလူမျိုး ဟယ်ရီ ဘရောင်းက acebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒေသတွင်းမှာ အစ္စလာမ်ကြောက်ရောဂါ လျော့ကျရေး ဗြိတိသျှ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းမှု ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး ရည်ရွယ်လုပ်ဆောင်နေတဲ့ အကျိုးအမြတ်မယူတဲ့ Mend အဖွဲ့က ဒေသတွင်း မန်နေဂျာ အသက် ၃၆ နှစ်အရွယ် ရှာဟဘ် အီဒရစ် ဦးဆောင်ကာ ဂျူးလူအဖွဲ့အစည်းကို အားပေးတဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    “ဒီပုံတွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် တော်တော် စက်ဆုပ်သွားပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့မွတ်စလင်တွေ ကြုံတွေ့နေရတဲ့ ကိစ္စမျိုးလို ဖြစ်နေတာပါ။ ဒီလုပ်ရပ်ဟာ ဗလီတွေမှာ ခေါင်းခြုံပ၀ါပုံဆွဲပြီး ၀က်ခေါင်းလာထားတဲ့ လုပ်ရပ်မျိုးလိုပါပဲ” လို့ အီဒရစ်က ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာ လူတစ်ချို့ကိုစုပြီး ဂျူးဘုရားကျောင်းကိုသွားကာ ပန်းစည်းပေးပြီး အားပေးနှစ်သိမ့်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    “ဂျူးဘုရားကျောင်းကို မရောက်ဖူးတော့ တစ်ချို့တွေက တွန့်ဆုတ်ဆုတ်ဖြစ်နေတာပေါ့။ မွတ်စလင်တွေ အပြင်မှာရပ်နေတာကိုတွေ့ရင် သူတို့ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” လို့ အီဒရစ်က သူတို့ရဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

    သူတို့ကို ဂျူးဘုန်းကြီးနဲ့ ဂေါပကအဖွဲ့က နွေးထွေးစွာကြိုဆိုခဲ့ပြီး မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အတူတကွ ဘယ်လို မြှင့်တင်နိုင်မလဲဆိုတဲ့အကြောင်းကို မိနစ် ၄၀ လောက် ဆွေးနွေးခဲ့ကြကြောင်း၊ ဂျူးဘုန်းကြီးက သူတို့အနေနဲ့ အခြားဘာသာဝင်တွေ၊ သူတို့ဘုရားကျောင်းမှာ ဒီလို လာရောက်ပြုလုပ်သွားတဲ့ သူတွေနဲ့တောင်
    ဆက်ဆံရေးခိုင်မြဲဖို့ ဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ကြောင်း အီဒရစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မွတ်စလင်တွေရဲ့ ဒီလုပ်ရပ်ကို လိဒ်က လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့အဖွဲ့ Leeds Stand Up to Racism အပါအ၀င် အင်္ဂလန်ပြည်သူ တော်တော်များများက ချီးကျူးခဲ့ကြပါတယ်။

    ရဲတပ်ဖွဲ့က ဂျူးဘုရားကျောင်းမှာ ဒီလို စော်ကားတဲ့လုပ်ရပ်ကို အမုန်းရာဇ၀တ်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေကြောင်း၊ ဒေသတွင်းမှာ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

    ယူကေမှာ ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေဟာ ဒီနှစ်အတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ဇန်န၀ါရီလကနေ ဇွန်လအထိ ၇၆၇ ခုရှိကာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် များလာခဲ့တယ်လို့ Community Security Trust (CST) အဖွဲ့ရဲ့ စစ်တမ်းကောက်ယူမှုမှာ ဖော်ပြနေပါတယ်။

    Ref: Independent

  • မြောက်ကိုရီးယားကို စစ်တိုက်လျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု ကန်ကို နေတိုးသတိပေး

    မြောက်ကိုရီးယားကို စစ်တိုက်လျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု ကန်ကို နေတိုးသတိပေး

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားကိစ္စ စစ်ရေးဖြင့်ကြားဝင်လျှင် နောက်ဆက်တွဲထိခိုက်ပျက်စီးမှု ကြီးမားမည်ဟု နေတိုးအဖွဲ့ အကြီးအကဲ ဂျင် စတိုလ်တန်ဘာ့ဂ်က သောကြာနေ့တွင် သတိပေးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုးရီးယားအရေးတွင် သံတမန်နည်းအရ ညှိနှိုင်းစေ့စပ်မှု အလုပ်မဖြစ်တော့ဟူသည့် စကားကို တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    လာမည့်ရက်သတ္တပတ်အတွင်း တောင်ကိုးရီးယားနှင့် ဂျပန်သို့ လာရောက်လည်ပတ်မည့် စတိုလ်တန်ဘာ့ဂ်က အမေရိကန်အနေဖြင့် မိမိနိုင်ငံနှင့် မဟာမိတ်များကို ကာကွယ်ပိုင်ခွင့်ရှိသော်လည်း ယခုထက်ပိုမိုထိရောက်မည့် သံတမန်ရေးအားထုတ်မှုကို လုပ်ဆောင်သင့်ကြောင်း အဓိကထား ပြောကြားခဲ့သည်။

    “စစ်အင်အားအသုံးပြုဖြေရှင်းရင် နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှုကို ဘယ်သူမှ လိုလားမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်၊ ဒါကြောင့် ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်က ဘရပ်ဆဲလ်ရှိ နေတိုးဌာနချုပ်တွင် ပြုလုပ်သော အင်တာဗျူး၌ ဖြေကြားခဲ့သည်။

    ထရမ့်က အင်္ဂါနေ့တွင် အမျိုးသား လုံခြုံရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုးရီးယား၏ ထပ်ခါတလဲလဲ ပြုလုပ်နေသည့် နျူကလီယားနှင့် ဒုံးကျည်စမ်းသပ်မှုများအပေါ် တုံ့ပြန်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။

    အဆိုပါတွေ့ဆုံမှုမှာ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးမည်ဟု ပြီးခဲ့သည့်လတွင် ပြောကြားမှု၊ မြောက်ကိုရီးယားနှင့် နှစ်များစွာ သံတမန်ရေးအရ ဆွေးနွေးမှုမှာ အချည်းအနှီးဖြစ်နေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားမှုတို့နောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    Ref: CNA

  • အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အာက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ချုပ်ဆိုထားသည့် နျူသဘောတူညီချက်ကို ဖျက်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် ပါဝါမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြာကြားလိုက်သည်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို အီရန်က အပြည့်အ၀လိုက်နာခြင်း မရှိကြောင်း၊ စာချုပ်ဖျက်သိမ်းရန် လွှတ်တော်တွင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် မိုဂ်ဟီရီနီက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်မတို့လို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အတည်ဖြစ်နေဆဲ နျူသဘောတူညီချက်ကို ဖျက်သိမ်းတာမျိုးလုပ်လို့မရပါဘူး။ ဒီသဘောတူညီချက်က နှစ်ဦးတည်း သဘောတူညီချက်မျိုး မဟုတ်ဘူး။ နိုင်ငံတကာ သဘောတူညီချက်လည်းမဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုသဘောတူညီချက်မျိုးကို ဖျက်သိမ်းပိုင်ခွင့်ဟာ ဘယ်သမ္မတ၊ ဘယ်နိုင်ငံရဲ့ လက်ထဲမှာမှ မရှိပါဘူး။ အမေရိကန်သမ္မတဟာ ပါဝါတော်တော်များများရှိပေမယ့် ဒီတစ်ခုမှာတော့ သူပါဝါမရှိပါဘူး”

    ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဥရောပသမဂ္ဂတို့မှာ ယခုသဘောတူညီချက်တွင် ပါဝင်နေသောကြောင့် သဘောတူညီချက် ဆက်လက်အသက်ဝင်နေမည်ဖြစ်ပြီး၊ ထရမ့်၏မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း စကားပြောပြီးပြီဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်က ၎င်းတို့၏နျူလုပ်နိုင်စွမ်းကို လျှော့ချကာ အပြန်အလှန်အားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့မှု လျှော့ချပေးသည့် ဖယ်ရှားပေးသည့် အဆိုပါသဘောတူညီချက်ကို သမ္မတအိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

    သဘောတူညီချက်အား အီရန်က လိုက်နာခြင်း ရှိ၊ မရှိကို နိုင်ငံတကာနျူစွမ်းအင်အေဂျင်စီက ပုံမှန် စစ်ဆေးနေပြီး ယခုအချိန်အထိ မည်သည့်ချိုးဖောက်မှုမှ မရှိဟု ပြောကြားထားသည်။

    Ref: Aljazeera