News @ M-Media

ကမ္ဘာ့သေဆုံးသူ ၆ ဦးတွင် ၁ ဦးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်နေ

အောက်တိုဘာ ၂၁၊ ၂၀၁၇
M-Media

-၂၀၁၅ ခုနှစ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ လူဦးရေ ၉ သန်းအထိ သေဆုံးခဲ့ပြီး အားလုံးနီးပါးမှာ ၀င်ငွေနိမ့်သော၊ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများမှဖြစ်သည်ဟု ဆေးပညာဂျာနယ် The Lancet တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ဆိုမာလီယာနိုင်ငံတို့မှာ အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံများ ဖြစ်နေပြီး လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးသည့် စုစုပေါင်း အရေအတွက်၏ ၃ ပုံ ၂ ပုံ ရှိနေသည်။

ဘရူးနိုင်းနှင့် ဆွီဒင်နိုင်ငံတို့မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သေဆုံးမှု အရေအတွက် အနည်းဆုံးဖြစ်သည်။

သေဆုံးမှုအများစုမှာ ကူးစက်ရောဂါအမျိုးအစားမဟုတ်သည့် နှလုံးရောဂါ၊ လေဖြတ်နှင့် အဆုတ်ကင်ဆာ ရောဂါတို့ကြောင့် ဖြစ်သည်။

အန္တရာယ်အရှိဆုံး ညစ်ညမ်းမှုမှာ လေထုညစ်ညမ်းမှုဖြစ်ပြီး ထိုအကြောင်းအရင်းကြောင့် အချိန်မတိုင်မီသေဆုံးသူ ၆.၅ သန်း ရှိနေသည်။ အိမ်အတွင်း ထင်း၊ မီးသွေးတို့ဖြင့် မီးမွှေးခြင်း၊ အပြင်ဘက်တွင် ဓာတ်ငွေ့နှင့် အခြားအမှုန်များ ပြန့်နှံ့နေခြင်းတို့ကြောင့် လေထုညစ်ညမ်းခြင်း ဖြစ်သည်။

ဒုတိယအန္တရာယ်အများဆုံး ညစ်ညမ်းမှုမှာ ရေညစ်ညမ်းမှုဖြစ်ပြီး ထိုအကြောင်းအရင်းကြောင့် လူဦးရေ ၁.၈ သန်းသေဆုံးခဲ့သည်။ လုပ်ငန်းခွင်ညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ သေဆုံးမှု ၈၀၀၀၀၀ ခန့် ရှိပြီဖြစ်သည်။

သေဆုံးမှု ၉၂ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေသော နိုင်ငံများတွင်ဖြစ်ပြီး အိန္ဒိယကဲ့သို့ စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည့် နိုင်ငံများတွင်ပါ ညစ်ညမ်းမှုဒဏ်ကို အကြီးမားဆုံး ခံစားရလေ့ရှိသည်။

အိန္ဒိယသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သေဆုံးမှုစာရင်း၌ အဆင့် ၅တွင် ရှိပြီး တရုတ်မှာ အဆင့် ၁၆ တွင် ရပ်တည်နေသည်။

Ref : BBC