News @ M-Media

Blog

  • ကိုဖီအန်နန်ပါဝင်မည့် ရခိုင်အရေး ကုလတံခါးပိတ်အစည်းအဝေး မနက်ဖြန်ကျင်းပမည်

    ကိုဖီအန်နန်ပါဝင်မည့် ရခိုင်အရေး ကုလတံခါးပိတ်အစည်းအဝေး မနက်ဖြန်ကျင်းပမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – မြန်မာအရေးနဲ့ပတ်သက်ပြီး သောကြာနေ့မှာ လုံခြုံရေးကောင်စီက ကြားဖြတ် တံခါးပိတ်အစည်းအဝေးတစ်ခုလုပ်ဖို့ ရှိနေပြီး ရခိုင်အကြံပေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူကာ အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့တဲ့ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်တက်ရောက်ရှင်းလင်းဖို့ ရှိတယ်လို့ သံတမန်အသိုင်းအ၀ိုင်းက ပြော
    ကြားလိုက်ပါတယ်။

    ကုလရဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူ ဂျက်ဖရီ ဖဲလ်တ်မန်ဟာလည်း သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး ၄ ရက်တာခရီးစဉ်မှာ ရခိုင်ပြည်နယ်က ကိစ္စတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။

    “ဒီ လတ်တလောပြဿနာကို ဖြေရှင်းဖို့အတွက် မစ္စတာ ဖဲလ်တ်မန်ဟာ မြန်မာနိုင်ငံမှာ ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်” လို့ ကုလ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့၊ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အကူအညီတွေ ၀င်ရောက်ခွင့်ပေးဖို့၊ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လုံခြုံစွာ နေရပ်ပြန်ခွင့်ပေးဖို့တွက် မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

    ကိုဖီအန်နန်ဟာ သြဂုတ်လနှောင်းပိုင်းက ရခိုင်ကော်မရှင် နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်းရေး အလျင်အမြန်ဆောင်ရွက်ဖို့အတွက် မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ကိုဖီအန်နန်ပါဝင်မယ့် မနက်ဖြန် ကြားဖြတ် အစည်းအဝေးကို ပြင်သစ်နဲ့ ဗြိတိန်တို့က တောင်းဆိုခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ကိစ္စကို တုန့်ပြန်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ကထွက်လာတဲ့ ကုလလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်စလင်တွေ ထွက်ပြေးသွားပြီး ပြန်မလာနိုင်အောင် စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဗြိတိန်ဟာ လုံခြုံရေးကောင်စီနဲ့ ပူးတွဲလုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံမှာ အကျိုးစီးပွားတွေရှိနေတဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေရတာကြောင့် နှေးကွေးနေတယ်လို့ သံတမန်တွေက ပြောကြားခဲ့ပါတယ်။

    မနက်ဖြန်ပြုလုပ်မယ့် လုံခြုံရေးကောင်စီအစည်းအဝေးဟာ တံခါးပိတ်အစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်အားလုံးနဲ့၊ ဒေသတွင်းနိုင်ငံတစ်ချို့၊ အဖွဲ့အစည်းတစ်ချို့ကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

    Ref: AFP

  • ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရက်ပ်အဆိုတော် အီမီနမ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လူမျိုးရေးခွဲခြားသူဟုလည်းကောင်း၊ အသုံးမကျသည့် ခေါင်းဆောင်တစ်ဦးဟု သီချင်းစာသားတွင် ထည့်သွင်းဝေဖန်လိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က BET ဟစ်ဟော့ဆုပေးပွဲတွင် ထုတ်လွှင့်ခဲ့သည့် ရက်ပ်ဗီဒီယိုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပရိတ်သတ်များအနေဖြင့် ထရမ့်နှင့် မိမိ မည်သူ့ကို ထောက်ခံမည်လဲဟု မေးခွန်းထုတ်ခဲ့သည်။

    “သူအရမ်းတော်တဲ့နေရာကတော့ လူမျိုးရေးခွဲခြားတဲ့ နေရာပါ” ဟု အီမီနမ်က သီချင်းစာသားတွင် ထည့်ဆိုသွားခဲ့သည်။

    လူမျိုးခွဲခြားရေးသမားဟု စွပ်စွဲခံရမှုများကို ထရမ့်က ယခင်ကတည်းက ငြင်းဆိုထားပြီး၊ ၎င်းမှာ အောက်ဆုံး လူမျိုးရေးခွဲခြားရေးသမားဟု ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    အိမ်ဖြူတော်တာဝန်ရှိသူများက အီမီနမ်၏ အဆိုပါ ရက်ပ်သီချင်းနှင့်ပက်သက်၍ တုန့်ပြန်ခြင်း မရှိသေးပေ။ ယင်းဗီဒီယိုသည် Youtube တွင် လူကြည့်အများဆုံး ဗီဒီယိုတစ်ခု ဖြစ်ခဲ့သည်။

    ယင်းရက်ပ်သီချင်း၌ သမ္မတဟောင်း ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်တို့ကိုလည်း ထည့်သွင်းသီဆိုခဲ့သည်။

    National Football League ကစားသမားများ ပွဲမတိုင်ခင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဒူးထောက်မှုအတွက် ထရမ့်၏ ဝေဖန်ပြောကြားမှုကိုလည်း အီမီနမ်က သရော်ခဲ့သည်။ ထိုဒူးထောက်မှုမှာ လူမည်းများကို အကြမ်းဖက်ခဲ့သည့် ရဲများအား ဆန့်ကျင်ကြောင်း အသံတိတ်ဖော်ပြမှုဖြစ်သည်။

    Ref : CNA

  • ဘတ်စ်ကားဆိုဖာခုံတွင် သွားကြားထိုးတံစိုက်သည့် စင်ကာပူအမျိုးသား ထောင်ကျဖွယ်ရှိ

    ဘတ်စ်ကားဆိုဖာခုံတွင် သွားကြားထိုးတံစိုက်သည့် စင်ကာပူအမျိုးသား ထောင်ကျဖွယ်ရှိ

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – အများပြည်သူသုံး ဘတ်စ်ကားထိုင်ခုံများတွင် သွားကြားထိုးတံများ ထိုးစိုက်ခဲ့သည့် အသက် ၆၀ အရွယ်ရှိသူအမျိုးသားကို စင်ကာပူအာဏာပိုင်များက တရားစွဲဆိုခဲ့ပြီး ၎င်းကလည်း မလျော်ကန်သည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု ယမန်နေ့တွင် ၀န်ခံခဲ့သည်။

    Lim Lye Seng ဆိုသူဖြစ်ပြီး ခရိုင်တရားရုံးတစ်ခု၌ အဆိုပါပြစ်မှုကို ၀န်ခံခဲ့ကာ ရှေ့နေများက ထောင်ဒဏ်ချမှတ်ရန် အလိုရှိနေသော်လည်း ကာယကံရှင်က ဒဏ်ငွေပြစ်ဒဏ်ချမှတ်ရန်သာ တောင်းဆိုခဲ့သည်။ ထိုကဲ့သို့ မလျော်ကန်သော ဆောင်ရွက်မှုအတွက် စင်ကာပူတွင် အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်သည်။

    Lim က ၎င်းမှာ ကလေးနှစ်ယောက်နှင့် သက်ကြီးရွယ်အိုမိဘများကို ထောက်ပံ့နေရသူဖြစ်သည့်အတွက် ထောင်ဒဏ်မချမှတ်ရန် လျှောက်လဲခဲ့သည်။

    ၎င်းမှာ ဇူလိုင်နှင့် သြဂုတ်လအတွင်း လေးကြိမ်တိုင် ဘတ်စ်ကားခုံများတွင် သွားကြားထိုးတံများ ထိုးစိုက်ခဲ့ပြီး ဤသို့ပြုလုပ်ရခြင်းမှာ ပျင်း၍ ဟာသအနေနှင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

    ဘတ်စ်ကားထိုင်ခုံတစ်ခုပေါ်တွင် သွားကြားထိုးတံ သုံးကျောင်း ထိုးစိုက်ထားသည့် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက တင်လိုက်ရာမှ ပျံ့နှံ့သွားပြီး လူသိများလာခဲ့ခြင်း ဖြစ်သည်။

    ယင်းအမှုကို နိုဝင်ဘာလတွင် စီရင်ချက်ချမည် ဖြစ်သည်။

    Ref; CNA

  • အသက်မပြည့်သောဇနီးနှင့် သံဝါသပြုခြင်းကို အဓမ္မကျင့်မှုအဖြစ် အိန္ဒိယသတ်မှတ်

    အသက်မပြည့်သောဇနီးနှင့် သံဝါသပြုခြင်းကို အဓမ္မကျင့်မှုအဖြစ် အိန္ဒိယသတ်မှတ်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိသူ ဇနီးသည်နှင့် သံဝါသမှုပြုပါက အဓမ္မပြုကျင့်သည့် ရာဇ၀တ်မှုမြောက်ကြောင်း အိန္ဒိယတရားရုံးချုပ်က ယမန်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

    အဓမ္မပြုကျင့်မှုဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်၍ အသက်မပြည့်သောဇနီးသည်နှင့် မေထုံပြုလျှင် အိန္ဒိယပြစ်မှုဆိုင်ရာဥပဒေအရ တရားမ၀င်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး နိုင်ငံ၏ သမိုင်းဝင်ပြဌာန်းမှုလည်းဖြစ်သည်။

    ဇနီးသည်အနေနှင့် ကျူးလွန်ခံရသည့် တစ်နှစ်အတွင်း လင်ယောင်္ကျားဖြစ်သူကို တရားလိုပြု စွဲဆိုရမည်ဖြစ်သည်။

    ဥပဒေပြဌာန်းသည့်နေ့မှစ၍ နောက်ပိုင်း လက်ထက်ထိမ်းမြားမှုများတွင် အဆိုပါပြဌာန်းမှု ချက်ခြင်း အကျုံးဝင်မည်ဖြစ်သော်လည်း ယခင်ထိမ်းမြားထားသည့် စုံတွဲများအပေါ် သက်ရောက်မည်မဟုတ်ပေ။

    အိန္ဒိယနိုင်ငံတွင် တရားဝင် အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်မှာ ၁၈ နှစ်ဟု သတ်မှတ်ထားသော်လည်း အသက်မပြည့်ဘဲ လက်ထက်ထိမ်းမြားမှုများကို မကြာခဏတွေ့ရလေ့ရှိပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အတွေ့ရများတတ်သည်။

    အရွယ်မရောက်သေးသည့် ကလေးငယ်များ လိင်စော်ကားခံရမှု ကာကွယ်သည့် အက်ဥပဒေ (POCSO) အရ အသက် ၁၈ နှစ်အောက်ရှိသူနှင့် လိင်ဆက်ဆံလျှင် အဓမ္မမှုမြောက်ကြောင်း သတ်မှတ်ထားသည်။ သို့သော်လည်း အမျိုးသမီးအနေဖြင့် အသက် ၁၅ နှစ်ကျော်ပြီး နှစ်ဦးသဘောတူသံဝါသပြုလျှင်မှု မုဒိမ်းမှုမမြောက်ဟု
    ခြွင်းချက်ပြုထားသည်။

    သို့သော်လည်း NGO အဖွဲ့ Independent Thought ၏ အသနားခံစာတင်မှုကို ကြားနာပြီးနောက် ဗုဒ္ဓဟူးနေ့က တရားရုံးချုပ်မှာ နှစ်ဦးသဘောတူ သံဝါသပြုမှု အသက်အရွယ်ကို ၁၈ နှစ်အထိ သတ်မှတ်ပေးခဲ့သည်။

    အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကမူ အဆိုပါပြဌာန်းချက်အပေါ် ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲရေးခြေတစ်လှမ်းတစ်လှမ်းဖြစ်ပြီး အရွယ်မရောက်မီ လက်ထက်ထိမ်းမြားခြင်းကို ကာကွယ်လာနိုင်မည်ဟု ချီးကျူးပြောဆိုခဲ့ကြသည်။

    Ref : Aljazeera