အောက်တိုဘာ ၁၂၊ ၂၀၁၇
M-Media
– အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိသူ ဇနီးသည်နှင့် သံဝါသမှုပြုပါက အဓမ္မပြုကျင့်သည့် ရာဇ၀တ်မှုမြောက်ကြောင်း အိန္ဒိယတရားရုံးချုပ်က ယမန်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။
အဓမ္မပြုကျင့်မှုဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်၍ အသက်မပြည့်သောဇနီးသည်နှင့် မေထုံပြုလျှင် အိန္ဒိယပြစ်မှုဆိုင်ရာဥပဒေအရ တရားမ၀င်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး နိုင်ငံ၏ သမိုင်းဝင်ပြဌာန်းမှုလည်းဖြစ်သည်။
ဇနီးသည်အနေနှင့် ကျူးလွန်ခံရသည့် တစ်နှစ်အတွင်း လင်ယောင်္ကျားဖြစ်သူကို တရားလိုပြု စွဲဆိုရမည်ဖြစ်သည်။
ဥပဒေပြဌာန်းသည့်နေ့မှစ၍ နောက်ပိုင်း လက်ထက်ထိမ်းမြားမှုများတွင် အဆိုပါပြဌာန်းမှု ချက်ခြင်း အကျုံးဝင်မည်ဖြစ်သော်လည်း ယခင်ထိမ်းမြားထားသည့် စုံတွဲများအပေါ် သက်ရောက်မည်မဟုတ်ပေ။
အိန္ဒိယနိုင်ငံတွင် တရားဝင် အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်မှာ ၁၈ နှစ်ဟု သတ်မှတ်ထားသော်လည်း အသက်မပြည့်ဘဲ လက်ထက်ထိမ်းမြားမှုများကို မကြာခဏတွေ့ရလေ့ရှိပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အတွေ့ရများတတ်သည်။
အရွယ်မရောက်သေးသည့် ကလေးငယ်များ လိင်စော်ကားခံရမှု ကာကွယ်သည့် အက်ဥပဒေ (POCSO) အရ အသက် ၁၈ နှစ်အောက်ရှိသူနှင့် လိင်ဆက်ဆံလျှင် အဓမ္မမှုမြောက်ကြောင်း သတ်မှတ်ထားသည်။ သို့သော်လည်း အမျိုးသမီးအနေဖြင့် အသက် ၁၅ နှစ်ကျော်ပြီး နှစ်ဦးသဘောတူသံဝါသပြုလျှင်မှု မုဒိမ်းမှုမမြောက်ဟု
ခြွင်းချက်ပြုထားသည်။
သို့သော်လည်း NGO အဖွဲ့ Independent Thought ၏ အသနားခံစာတင်မှုကို ကြားနာပြီးနောက် ဗုဒ္ဓဟူးနေ့က တရားရုံးချုပ်မှာ နှစ်ဦးသဘောတူ သံဝါသပြုမှု အသက်အရွယ်ကို ၁၈ နှစ်အထိ သတ်မှတ်ပေးခဲ့သည်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကမူ အဆိုပါပြဌာန်းချက်အပေါ် ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲရေးခြေတစ်လှမ်းတစ်လှမ်းဖြစ်ပြီး အရွယ်မရောက်မီ လက်ထက်ထိမ်းမြားခြင်းကို ကာကွယ်လာနိုင်မည်ဟု ချီးကျူးပြောဆိုခဲ့ကြသည်။
Ref : Aljazeera